Saturday, October 23, 2010

တရားပြဆရာ ဦးဒတ္တ



ဦးဒတ္တသည် ဘုရားဝတ်ပြု၊ တရားထိုင် စတဲ့ ကုသိုလ်ကောင်းမှုကို အချိန်မှန်မှန် ပြုလေရှိသူဖြစ်၏။ ဘုရားပန်းအိုး၊ သောက်တော်ရေ ကပ်တာကအစ ကိုယ်တိုင်ကိုယ်ကျ ပြုတတ်လေ၏။ ပရိတ်၊ ပဋ္ဌာန်းကိုလဲ အသံနေ အသံထားနဲ့ ရွတ်ဖတ်လေ့ရှိသူဖြစ်၏။

တစ်နေ့တော့ သူသီတင်းသုံးရာ ကျောင်းတိုက်သို့ လယ်တီတရားပြ ဆရာတစ်ယောက်ကို ပင့်ခေါ်ပြီး သင်္ကြန်တွင်း တရားပွဲလေးကျင်းပဖြစ်၏။ ကျောင်းရှိသံဃာများ ကမ္မဋ္ဌာန်းရစေရန် ရည်ရွယ်တဲ့ပွဲမို့ အကြီးအကျယ် မဟုတ်သော်လဲ နီးစပ်ရာ ဒကာဒကာမတို့လည်း စုပေါင်းအားထုတ်နိုင်၏။ ယောဂီ ဆယ့်ငါးယောက်ခန့်ဖြစ် ဆယ်ရက်စခန်းလေးကို အောင်မြင်စွာ ကျင်းပဖြစ်၏။

ယောဂီများထဲတွင် ဦးဒတ္တလဲ တစ်ပါးအပါအ၀င်ဖြစ်ပြီး နည်းနာကျကျဖြင့် တရားအားထုတ် လိုက်ရ၍ အတော်ပင် သဘောခွေ့ကာ နေလေ၏။ ထိုနေ့မှစ၍ တွေ့သည့်လူတိုင်းကိုလည်း တရားထိုင်ဘို့ချည်း တိုက်တွန်းတော့၏။ ကာလံဒေသံ ဆိုတာကို သိပ်မသိ၊ မပါးလေတော့ ကိုရင်လေးတွေ့လဲ တရားထိုင်ခိုင်း၊ ဒကာ ဒကာမတွေ့လဲ တရားထိုင်ဖို့ တိုက်တွန်းနဲ့ ဟန်ကျနေပေတော့၏။ သူကတော့ တရားအကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ ပြောဟောပေမဲ့ အများကတော့ သူ့ကိုတွေ့လျှင် ဝေးဝေးကပင်ရှောင်သွား တက်ကြလေတော့၏။ သူကတော့ ဇွဲမလျှော့ပေ ဟောစရာ၊ တိုက်တွန်းစရာ မတွေ့လျှင်လိုက်ရှာပြီး တိုက်တွန်းတတ်၊ တရားထိုင်ခိုင်းတတ်၏။

တစ်နေ့တော့ ကျောင်းမှာ အလုပ်လုပ်နေသော ပန်းရန်ဆရာတစ်ယောက်ကို တရားဟောရန် အကွက်ဆိုက် လေတော့၏။ အရင့် အရင်လဲ သူဟောပြောချက်ကို ထိုပန်းရန်ဆရာသည် အလူးအလဲခံဖူး၏။ ထိုနေ့တွင်တော့ အလုပ်ခွင်ထဲ ရောက်နေသောကြောင့် ထွက်မပြေးသာ။ လှိမ့်ခံရုံသာရှိသည်ဟု သဘောပိုက်၍ အလိုက်ထိုက် ပြန်ပြော၊ ပြန်လျှောက်မိတော့၏။ ဦးဒတ္တလည်း အကွက်ဝင်တုန်း တရားထိုင်ဖို့ ၀ါသနာအရင်းခံဖြစ် စည်းရုံး သိမ်းသွင်းလေတော့၏။

''ဒကာ ခင်းဗျာ အချိန်လဲရှိ၊ အရွယ်လဲရတုန်း တရားလေးအားထုတ်ပေါ့ဗျာ၊ ဒါမှ ကိုယ့်နောက်ပါမှာဗျ.."

''တင့်ပ တပည့်တော်လဲ သဘောပေါက်ပါတယ်ဘုရား၊ ဒါပေမဲ့ မိသားစု စားဝတ်နေရေးကလဲ ရှိ၊ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ တရားထိုင်ဖို့အချိန်မပေးနိုင်ဘူးဘုရား''

ဒကာသည် တော်တော်ညစ်ဟန်တူ၏။ အလုပ်လုပ်ရင်းမို့ အပေါ်စီးက ဖိဟောသမျှ ပြန်ပြောနေရလေ၏။

''ဟား ဒကာနဲ့ ခင်ဗျား ညဘက်ကောဗျာ၊ ညဘက်အားရင်ထိုင်လို့ရတာပေါ့ဗျ''

''အရှင်ဘုရားက ပြောတော့ လွယ်တယ်ဘုရား၊ တပည့်တော်က တစ်နေကုန် အလုပ်ကြမ်းလုပ်ရတယ် ညဘက် အလုပ်သိမ်းတော့ လူတစ်ကိုယ်လုံးကိုင်ရိုက် ထားသလိုဖြစ်ပြီး လှုပ်တောင် မလှုပ်ချင်အောင်ဖြစ်နေတာ ဘယ်လိုလုပ် တရားထိုင်လို့ရမလဲဘုရား၊ ကိုယ့်သံသရာအတွက်ပဲ ဘယ်မလုပ်ချင်ပဲ ရှိပါ့မလဲဘုရား''

''အဓိကကတော့ စိတ်ပါဗျာ ဦးဇင်းဆိုရင် တစ်နေကုန် စာချတယ်၊ ညဘက်ဆိုရင် အချိန်ရတာနဲ့ တရားထိုင်တာပဲ''

''တပည့်တော်လဲ အရှင်ဘုရား နေရာမှာဆိုရင် လုပ်ကောင်း လုပ်နိုင်လိမ့်မယ်ဘုရား၊ အခုတော့ ၀မ်းဝဖို့အတွက်လုံးပမ်းနေရတော့ မလွယ်ဘူးဘုရား၊ ဖြစ်နိုင်ရင် ပင်းပန်လို့ အိပ်နေချင်တာ၊ အလုပ်မလုပ်ရင် ငတ်မှာမို့လုပ်နေရတဘုရား''

ဦးဒတ္တသည်ကား ဟောရှိန်တတ်လျှက်ရှိ၏။ တစ်ဖက်သား ဘာဖြစ်နေသည်မသိ၊ အကွက်ဝင်တုန်း လိပ်ခေါင်းပင်ထွက်ထွက် ဟောမည်ဆိုသောသူ ဖြစ်လေ၏။ အခုတရားထိုင် အခုပင် သောတာပန် ဖြစ်မည့်ဟန်ဖြင့် ဆက်လက် တိုက်တွန်းလေ၏။

''ခင်ဗျား နောက်ဘ၀အတွက် မကောင်းဖြစ်မယ်နော်၊ ဦးဇင်းကတော့ နောက်ဘ၀အတွက် ပါရမီပါအောင်ပဲ လုပ်တယ်''

ဒကာတော်သည်ကား သီးခံနိုင်မှုကုန်ပြီထင်၏။ အလုပ်လုပ်ရလို့ မော၊ နားကိုအဓမ္မ လာကျင့်သူနဲ့ပါ တိုးတဲ့ကိန်း ဆိုက်နေတော့ ဘယ်လိုဘုတော လွတ်လိုက်သည်မသိ ဦးဒတ္တလဲ ချွတ်မရတဲ့ဒကာ ဟု သဘောပိုက်ကာ တစ်ချိုးတည်း လစ်ပြေးလေတော့၏။

နောက်မှ ဒကာတော် ဘာပြန်ပြောလိုက်သည်ကို သိချင်၍ ကပ်မေးကြည့်မိ၏။ ဒကာ ပြန်ပြောလိုက် သည်းကား..........

