Sunday, April 25, 2010

နတ်သမီးလေးတွေလိုချင်လျှင် ဒီဂါထာရွတ်



“သားရဟန်းဘုရား မွေးရပ်မြေဖြစ်တဲ့ ကပိလ၀တ္ထုကို ကြွရောက်၍ တရားဒေသနာတော် ချီးမြှင့်လှည့်ပါဦးဘုရား”

ရေမြေ့ရှင် ဖခင်ဘုရင် သုဒ္ဓေါဓနရဲ့ အမှာတော်။ ဘုရားရှင်သည်ကား ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်ကာလ၊ နောက်ပါ ရဟန္တာအများခြံရံလျှက် ကပိလ၀တ္ထုဘက်ကို လှည့်လည်ကြွ ချီတော်မူလေ၏။ ဆွေမျိုးများကို တရားရေအေးတိုက်ကျွေးပြီး၊ ဝေဿန္တရာ ဇာတ်တော်ကို ဟောကြားခြင်းဖြင့် ဖခင်ဘုရင်ကြီးကိုလဲ သောတာပန်မှသည် သကဒါဂါမ်အဆင့်ထိ ဖြစ်စေခဲ့လေ၏။ ဆွေမျိုး အများအားလည်း အမြိုက်တရား၏အရသာကို ခံစားစေလျှက်၊ ရာဟုလာ၏မယ်တော် ယသော်ဓရာကိုအကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော် ကိုလည်းဟောကြား တော်မူခဲ့၏။

တတိယမြောက်နေ့၊ ညီဝမ်းကွဲဖြစ်သော နန္ဒမင်းသား၏ မင်္ဂလာပွဲကား ချိမ့်ချိမ့်သည်း ကျင်းပနေချိန်၊ ဘုရားရှင် ကြွချီတော်မူကာ၊ ဆွမ်းခံခြင်းဖြင့် ချီးမြှင့်ပြီး သပိတ်ကို ညီတော် နန္ဒ၏လက်တွင်းသို့ အပ်နှင်းကာ ရှေ့တော်မှာ မည်သည့်စကားကိုမျှမဆိုပဲ ပြန်ကြွတော်မူ၏။ နန္ဒမင်းသားလည်း ချစ်ကြောက်ရိုသေရသော အကိုတော်ဖြစ်သည့်အတွက် မည်သည့် စောဒကမှ မတက်ဝံ့ပဲ နောက်တော်ပါးမှ ဘယ်နေရာမှာများ သပိတ်တော် ယူလိမ့်နိုးနိုးနဲ့ လိုက်ပါခဲ့ရ၏။ မင်္ဂလာမဏ္ဍပ်လွန်သော်လည်း အကြောင်းမထူးသေး၊ နန်းတော်တံခါးလွန်သော်လည်း လှမ်းယူမည့် အရိပ်အယောက်မမြင်။ ထိုစဉ် မင်းသမီး(ဇနီးလောင်း) ဇနပဒကလျာဏီရဲ့မှာတမ်းလေး “ အမြန်ပြန်လာပါ မောင်တော် ” တဲ့။ နန္ဒမင်းသားကြားလိုက်ရတယ်ဆိုရင်ပဲ ရင်ထဲမချိပြီ။

ဇေတ၀န်ကျောင်းတော်ကို ရောက်တဲ့အထိ ကြောက်ကြောက်နှင့် လိုက်ပါလာခဲ့ရလေ၏၊ “သူ့ကိုရဟန်းပြုပေးလိုက်” တဲ့ ဘုရားရှင် တစ်ချက်လွတ်အမိန့်တော်။ ဆွေးပြီ၊ မကျေနပ်၊ ပျော်လည်းမပျော်၊ သူ့စိတ်ထဲမှာ ပြည်တော်ပြန်ပြီး ဇနပဒကလျာဏီဆီကိုပဲ ပြေးသွားချင်စိတ်က ထိန်းလို့မရ၊ “အမြန်ပြန်လာပါ မောင်တော်” ဆိုတဲ့ အမှာစကားသံလေးကား နားစည်မှာ တရစ်ဝဲ၀ဲ ရိုက်ခတ်လို့။ တရားလည်းအားထုတ်လို့မရ၊ ဘ၀နှယ် ဆိုးလှပါလားဆိုတဲ့ စိတ်ကဖိစီးနေ၏။

ထိုအကြောင်းကို ဘုရားရှင်သိတော်မူတယ်ဆိုရင်ပဲ နောက်တော်မှလိုက်ခဲ့ဖို့ခေါ်ပြီး ရှေ့တော်မှ ကြွသွားတော်မူလေ၏။