အရှင်ဘုရား တပည့်တော်ကို တရားဒီလောက်ထိုင်စေချင်ရင် တပည့်တော် မိန်းမနဲ့ကလေးတွေကို ခဏလောက် လုပ်ကျွေးထားပေးပါဘုရား၊ အရှင်ဘုရားရဲ့ မိန်းမလိုသဘောထားပီး လုပ်ကျွေးပေးပါ။ တပည့်တော် သင်္ကန်းဝတ်ပြီး တရားထိုင်ပါ့မယ် .. ဟူ၏။

ဦးဒတ္တသည်ကား ကာလံဒေသံကို ရိပ်ပါးမိကာ နောက်ဆိုလျှင် လူထူထူ တရားထိုင်ကြောင်း မပြောရဲတော့ပေ။



Monday, October 18, 2010

ညည်းတတ်သော လူခိုများ


(၁)

ဘယ်လိုလဲ နေကောင်းလား အဆင်ပြေလား

ဒီလိုမေးခွန်းမျိုးက လူတစ်ဦးနဲ့တစ်ဦးတွေ့ရင် မေးနေကြ၊ ကြားနေကြ ပဋိသန္ထာရစကားများပါပဲ။ အဖြေကတော့ ရေရာမှုသိပ်မရှိလှဘူး။ ဒီလိုပါပဲ။ ဒီလိုပါပဲဆိုတဲ့ အဖြေရဲ့နောက်မှ မရေရာမှုတွေ၊ မသေချာမှုတွေ ပါနေတတ်တယ်။ (ကိုယ်တိုင်လဲ ပြောဆို သုံးနှုံးဖူးပါတယ်။) ညည်းသံတွေ ညည်းသံတွေ အလွှာပေါင်းစုံကနေ လာတဲ့ညည်းသံတွေ အိမ်ခေါင်မိုးပေါ်က ခိုတွေနဲ့ နင်လားငါလားပါပဲ။ သူတို့ကို လူခိုလို့ပဲ နာမည်ပေးကြပါစို့။

စီးပွားရေးလုပ်ရတာလဲ အဆင်မပြေပါဘူး၊ ကုန်ဈေးနှုံးနဲ့ ကစားရတာ ဖက်ဖက်ကိုမောရောပဲ၊ အခုစီးနေတဲ့ကားက ၀ယ်ထားတာမကြာသေးဘူး ခဏခဏပျက်နေလို့ ၀ါ့က်ရှော့ကို ပို့ထားရတယ်၊ အခုနေတဲ့တိုက်ကလဲ ပတ်ဝန်းကျင်တော့ သန့်ပါရဲ့ ဒါပေမဲ့ မီးမမှန်တာက ခက်တယ်၊ သူဌေးလုပ်ရတာလဲ လွယ်တာမှတ်လို့ သူများအထင်ကြီးအောင် နေရတာဆိုတော့ လူပင်ပန်းစိတ်ပင်ပန်းပဲ၊ ဖြစ်နိုင်ရင် အေးအေးဆေးဆေးပဲ နေချင်တော့တယ်၊ သားသမီးတွေကလဲ အားကိုးစရာမမြင်တော့ နားလို့ကလဲ မရသေးဘူး၊ စတဲ့စတဲ့ ပြည့်စုံခြင်းရဲ့ နောက်ဆက်တွဲ ဒုက္ခတွေအတွက် ၀င်ငွေကောင်းတဲ့လုပ်ငန်း၊ နေစရာတိုက်အိမ် မြောက်များစွာ၊ စီးစရာယဉ်များစွာ ပိုင်ဆိုင်တဲ့ အကြီးစားခိုတွေရဲ့ ညည်းချင်းက တစ်မျိုး။

လခစားလုပ်ရတာလဲ မကောင်းပါဘူး၊ ဖြစ်နိုင်ရင် ကိုယ်ပိုင်စီးပွားရေးလေးဖြစ်ဖြစ် ပြောင်းလုပ်ချင်ပါတယ်၊ အရင်းအနှီးမရှိလို့ ငြိမ်နေတာ၊ အလုပ်သွားအလုပ်ပြန်နဲ့ အချိန်ကုန်ရော မိသားစုအရေး၊ ရပ်ရွာအရေး စတာတွေမှာတောင် လစ်ဟင်းနေတာ ကြာပေါ့၊ အလုပ်သွားရင် လူကြီး(သူဌေး)မျက်နှာကို ကြည့်ရသေးတယ်၊ လစာလေးကောင်းလို့၊ နောင်ရေးအတွက် စိတ်အေးရအောင်လို့သာ ကုတ်ကပ်လုပ်နေရတာ၊ တကယ်ဆိုရင် ဆက်မလုပ်ချင်တော့ဘူး ဒီအလုပ်မျိုးကို၊ ၀င်ငွေကတော့ မိသားစုလောက်ငှပါရဲ့၊ တစ်ခါတစ်လေ ကုန်စရာများကြုံလာရင် ကျွေးပတ်လည်ဝိုင်းပီး လုံးချာကိုလိုက်ရော၊ စတဲ့စတဲ့ လခစား (လူလတ်တန်းစား ခေါ်မလား) ခိုများရဲ့ ညည်းချင်းက တစ်ဖုံ။

ထမင်းတနပ်အတွက် ၀င်ငွေရဖို့က တော်တော်ခက်တယ်ဗျာ ဒီခေတ်ကြီးထဲမှာ၊ အလုပ်ကလဲ ပုံမှန်မရှိ၊ ပန်းရံခေါ်လဲ လုပ်၊ လက်သမားခေါ်လဲလုပ်၊ ကြုံရာကျပန်းလုပ်ကိုင်ပြီး မိသားစုအတွက် ရှိနေတဲ့ ပါးစပ်းပေါက်လေးတွေ ပုံမှန်လှုပ်နိုင်အောင် ကြုံစားနေရတယ်၊ ကျန်းမာရေး မကောင်းတာတောင် နားရတယ်မရှိဘူးလေ၊ ကိုယ်ကနားလိုက်ရင် မိသားစုတွေ ထမင်းငတ်ကုန်မှာပဲ၊ ၀င်ငွေနည်းရတဲ့အထဲ ကုန်ဈေးနှုံးကကြီးသေး၊ ၀မ်းဝဖို့အရေး ရှိတာလေးနဲ့ စားသောက်ရတော့ အသားငါးများ အလှမ်းမမှီပေါင်ဗျာ၊ ဘ၀ကိုက ဆိုးပါတယ်ဗျာ စတဲ့စတဲ့ အသေးစားခိုများရဲ့ ညည်းချင်းက တစ်သွယ်။

အဆင်ပြေရဲ့လား..။ ဒီလိုပါပဲ..။

ခိုတွေတင် ညည်းတယ်မှတ်နေတာ။ လူကပိုညည်းတတ်မှန်း ခုမှသိတော့တယ်။ အတန်းစား အသီးသီး အလွာအစုံ နေရာတိုင်းမှာ ညည်းသံလေးတွေနဲ့ ဖက်ရှင်လို့ပြောရင် ရနိုင်ရဲ့။ သူဌေးကြီးကလဲညည်းတယ်၊ အတန်အသင့် ပြည့်စုံသူကလဲ ညည်းတယ်၊ အောက်ခြေ လူတန်းစားကလဲ ညည်းတယ်။ ဒီခေတ်မှာ ခေတ်အစားဆုံး ဖက်ရှင်လိုတောင် ဖြစ်နေပေါ့။

(၂)

ဘုရားရှင်ဟာ သူ့တပည့်သား ရဟန်း၊ ရှင်လူကိုတွေ့ရင်

ကစ္စိ ယာပနီယံ၊ ခမနီယံ လို့ အရင်နှုတ်ဆက်တယ်။ အဓိပ္ပါယ်ကတော့ ငါ့ရှင် အသက်မွေးခြင်း သပ္ပါယ မျှတပါ၏လော၊ ခန့်ကျန်းပါ၏လော (ကျန်းခန့်သာလို့မာပါ၏လော)။ စားဝတ်နေရေး၊ ကျန်းမာရေး အဆင်ပြေပြေ ရှိရဲ့လားလို့မေးတာပါ။ အာမ၊ မှန်ပါ၊ မျှတ ကျန်းမာပါတယ်။ ဒီလောက်ဆိုရင် ပီးပီ။ ယောနိသော မနသိကာရတရားနဲ့ အသင့်အတင့် နေနိုင်ရင်နေ၊ မနေနိုင်ရင် ရလေလိုလေဆိုတဲ့ လောဘ၊ လိုတာမရလို့ ဖြစ်တက်တဲ့ ဒေါသ၊ စတာတွေဟာ ကိုယ်တွင်းကိုဝင်ရောက် ထိုးဖောက်လာမှာပဲ။

ရာထူးတွေ၊ စည်းစိမ်တွေ၊ ရသင့်သလောက် (ကိုယ့်ကျိုးစားသလောက်) ရနေ၊ ရှိနေပါလျှက်နဲ့ စိတ်ရဲ့ မပြည့်စုံခြင်း နောက်ကိုလိုက်ရင်း နဲ့ ညည်းခြင်းဖက်ရှင် လောကထဲ ရောက်မှန်းမသိ ရောက်နေကြတာပါပဲ။ (ကိုယ်လုပ်သလောက် ကျိုးစားသလောက် အကျိုးမခံစားကိုတော့ မဆန်းစစ်တက်ပေ နိုင်ငံရေးသမား၊ ဘောဂဗေဒသမားတွေပဲ သိပေလိမ့်မည်။ ဘာအတွက် ဘာကြောင့်ဆိုတာ)။ ဖြစ်သင့်တာကတော့ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ၀အောင်စားဆိုတဲ့ ဆုံးမစာလေးအတိုင်းပါပဲ။ ဘ၀ဆိုတာ ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကရတာမဟုတ်တော့ ကိုယ်ဖြစ်ချင်တဲ့ ပုံစံခွက်ထဲတော့ ၀င်လာမှမဟုတ်ပေဘူး (၀င်လာအောင်ရေးတဲ့ ဇာတ်ညွှန်းအတုကလဲ ရေရှည်မခံပါဘူး) ။ သတိနဲ့ အထူးဆင်ခြင်မိဖို့ပါပဲ။

(၃)

အရှင်ဘုရား အစအစအရာအရာ အဆင်ပြေရဲ့ လားဘုရား ..။

အင်း ဒီလိုပါပဲ ဒကာ..။ အဆင်ပြေအောင်နေရတာပေါ့..။

အရှင်ဘုရားတို့က ငြိမ်းချမ်းပါတယ်..။ ဒကာ ဒကာမတွေက ထောက်ပံ့တာလေးနဲ့ ပြည့်စုံနေတော့ ကိုယ့်အလုပ်လေးကို လုပ်နေရုံပဲ..။ ဘာလိုတာရှိလဲ ဘုရား..။

ဟုတ်တော့ ဟုတ်ပါတယ် ဗျာ..။ ဒါပေမဲ့ ခက်သားလားဗျ..။ လိုတာက ပြည့်စုံတယ်ဆိုတာမရှိဘူး..။

ဘာတွေများလို့အပ်နေလို့လဲဘုရား...။

တစ်ခါတစ်လေ မပျော်ဘူးဗျာ ဒီဘ၀ကြီးကို။ အဲဒါကြောင့် ဒီဘ၀က ထွက်ပြီး ဇနီးလေးနဲ့၊ သားသမီးလေးနဲ့၊ မိသားစုလေးများ ပိုင်ဆိုင်ရရင် ဘယ်လောက်ကောင်းမလဲ စဉ်းစား နေမိတယ်ဗျာ..။

ဟား ငါကိုယ်တိုင်လဲ ရတဲ့ဘ၀လေးကို မရောင့်ရဲပဲ ညည်းနေတဲ့ ခိုတစ်ကောင်ပါပဲလား..................။



Wednesday, October 13, 2010

ကရုဏာလေညှင်း



သူ့ဘ၀အစ မျိုးစေ့ဘ၀မှ အညှောက် (ဖူးငုံဘ၀မှ ပန်းအဖြစ်သို့) မရောက်တစ်ရောက် အရွယ်မှာ မိုးကိုလဲမမျှော်တက်ခဲ့ ရောင်နီလာအောင် စောင့်နေခွင့်မရတော့ အချိန်မတိုင်ခင်မှာ နှင်းခါးရိုက်ချက် တွေကြောင့် ချည့်နိုးချည့်နဲ့ မလှမပနဲ့ (သူ့ကိုနှင်းဆီနဲ့ နှိုင်းကြည့်ရင် ပန်းရိုင်းတပွင့်ဖြစ် သစ်တစ်ပင်နဲ့နိုင်းရင် သစ်ရိုင်း တစ်ပင်အဖြစ်) သူရပ်တည်ခဲ့ရတယ်။

တကယ့်စာနာခြင်း အစစ်နဲ့ မျက်ဝန်းတွေရှိတယ်၊ သွားမှန်မှန် မတိုက်တက် သူတွေရဲ့ အာပုတ်နံ့ မကင်းတဲ့ ပြစ်တင်ခြင်းမိုးစက်တွေ စိုခဲ့တယ်။ နောက်ကျောဘက်ကနေ ထိုးတက်တဲ့ အတုယောင် DNA တူသူတွေရဲ့ ကရုဏာတရား ကင်းမဲ့တဲ့ အသွားထက်တဲ့ ဓားတစ်လက်လို့ လက်ညိုးတွေကို သူရင်ဆိုင်ခဲ့ရတယ်။ (တရကြမ်းတိုက်ခက်တက်တဲ့ ကဲ့ရဲ့ခြင်း လေနီကြမ်းတွေကြောင့် သူပွင့်ဖက်လေးတွေ ကြေနွမ်းခဲ့ဖူးတယ်)။

ဥယျာဉ်မှူးလို့ သူ့တို့ကို သူတို့ နာမည်တက်ထားတဲ့ ပန်းခူးသမားတွေ သူတွေ့ခဲ့ရတယ်၊ (ပန်းကလေးတွေကို လေးစားမြတ်နိုးတက်တဲ့ ဥယျာဉ်မှူးမျိုးနဲ့ ဝေးခဲ့ရတယ်)။ သစ်တစ်ပင်ကို ဘယ်လို ပျိုးရတယ်ဆိုတဲ့ ရုက္ခဗေဒဘာသာရပ်နဲ့ ဘွဲ့ရသူတွေက ထင်းလိုလို့ သူ့အကိုင်းကို ချိုးချိုးသွားတာလဲ သူခံစားခဲ့ရတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူ အယောင်ဆောင်ထားတဲ့ သူတွေရဲ့ ပစ်စလက်ခက် ပြုမှုချက်တွေနဲ့လဲ သူ ရှင်သန်ခဲ့ဖူးတယ်။ သူ့ရဲ့ နေရောင်ခြည်မလုံတဲ့ အရိပ်လေးမှာ ခဏတာအမော ဖြေလိုသူတွေရဲ့ တဒင်္ဂ၀င်ရောက် အိပ်စက်သွားသူတွေလဲ ရှိခဲ့တယ် (လမ်းဘေးရေအိုးစဉ် အမှတ်နဲ့ တခွက်တဖလားဆိုပြီး အမောပြေသောက်သုံး သွားသူတွေလဲ ရှိခဲ့တယ်)။

စစ်မှန်တဲ့ သူ့စိတ်အလှတရားကို သိုဝှက်ပြီးခဲ့ရပြီး ၀န်းကျင်ကို အရွဲ့တိုက်ရင်းနဲ့ မူလကျေးဇူးရှင် အမိမြေမှာတောင် သံယောဇဉ် အမြစ်ကလေး တွယ်ခွင့်မရခဲ့။ မေတ္တာမိုးရေစက်တွေ ငတ်ခဲ့တာလဲ သူ့အသက်နဲ့တမျှပဲတဲ့။ မိခင်မြေကြီးကတော့ ပြောတာပဲ အလေ့ကျ လာပေါက်တဲ့ အလေနတော သစ်ပင်တစ်မျိုး ပါပဲတဲ့၊ သူကျောပေါ်မှာ ထမ်းထားရတာကိုက လေးလံလှပြီတဲ့။ ဒီအပင် (ဒီပန်းပွင့်)လေးကြောင့် သူတို့အတွက် ထူးပြီး ဂုဏ်မတက်ခဲ့ပါဘူးတဲ့။ သူ့အပေါ်မှာ ပေါက်လာတဲ့ သစ်ပင်းလေးကိုပဲ ပစ်စလတ်ခက် ပြောရက်လိုက်တာ။