ညီတော် နန္ဒ .. “ဟိုးသစ်ငုတ်ပေါ်ထိုင်နေတဲ့ မျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူပိုလှသလဲ” တဲ့။

“မေးရက်လိုက်တာနောင်တော်ဘုရား.. နှမတော် ဇနပဒကလျာဏီကို ဒီမျောက်အိုမကြီးနဲ့ နှိုင်းရက်လိုက်တာ၊ နှမတော်ဟာ အလှမှာ စံတင်လောက်သူပါဘုရား”
တဲ့ ခပ်ညစ်ညစ်နဲ့လျှောက်တင်လိုက်တယ်။

ကဲ ဒါဆိုရင်လည်း လိုက်ခဲ့ဦး ဆိုးပြီး။ တန်ခိုးတော်နဲ့ နတ်ပြည်ကို ခေါ်သွားလေ၏။ နတ်ပြည်မှာ နတ်သမီးလေးတွေက ဘုရားရှင်ရဲ့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ပေးရင်း ဖူးမျှော်ကြလေ၏။

“နတ်သမီးလေးတွေ မလှဘူးလား ညီတော် ”

“မှန်ပါ နတ်သမီးလေးတွေနဲ့ ယှဉ်လိုက်ရင် နှမတော် ဇနပဒကလျာဏီဟာ စောစောကတွေ့ခဲ့တဲ့ မျောက်အိုမကြီးနဲ့ တူပါတယ်ဘုရား”


“နတ်သမီးလေးတွေကို မလိုချင်ဘူးလား ညီတော်


“မှန်ပါ ဘုရား ရရင်တော့လိုချင်ပါတယ်ဘုရား”


ဒါဆိုရင်တော့ ဒီဂါထာလေးတွေကို ရွတ်၊ သင်နတ်သမီးလေးတွေကို ရလိမ့်မယ်ညီတော်”
လို့ မိန်တော်မူပြီး ဂါထာတော်များသင်ကြားပေးလိုက်၏။

ယထာ အဂါရံ ဒုစ္ဆန္နံ၊
ဝုဒ္ဓိ သမတိ ၀ိဇ္ဈတိ။
ဧ၀ံ အဘာဝိတ စိတ္တံ၊
ရာဂေါ သမတိ ၀ိဇ္ဈတိ။

ယထာ အဂါရံ သုစ္ဆန္နံ၊
ဝုဒ္ဓိ သမတိ ၀ိဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊
ရာဂေါ န သမတိ ၀ိဇ္ဈတိ။

ရွတ်ပြီ၊ နန္ဒမင်းသား၊ နားလည်တာမလည်တာ အပထား၊ နတ်သမီးလေးတွေရဖို့အရေး မနားမနေ ရွတ်၏။ နေ့စဉ်ရွတ်ပါများတော့ ရဟန်းတွေကတောင် ကဲ့ရဲ့ကြတယ်၊ ဘယ့်နဲ့ ဒီကိုယ်တော် နတ်သမီးတွေလိုချင်လို့ ဂါထာတော်တွေကို ရွတ်ဖတ်နေလိုက်တာ နားကိုမနားဘူးတဲ့။ သူဂရုမစိုက် တစိုက်မတ်မတ် ရွတ်ဖတ်လာရင်း၊ ဘုရားရှင်ရဲ့ ရည်ရွယ်ရင်းကို သိမြင်သဘောပေါက်သွားလေ၏။ အဓိပ္ပါယ်ကို သိလျှင်သိခြင်းပဲ နတ်သမီးတွေလဲ သူ့စိတ်ထဲမှာ မရှိတော့၊ သံယောဇဉ်ဆိုတာတွေကို တိခနဲသူဖြစ်ပစ်နိုင်လိုက်လေ၏။

အဓိပ္ပါယ်လေးက...

အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့၊ စိတ်ကို သမထ၊ ၀ိပဿနာဖြင့် ကောင်းစွားမပွားထုံအပ်သည်ရှိသော် ရာဂသည်ဖောက်ဝင်နိုင်၏။

အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော မိုးရေသည် မဖောင်ဝင်နိုင်သကဲ့သို့၊ စိတ်ကို သမထ၊ ၀ိပဿနာဖြင့် ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

နန္ဒမင်းသားကတော့ သဘောပေါက်သွားပြီ၊ ရှင်သစ္စာကတော့ သဘောမပေါက်သေး၍ နတ်သမီးရမဲ့ ဂါထာလေးများ ရွတ်ပွားနေမိသေး၏။


ယထာ အဂါရံ ဒုစ္ဆန္နံ၊
..........

ယထာ အဂါရံ သုစ္ဆန္နံ၊
............

No comments:

Post a Comment