ခေတ်ရဲ့မြေဆီလွှာ ခန်းခြောက်မှုပဲလား (သစ်တစ်ပင် (သို့) ပန်းတပွင့်ကို တန်းဘိုးမထားတက် သူတွေ ကြောင့်ပဲလား) သူ့ဘ၀ကို မြေတောင်မြှောက် စောင့်ရှောက်သူနဲ့ ဝေးစေခဲ့တယ်။ မျိုးစေ့မှန်ပေမဲ့ စစ်မှန်တဲ့ပြုစုလမ်းညွှန်မှုနဲ့ ဝေးခဲ့ရတော့ လှပသန်မာတဲ့ အပင် သူဖြစ်ခွင့်မရခဲ့ရှာဘူး။

တစ်ခါတစ်ခါ အဝေးတစ်နေရာမှာ (အတိက်ကို ခြေရာဖြောက်ရင်း ဒဏ်ရာတွေနဲ့ပဲ) ရှင်သန်နေချင်တယ်တဲ့။ ဒါပေမဲ့ သူခြေထောက်ကို ကျွံနေတဲ့ မြေထဲက ဆွဲမနှုတ်နိုင်ခဲ့ဘူး။ သူ့ဘ၀အတွက်တော့ ပန်းလိုခူးချင်ခူး အကိုင်းလိုချိုးချင်းချိုး တိုးလို့မထူးပါဘူးတဲ့။ မဟုတ်သေးဘူး.. အလွယ်ခူးတက် ချိုးတက်တဲ့သူတွေကို အရိပ်အခိုမခံနဲ့ပေါ့ ဆိုတော့.. (လေးတိုးလို့ ထင်ရဲ့) နှင်းဆီပွင့်ဖက်နဲ့တူတဲ့ သူ့နှုတ်ခမ်းလေးက ပေါ့ပျက်ပျက်နဲ့ ၀မ်းနည်းခြင်းစွပ်တဲ့ ရယ်သံတစ်ဝက်ပဲ ထွက်ကျလာခဲ့တယ်။ (သစ်တစ်ပင် (သို့) ပန်းတပွင့်ရဲ့ သဘာဝအတိုင်း ခူးယူခြင်း ချိုးဖြတ်ခြင်းတွေနဲ့ နေသားကျ သာယာနေခဲ့ပြီထင်ရဲ့)။

ဘယ်သစ်ပင် ဘယ်ပန်းမှ ဒဏ်ရာ (သို့) လေးနီကြမ်းဝှေ့ချက်နဲ့ မကင်းပါဘူး။ အလူးလူးနဲ့ ယိုင်နဲ့ကြွေလွင့် ဖူးတာရှိမယ်။ ကြံကြံခံခြင်းနဲ့ တည်ငြိမ်နေတာရှိမယ်။ မုန်းတိုင်းစဲမှ တဖန်ပြန်လည် ရှင်သန်တာတွေရှိမယ်။ အချိန်ဟာ နောက်မကျသေးပါဘူး ဆိုတော့.. လက်ရှိမိခင်မြေကတောင် သူ့အတွက် ခြေချ အမြစ်တွယ်ဘို့ ခွင့်ပြုချက်မပေးချင်သလိုပဲတဲ့..၊ နောက်ထပ် ဘယ်မှာမှရှင်သန်ဖို့ မ၀ံ့ရဲတော့ပါဘူးတဲ့။ မဟုတ်သေးဘူး..။ မင်းရှင်သန်နိုင်မဲ့ နေရာသစ်ဖြစ်တဲ့ (ပန်းအိုးခင်းကဖြစ်ဖြစ်) မြေဆိုရင်ကောဆိုတော့..။ အဲဒီပန်းအိုးခင်း လေးကိုတော့ လိုချင်မိတယ်တဲ့။ (ရေမှန်မှန်းလောင်းပြီး ပေါင်းသင်ပေးနိုင်တဲ့ ၀န်းကျင်မှဖြစ်မှာ ဆိုပဲ)။

မင်းလိုချင်တဲ့ပုံစံလာတော့ မသိဘူးပေါ့ အခုတော့ မင်းရှင်သန်ဖို့ မြေ (ပန်းအိုးလေးပဲလားမသိ) လေးတစ်နေရာမှာ အမြစ်တွယ်ခွင့်ရနေပြီလို့ ကြားမိရဲ့။ သစ်တစ်ပင် (သို့) ပန်းတပွင့်ကို မြတ်နိုးတန်ဘိုး ထားတက်တဲ့ မေတ္တာတရားအပြည့်နဲ့ ၀န်းကျင်းလေးဖြစ်ပါစေလို့ ငါဟာ မင်းအတွက် ဆုတောင်းခြင်းနဲ့ ကရုဏာလေးညှင်းလေးပဲ တိုက်ခက်ပေးလိုက်ချင်ပါတယ်။ မင်းခြေချမဲ့ အမြေဟာ သြဇာကောင်းပါစေ..။ အတိက်က အနာဟောင်းတွေကို အဲဒီမြေလေးပေါ်မှာ တွယ်ရင်းနဲ့ မင်းဘ၀ကို အသစ်ကပြန်စနိုင်ပါစေ..။ အနာဂတ်မှာ မင်းရဲ့ အကိုင်းအခက် (နောက်ထပ် ပွင့်လန်းမဲ့ပွင့်ဖက်)တွေမှာ အနာအဆာကင်းကင်းနဲ့ ရှင်သန်နိုင်ပါစေ..။


(တချိန်က တပည့်ဖြစ်ခဲ့ဖူးတဲ့ သစ်တစ်ပင် (သို့) ပန်းလေးတပွင့်သို့....... )



Sunday, October 10, 2010

တောရွာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး၏ ရစ်သမ် (၃)



တစ်နေ့.. အားအားရှိတာနဲ့ စာလဲမဖတ်ချင်၊ ပုတီးစိတ်တရားထိုင်ဖို့လဲ စိတ်မပါတာနဲ့ ရေဒီယိုအစုတ်လေးကို ဟိုနှိုက်ဒီနှိုက် ကလိနေဖြစ်၏။ မိမိငယ်စဉ်မြို့မှာ ပညာသင်ခဲ့စဉ်က ၀ါသနာအလျှောက် အားတဲ့အချိန်မှာ လေ့လာဆည်းပူး ထားတာလေးနဲ့ အသေးအဖွဲ ပျက်တာလောက်ကိုတော့ အဖြစ်မြောက်ကြီး မဟုတ်တောင် ကိုယ်တိုင်ပြင်တက် နှိုက်တက်၏။ မိမိခံယူ ထားသည်ကား တစ်ခုခုကို စိတ်ဝင်းတစား လုပ်နေလျှင် စိတ်ပျံ့လွင့်မှု နည်းသည်ဟူ၍...။

ထိုအချိန်တွင် ကျေးရွာ၏ ကိုးဆူဆရာ ပန်းဒကာ ကိုဖို့ကွန့်ရောက်လာလေ၏။ သူသည် ဘာသာရေးနှင့် ပတ်သတ်လျှင် ဟိုစပ်စပ် ဒီစပ်စပ်သိသူဖြစ်၏။

ဦးဇင်း ဘာလုပ်နေလဲဘုရား..။

ပဏာမမေးခွန်းကတော့ လျှပ်တစ်ပြက်တိုက်ကွက်ကို အစဖော်ပြီထင်ရဲ့။

(ရွာ၌ မိမိထက် အသက်အရွယ်ကြီးသူများက ဦးဇင်းဟု ခေါ်၍ ငယ်ရွယ်သူများမှသာ ဘုန်းကြီး(သို့) ဆရာတော်ဟု ခေါ်လေ့ရှိ၏။)

အော် ဒကားကြီး ကိုဖို့ကွန့်ပါလား..။ အင်းဗျာ ဒီမှာ ရေဒီယိုလေး အသံမကောင်းတာနဲ့ ကလိကြည့်နေတာ..။ စိတ်ပြေ လက်ပျောက်ပေါ့ဗျာ..။

ဦးဇင်းနဲ့တော့.. အဲဒီလိုလုပ်နေတာတွေက ၀ိနည်းနဲ့ကော လွတ်ရဲ့လားဘုရား..။ တပည့်တော် ကတော့ မလုပ်စေချင် ပါဘူးဘုရား..။ တရားလေးထိုင်၊ မထိုင်ရင် ပုတီးလေး စိတ်နေတာကမှ ဟုတ်သေးတယ်..။ ပြင်ချင်တယ် ဆိုရင်လဲ မြို့ပေါ်မှာ ပြင်ခိုင်းလိုက် ပေါ့ဘုရား..။

ခက်တဲ့ဒကာ၊ နာမည်နဲ့လိုက်ပါပေတယ်။ ဖိုးကွန့်ဆိုတဲ့အတိုင်း ကွန့်လိုက်ရမှ။ သူ့မိဘတွေ ကလည်း နာမည်ပေးတာ တော်မှတော်ပဲ..။

အင်းဗျာ ၀ိနည်းဥပဒေနဲ့ တိုင်းရင်တော့ လွတ်မလွတ်မသိဘူး ဒကာ...။ ပုတီးစိတ်သလို ကုသိုလ်ရချင်မှတော့ ရမယ်..။ ဒါပေမဲ့ စိတ်တည်ငြိမ်မှု ရတာတော့ အမှန်ပဲဗျ..။ မြို့ပေါ်မှာ ပြင်လို့ရမှန်း သိတာပေါ့..။ ဒီဟာလေး လုပ်နေတဲ့အချိန်မှာ စိတ်က တည်ငြိမ်မှု ရနေတော့ အေးချမ်းတာတော့ အမှန်ပဲဗျ..။

တင့်ပါ..။ အများအမြင်မှာ မတင့်တယ်လို့ပါဘုရား..။

အများအမြင်မတင့်တယ်အောင် ဆိုင်ဖွင့်ပြီး လုပ်နေတာလဲ မဟုတ်ပါဘူး..။ ဒီအချိန် ဘယ်သူမှလဲ မရှိ အားနေတာနဲ့ ကလိနေမိတာပါ..။ အခကြေးငွေ ရလိုစိတ်နဲ့ လုပ်နေတာလဲ မဟုတ်၊ ကိုယ်တက်ထား တာလေးနဲ့ လုပ်နေမိတာလေးပါပဲ။ ဒကာပြောသလို အမြဲတမ်းတော့ ပုတီးစိတ်၊ တရားထိုင် ဘယ်လုပ်နိုင်ပါ့ မလဲဗျ...။ စိတ်ငြိမ်းချမ်းအောင် စိတ်မပျံ့လွင့်အောင်သာ ကြံဖန် နေနေရတာ...။

ရဟန်းတွေ ဥယျာဉ်စိုက်ရင် ကုလဒူသကသိက္ခာပုဒ်နဲ့ ငြိစွန်းတယ်လို့ ၀ိနည်းမှာပါတော့..။ ဒီလို လူ့အလုပ်တွေ လုပ်တာလဲ ပါမယ်ထင်တယ်ဘုရား..။

မလွယ်ပါလား..။ ထပ်ကွန့်လိုက်သေးတယ်..။ သူ့အမြင် သူ့အထင်နဲ့ ကြေငြာပြီး စကားလုံး စစ်ဆင်ရေးကို တရစပ် ထုတ်သုံးတော့တာပဲ။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ် ရှိနေတော့ သိက္ခာပုဒ်နဲ့ ငြိစွန်းလား မငြိစွန်းလားတော့ မတွေးမိ။ စေတနာသည်သာ အဓိကကျမယ်လို့ ယုံကြည်တာပဲ..။ ကျောင်းကန်ဘုရား စိန်းလန်းစိုပြေ စေချင်တဲ့ စေတနာ ထည့်ပြီးလုပ်ရင် ကုသိုလ်မရတောင် အကုသိုလ်တော့ မဖြစ်နိုင်ဘူးထင်ရဲ့..။ (ပညာတတ်ကြီး မဟုတ်တော့ မှန်သည်မှားသည် မခွဲခြားတက်ပေ)။

ဒကာရေ..။ ကိုယ့်စိတ်လေး တည်ငြိမ်အေးချမ်းဖို့အတွက်လုပ်တာပါဗျာ..။ ဒီအတိုင်း ထိုင်နေရင်လဲ စိတ်က ဟိုကြံဒီကြံ ဖြစ်မိမှာပဲ..။ ပုထုဇဉ်ဆိုတာ ဒီလိုပဲဒကာ..။ ဦးဇင်းအနေနဲ့ကတော့ တရားထိုင်၊ ပုတီးစိတ် မလုပ်နိုင်တဲ့ အချိန်မှာ ဖြစ်နိုင်ရင် တယောလေးထိုးပြီးတောင် နေချင်တာ..။ ဒါဆိုရင် စိတ်တွေ မကောင်းတဲ့ဘက်ကို မပျံ့လွင့်တော့ဘူးဗျာ..။ ကဲမကောင်းဘူးလား..။

ဦးဇင်းကတော့ လုပ်ပီ..။ တယောနဲ့ရဟန်းဘာဆိုင်လဲ ဘုရား..။

မဆိုင်မှန်းသိလို့ပေါ့ဗျာ..။ သဘောပြောပြတာပါ။ ဒါပေမဲ့ တယောထိုး နေရတာဟာ ဒီအတိုင်း ထိုင်နေပြီး ဟိုဒီကြံနေတာထက် အကုသိုလ် ကင်းနိုင်တယ် မဟုတ်လား..။ ဟုတ်ပါတယ် ဒကာပြောသလို အများအမြင် မတင့်တယ်နိုင်ဘူး ဆိုတာ။ ဂီတဆိုတာ ဆယ်ပါးသီလမှာ အပြစ်ဖြစ်တယ်ဆိုပေမဲ့ ဒီနေ့ခေတ်မှာ ဓမ္မတေးတွေကြောင့် လူတွေ ဘုရားတရားအကြောင်း ပိုသိ ပိုကြည်ညိုလာကြတာလဲ ရှိတယ်လေ..။ ဒါဟာ အဆိုးထဲက အကောင်းလို့ ဦးဇင်းတော့ မြင်မိတယ်..။

မှန်ပါ့ အဲဒါလဲဟုတ်ပါတယ် ဘုရား..။ ဒါပေမဲ့ ဦးဇင်း ဒီလို ရေဒီယိုပြင်တာ တောက်တိုမယ်ရ လျှောက်လုပ် နေတာကို မြင်ရတာ မတော်လို့ပါဘုရား..။

ဟုတ်ပါတယ် ဒကာ လက်ခံပါတယ်..။ ဒါပေမဲ့ ဒီရွာဟာ မြို့နဲ့နီးတယ်ဆိုပေမဲ့ အရေးရယ် အကြောင်းရယ်လို့ ရှိလာ လိုအပ်လာရင် ဦးဇင်းအနေနဲ့ တက်ထားတော့ အဆင်မပြေဘူးလား..။

တင်ပါ့ ဒါတော့ မှန်ပါတယ်ဘုရား..။

အဲဒါပဲ ဒကာရေ..။ ဦးဇင်းကတော့ စိတ်ကို အငြိမ်းချမ်းဆုံး တည်ဆောက်တဲ့နေရာမှာ တယောထိုးနေ သင့်ရင်လဲ ထိုးရမှာပဲ..။ ကိုယ့်စိတ်က လုပ်ဆောင်မှုအပေါ် သာယာတာ မဟုတ်ရင် ထိုင်ပြီး စိတ်ပျံ့လွင့်နေ တာထက် ကောင်းတယ်လို့ ယူဆတယ်ဗျာ..။

တင့်ပါ..။ လက်ခံပါတယ်ဘုရား..။ တပည့်တော်ကို ခွင့်ပြုပါဦးဘုရား..။

သူကွန့်ချင်တာ ကွန့်ပြီးလို့ ပြန်တော့မယ်ဆိုပဲ။ နာမည်နဲ့လိုက်ပါပေတယ်..။ တစ်ခါတစ်ရံ ပေါက်တီးပေါက်ကပ် မေးခွန်းတွေ မေးတက်ရဲ့။ ယထာဘူတကျကျ (ပစ္စုပ္ပန်တည့်တည့်) မကြည့်တက်သေးပဲကိုး။

အင်း ကောင်းပါပြီ ဒကာ..။ ဒါနဲ့ ဒကာအိမ်က ဦဇင်းပြင်ပေးလိုက်တဲ့ ဘက်ထရီအိုးလေးကော ကောင်းသေး ရဲ့လား မီးထွန်းရတာ အဆင်ပြေရဲ့လား..။

သူ့အိမ်က ဘက်ထရီအိုးလေး ပျက်တော့ မြို့ပေါ်သွားပြင်ရင် ပိုက်ဆံကုန်မှာ ကြောက်တာနဲ့ မိမိထံမှာ ပြင်စေခြင်းဖြစ်၏။ လိုအပ်တာလေးတွေ ၀ယ်ဖြည့်ရတယ် ဆိုပေမဲ့ မြို့ပေါ်တွေမှာဆိုရင် လက်ခကရှိသေး၊ ရက်ချိန်းက ကြာသေး၊ အခုတော့ ကိုယ့်ရွာမှာကို ကိုယ်တက်နိုင် တာလေးနဲ့ ရွာသူရွာသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ပေးဖြစ်၏။

တင်ပါ့..။ ဦးဇင်းပြင်ပေးပြီးကတည်းက.. သုံးရတာ အဆင်ပြေပါတယ်ဘုရား..။ အက်ဆစ်လေး ဖြည့်ပေး ရတာတော့ ရှိတာပေါ့ ဘုရား..။

ဒါတော့ ရှိမှာပေါ့ ဒကာ..။ အထဲက ပလိပ်ပြား၊ မီးပြား၊ အပ်ပြား(အဖိုအမ)တွေက အက်ဆစ် ထပ်ဖြည့်နိုင်မှာ ကောင်းကောင်း သုံးလို့ရမှာပေါ့..။

ခက်လိုက်တဲ့ဒကာ.။ ရတနာသုံးပါး အပေါ်ကြည့်ညိုတဲ့ သဒ္ဓါတရားကတော့ အံ့လောက်ပါရဲ့..။ ဒါပေမဲ့ သူ့ကိုယ်တိုင် အက်ဆစ်ဖြည့်ဖို့ လိုနေတာတော့ သိဟန်မတူဘူး..။ သူ့ကိုသူ အက်ဆစ်လေးများ ထပ်ဖြည့်နိုင် လိုက်ရင် သူလဲ မီး(ဥာဏ်မီး) ကောင်းကောင်း လင်းလာနိုင်ရဲ့။

(ဒကာဖိုးကွန့်ရေ ဒကာရဲ့ ရည်ရွယ်ရင်းကို နားလည်သဘော ပေါက်ပါတယ်...။ ဒါပေမဲ့ မဂ်ပေါက်ဖိုလ်ဝင် ကျင့်နိုင်လောက် အောင်လဲ ပါရမီမပြည့်စုံတော့ စိတ်ကို အကုသိုလ်နည်းနိုင် သမျှနည်းအောင် လုပ်နေရတာပဲဗျာ။ ကိုယ်နဲ့တန်တဲ့ ကမ္မဋ္ဌာန်းကို ကိုယ်ကျင့်နေတယ် လို့တော့ တစ်ယူသန် အကြောင်းမပြ လိုပါဘူး။ အမြင်နဲ့တိုင်းရင်တော့လဲ ဦးဇင်းတို့မှာ နေစရာတောင် ရှိမှာမဟုတ်တော့ပါဘူး ဒကာ..။)


(ကိုယ်လိုသလို ယူဆကြပါကုန်)


Monday, October 4, 2010

တောရွာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး၏ ရစ်သမ် (၂)



ဒီနေ့တော့ ဆွမ်းစားခြင်းကိစ္စပြီးလို့. ကွမ်းလေးဝါးလိုက် စာလေးဖတ်လိုက် လုပ်နေတုန်းမှာပဲ ရွာရဲ့ နိဗ္ဗာန်ဆော် (ရွာဆော်) ဒကာတော် ကိုကံစိန် ရောက်လာလေ၏။

ကဲ ဒကာ ဘာကိစ္စလဲကွဲ့............။

မှန်လှပါ.. ဒကာကံစိန် ခြေတော်ဦးခိုက် လျှောက်ထားဝံ့ပါသည်ဘုရား.. လွန်ခဲ့တဲ့ တစ်လခန့်က ကွယ်လွန် သွားရှာသော မောင်(.............. )အား ရည်းစူး၍ ကျန်ရစ်သူမိသားစုမှ လလည်ဆွမ်းတရားတော် နာကြားခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းပြီး သေသူအား ကောင်းရာသုဂတိ ရောက်ပါစေကြောင်း အမျှအတန်းပေးဝေ လိုပါသော ကြောင့် မနက်ဖြန် နံနက် ကိုးနာရီအချိန် မောင်(............)၏ နေအိမ်သို့ ကရုဏာရှေ့ထား ကြွရောက် ချီးမြှင့် သနားတော်မူပါမည့်အကြောင်း လျှောက်ထား ၀ံ့ပါသည် ဘုရား.........။ (ဤသည်မှာ တောရွာတို့၌ ယနေ့တိုင် ကျန်ရစ်သေးသော ရှေးရိုးသမ္ပဇဉ် လျှောက်ထားနည်းပင် ဖြစ်၏။ သာရေး နာရေး ပင့်လျှောက်လိုလျှင် ထိုကဲ့သို့ပင် ရွာဆော်မှာ တာဝန်ယူပင့်လျှောက်လေ့ ရှိ၏။ လျှောက်ခြင်းကိစ္စပြီးမှသာ ပုံမှန်ရိုးရိုးအတိုင်း စကားပြောလေ့ရှိကြ၏။)

အေး အေး ဟုတ်ပါပြီ။ မောင်(..............) ဆိုတာ တစ်လလောက်ကမှ ပိုးထိ(မြွေကိုက်)လို့ ဆုံးသွားတဲ့ ကောင်လေးမဟုတ်လား.........။

မှန်ပါ့ဘုရား..။ ကြားဖူးသမျှဆေးဝါးတွေနဲ့တော့ စုံအောင် ကုတာပါပဲဘုရား..။ ကလေးကိုက ကံဆိုးလွန်းတာပါပဲ။

ကလေးကံဆိုးသည်လား၊ ပညာဗဟုသုတ နည်းသည်လားတော့ မသိ။ ဒီအရပ်ဒီဒေသဟာ မြွေအလွန် ပေါလှသည်။ ပြဿနာဖြစ်ပြီဆိုလျှင် မြို့ပေါ်ဆေးရုံမှာ ခေတ်မှီဆေးဝါးတွေနဲ့ ကုဖို့ပြောသော်လဲ ဘယ်သူ့တုန်း ကတော့ ဘယ်ဆရာ(ဗိန္ဓော)ကုလို့ ပျောက်သွားတာပဲ..၊ အဲဒီဆရာနဲ့ပဲ ကုမည်ဟူသော အတွေးတို့သည် ရွာသားတို့ထံ၌ အယူသီးစွာ ကျန်ရစ်နေပေသေး၏။

ငါပြောသားပဲကွာ..။ အချိန်ရှိတုန်း မြို့ပေါ်ကဆေးရုံကို တင်လိုက်ပါလို့..။ ဆေးပညာဗဟုသုတ ကလဲနည်း ငွေကုန်မှာလဲ ကြောက်ကြထင်ပါရဲ့ကွာ..။ မှတ်ထား ဒကာ ကံစိန်ရေ..။ လူ့အသက်ထက်တော့ ဘာမှ တန်ဘိုး မရှိပါဘူးကွာ...။ ခုပဲကြည့် ဒီကလေးဆိုရင် ငယ်ငယ်ရွယ်ရွယ်လေးပဲ..။ သူ့ဘ၀လေးက ရှေ့ဆက် လူလုပ်ဖို့ အများကြီး ကျန်သေးတယ်..။ ဘယ်လောက် နှမြောဖို့ကောင်းလဲ..။

မှန်ပါ့..။ သနားစရာတော့ ကောင်းတယ်ဘုရား..။ မြို့ပေါ်တက်ရင်လဲ ပိုက်ဆံက ကုန်မယ်ဘုရား..။ တပည့်တော်တို့ တောသားတွေအနေနဲ့ ဆေးတစ်လုံးကို ငါးသောင်းကျော်ဆိုတာ ဘယ်လိုက်လို့ မှီပါ့မလဲဘုရား..။

သေပြီးမှသနားနေလို့လဲ အလကားပဲလေကွာ..။ ပိုက်ဆံဆိုတာလဲ ကုန်သင့်ရင်ကုန်ရမှာပဲ ဒကာ..။ အကောင်းဆုံးလုပ်သင့်တာကို ငါပြောပြခဲ့ပြီပဲ..။ ဆေးရုံကိုသာ အချိန်မှီပို့လိုက်နိုင်ရင် ဒီကလေးအသက်က ဒီလိုလေလွင့် သွားစရာ မရှိဘူးကွ..။ အေးအေး မနက်ဖြန် ကြွခဲ့မယ် ဟုတ်လား..။

မှန်ပါ့ဘုရား.. တပည့်တော်ကို ခွင့်ပြုပါဦးဘုရား...။

အေး အေး...။

ခက်တော့လဲခက်သား..။ မြို့နဲ့သိပ်ဝေးလှတာ မဟုတ်ပေမဲ့ ရွာသူရွာသားတွေဟာ စားဝတ် နေရေးကို လုံးပမ်း နေရလေတော့၊ ပညာလိုက်စားခွင့်မရှိ၊ မရှိတော့ ဗဟုသုတကနည်း၊ ဖြစ်ပေါ့ဟေ့ဆိုရင် ပိုက်ဆံမကုန်တဲ့နည်းနဲ့ ကြိတ်ကု..။ ပြီးတော့ အသက်ပေါင်းများစွာ အလဟသတ် ဆုံးရှုံးရတာလဲ မနည်းတော့ဘူး။

မိမိကျောင်းထိုင်ကတည်းက ဒီနေ့အထိဆိုလျှင် ရွာလေးသည် တိုးတက်လာသည်မရှိပဲ ဆုတ်ယုတ်လာသည်သာ တွေ့ရတယ်။ ကိုယ်တိုင်လဲ သိသမျှ တက်သမျှနဲ့တော့ ဦးဆောင်တာပဲ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကိုက ပညာဥာဏ် နည်းတယ်လို့ ဆိုရမလား မသိဘူး။ တော်တော်ဝေးတဲ့ လူတွေ..။

မှတ်မိသေးရဲ့ တစ်နှစ်သားဟာ ကလေးငယ်လေးတွေ သေလိုက်တာ မနည်းဘူး..။ ကပ်ရောဂါတစ်ခုခု ဖြစ်တာနေမှာပါ..။ ဆရာဝန်နဲ့ ပြကြည့်ဆိုတော့ ပြလဲမထူးပါဘူးတဲ့ ဒါဟာ ဘီးလူးစားတာတဲ့။ ကဲ မခက်ပေဘူးလား..။ ဘယ်သူက ပြောလိုက်တယ် မသိပါဘူး.. ကလေးရှိတဲ့ အိမ်တိုင်းရဲ့ အိမ်ခါးပမ်းတွေမှာ ရေးထားလိုက်ကြတာ.. ''ကလေးအသား ခါးသည်'' ဆိုလား။ ခါးမခါးတော့ မသိဘူး သေလိုက်ကြတဲ့ ကလေးငယ်တွေ။

တစ်ခါတရံ ရွာကျောင်းထိုင်ဘုန်းကြီးလုပ်ရတာ ဒီလိုစိတ်မချမ်းသာစရာတွေ ကြားကြားနေရတော့ သိပ်တော့ မနိပ်လှပေဘူး။

ရွာသူရွာသားတွေ ပညာ ဗဟုသုတနည်းခြင်းဟာ ဘယ်သူ့မှာ အဓိက တာဝန်ရှိလဲတော့ မသိပါဘူး..။ ကျောင်းထိုင်ဖြစ်တဲ့ ဘာသာရေး ခေါင်းဆောင် ကိုယ့်မှာလား..။ ကိုယ်လဲ တက်နိုင်သလော ပြောဟော လမ်းပြတာပါပဲ..။ စာထဲမှာတော့ ဖတ်ဖူးတာပဲ ခရာဇ်ယန်ဘာသာတွေ သာသနာပြုရင် တရားဟောဆရာ၊ ကျောင်းဆရာ(ခေတ်ပညာအတွက်)၊ ဆရာဝန် (ကျန်းမာရေးအတွက်) စတဲ့ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေ ပါပြီး ဝေးလံခေါင်းပါးတဲ့ အရပ်တွေအထိ သွားရောက်သာသနာ ပြုတယ်ဆိုလားပဲ..။ ဒါကြောင့်လဲ အောင်မြင်တာဖြစ်မှာပါ..။

နောက်တစ်ခုက ပညာလိုလားမှု(ပညာအကျိုးကို မသိမှု) အားနည်းတဲ့ ရွာသူရွာသား တွေမှာလား..။ သူတို့မှာ ဆေးပညာပေး၊ ဘ၀နေနည်းပညာပေး၊ စတဲ့ ပညာဗဟုသုတ မရကြလေတော့.. ဖြစ်လိုက်ရင် ဓမ္မဓိဋ္ဌာန်ကျကျ မစဉ်းစားတော့ပဲ ရှေးရိုးစွဲ အယူအဆတွေကိုသာ ဖတ်တွယ်ရင်း ဘ၀တွေဆုံးနေကြတာပဲ..။

ဘယ်သူ့မှာ တာဝန်ရှိလဲ..။ ကိုယ့်မှာလား..။ သူတို့ကိုယ်တိုင်လား..။ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတဲ့ သူတို့ကံလား။ ........ လား။ လားပေါင်းများစွာနဲ့။ အော် မလွယ်လှတဲ့ တောရွာ ကျောင်းထိုင်ဘုန်းကြီးဘ၀..။

သတ္တ၀ါခပ်သိမ်း ဘေးရန်ငြိမ်းကြပါစေ............။
ကျေးရွာ တိုးတက်ရာ တိုးတက်ကြောင်း ဦးဆောင်လုပ်နိုင်မဲ့ ပညာတက်တွေပေါများ ကြပါစေ...............။
လိမ်မာယဉ်ကျေးတဲ့ သားကောင်းရတနာများ ထွန်းကားကြပါစေ..............။


ယဿာ နုဘာဝတော ယက္ခာ

နေ၀ ဒေဿန္တ ဘီသနံ

ယဥှိစေ၀ နုယုဉ္ဇန္တော


Saturday, October 2, 2010

တောရွာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး၏ ရစ်သမ်




(၁)
တောရွာလေးရဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ တစ်နေ့တာ ဘ၀လေးကတော့ ပုံမှန်ပါပဲ။ အရှေ့ကနေထွက်မယ် အနောက်ကနေ၀င်မယ်။ ခေါက်ရိုးကျိုးနေတဲ့ လည်ပတ်မှုတွေအတိုင်း အလိုက်သင့်စီးမျောလို့။ အာရုံဆွမ်းကို ပဲနီပြုပ်၊ ငပိကြော်၊ အရင့်အရင်နေ့တွေက ကျန်တာလေးများကို စုပေါင်းပြီး နွေးထားတဲ့ ဟင်းပေါင်းတစ်ခွက်၊ ဒါနဲ့ပဲ အသက်ဆက် နေရတာကိုက ရွာကျောင်းဘုန်းကြီးရဲ့ဘ၀...............။

နိစ္စဓူဝအလုပ်ဖြစ်တဲ့ တံမျက်စည်းလှည်း၊ ဘုရားသောက်တော်ရေကပ်၊ ပန်းကပ်.... အင်း ကျောင်းထိုင်ဘုန်းကြီး တစ်းပါးရဲ့ ဘ၀က ဥစ္စာစောင့်နဲ့မထူးပါလား..၊ သူများတကာလှူဒါန်းထားတဲ့ ကျောင်းကန်ဘုရားတွေကို စောင့်နေရတာပဲ။ အင်းလေ ဒီလိုနဲ့နေလာတာလဲ ဆယ်စုနှစ် ဟိုဘက်တောင် တော်တော်လေး စွန်းနေပေါ့ကိုး...။

ဘုန်းကြီးဘုရား ချက်စူ တပည့်တော်ကို အနိုင်ကျင့်နေပါတယ်ဘုရား...။

ကဲ ဒီကမြင်းမသားတွေက တစ်မှောင့်၊ ဘုရားဝေယျာဝစ္စ ကောင်းကောင်းမလုပ်ရဘူး။ ဟိုမျောက်မူးလဲ ချက်စူ ဘာမွှေပြန်ပြီလဲမသိဘူး။ ဒီကောင်ကလဲ အတော်ဆိုးတဲ့ကောင် ကျောင်းသားလေး ငါးယောက်ရှိတာ တည့်အောင် မနေဘူး။ ပြဿနာ အလွန်ရှာတက်တယ်။

အဟမ်း.. အရိုက်ခံချင်လို့လားကွ ဟေ...။ ကိုရင်တွေကော ဆွမ်းခံသွားချိန်ရောက်ပြီမို့လား.. ကဲကဲ ခေါင်းလောင်းထိုးကြတော့ (ခေါင်းလောင်းထိုးခြင်းမှာ ရွာတွင်းသို့ ဆွမ်းခံဝင်ခြင်းကို ရှေ့ပြေး အသိပေးခြင်း ဖြစ်၏။) နေမပူခင် ဆွမ်းခံဝင်ကြ...။

အင်း အိမ်မှာ ခိုင်းမရသေးလို့ ကျောင်းလာပို့ထားတဲ့ မျောက်မူးလဲ ငါးကောင်နဲ့ ကိုရင်ပိစိကွေး သုံးပါး။ ရိုက်ပစ်လို့ကလဲ မဖြစ်။ ထွက်ပြေးကုန်ရင် တောက်တိုမယ်ရ ခိုင်းစရာမရှိဖြစ်ပြီး တောရဘုန်းကြီး စစ်စစ်ဖြစ်တော့မယ်။ ဟင်း ခက်ပါတယ်။ စာသင်လို့လဲမရတော့ စာသံကြားရင် တီကို ဆားနဲ့တို့သလို ဖြစ်ကုန်ရော။ နောက်နေ့ ကျောင်းမလာတော့ဘူး။ ဒီတော့ ချော့မော့ ပြီး ပျော်အောင်ထားနေရတယ်..။

ငယ်ဘ၀ကို တမ်းတမိသား။ ဆရာတော် ဦးကိတ္တိ လက်ထက်၊ မိမိတို့ငယ်စဉ်ဘ၀မှာတော့ ကျောင်းသားတွေ ကျောင်းသူတွေ ပေါမှပေါ။ နေ့စဉ်စာအံသံ၊ ဆော့ကစားသံတွေနဲ့ ကျောင်းကြီးဟာ အရမ်းစည်ကားခဲ့တာပေါ့။ သင်ပုန်းကြီးကို ကျေညက်အောင်တတ်ပြီးမှ မင်္ဂလာသုတ်၊ ပရိတ်ကြီးစတာတွေ သင်ပေးလိုက်တာ ဒီကျောင်းထွက်ဆိုရင် မြန်မာစာကတော့ ဒေါင်းဒေါင်းပြေးပဲ။ ဂဏန်းသင်္ချာကလဲ မညံ့ပေဘူး။ မိဘတွေကိုယ်တိုင်က သားသမီးတွေကို ပညာတတ်စေချင်လို့ လာရောက်အပ်နှံထားတော့ ဆရာတော်လဲ သင်ကြား ပေးရတော့တာပဲ။ အခုကတော့ ပညာသင်ပေးစေချင်လို့ မဟုတ်ဘူး။ ခိုင်းမရသေးလို့ အိမ်မှာ ရှုပ်လို့ လာပို့ထားတဲ့သဘော။ ကလေးထိန်းကျောင်းလိုကို ဖြစ်လို့...။

ဟိုးအရင်ကတော့ အတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်း နှစ်မျိုးစလုံးကို ထားကြတယ်။ ခေတ်ပညာရော ဘာသာရေးအသိရော စုံတော့ ယဉ်ကျေးကြတာပေါ့။ ခုခေတ်ကတော့ အတန်းကျောင်းက လေးတန်း အောင်ရင်ပဲ စာတတ်ပြီထင်ပြီး မထားတော့ဘူး။ ရပ်ထဲရွာထဲ ဘုန်းကြီးတွေ့လို့ ရိုသေရမှန်းမသိဘူး။ သူငယ်ချင်းတွေ့သလိုပဲ။ ရိုသေသမှုပြုရမယ်ဆိုတာ သိကို မသိတော့တဲ့ခေတ်။ အိမ်မှာ ခိုင်းချင်ရာခိုင်းလို့ ရပြီဆိုရင် ဘုန်းကြီးကျောင်းလဲ လှည့်မကြည့်ချင် ကြတော့ဘူး။ သေစာရှင်စာလေးတောင် တတ်ခွင့် မရကြတော့တာ ရင်နာစရာပဲ။

ကလေးတစ်ယောက်ကို ခိုင်းလို့ လက်ရှိရလာမဲ့ အကျိုးကိုပဲ မြင်တက်တဲ့ မိဘတွေကလဲ အများသားပဲ။ ပညာတတ်တော့ကော ဘာလုပ်မှာလဲ ငယ်တုန်း ထန်းတက်သင်၊ ထယ်ထိုးတာသင်၊ အဲဒါတတ်ရင်တော်ပီပေါ့ ဆိုတဲ့ မိဘမျိုးတွေချည်းပဲ။ ခက်လိုက်တဲ့ ရွာသားတွေ..။ ကလေးတွေကလဲ ရပ်ထဲရွာထဲမှာ လက်ယားလက်ယား နေရတာကိုပဲ ပျော်နေတယ်ဆိုတော့ စာဘက်ကို စိတ်ဝင်စားမှုက နည်းသွားပြီပေါ့။ အရင်ခေတ်တွေကတော့ ဘုန်းကြီးကျောင်းစာ ဘာကုန်မှ ကျောင်းထွက်ရမယ်၊ မကုန်မချင်း အလုပ်မခိုင်းဘူး ဆိုတဲ့ခေတ်က ပြတိုက်ထဲ ရောက်သွားပြီကိုး...။


(၂)

အရဟတာဒိ န၀ဂုဏေဟိ အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့် ..........။

အင်း ကိုရင်ကျောင်းသားတွေတောင် ဘုရားဆွမ်းတော်ကပ်နေပြီ။ နေ့ဆွမ်းစားချိန်တောင် ရောက်ပြန်ပေါ့။ အင်း ဆွမ်းစား ကျောင်းကို ကြွမှပဲ။

ဆွမ်းပွဲကြည့်လိုက်တော့ သုံးနှစ်မိုးခေါင်ထားတဲ့ အရပ်လိုပဲ ခြောက်ကပ်ကပ်။ ဆွမ်းဝတ်ကျတဲ့ အိမ်ကလှူလိုက်တဲ့ ကြက်ဥဟင်း၊ ငရုပ်ကြော်၊ သရက်ချဉ် သုံးခွက်။ အသားဟင်းလေး တစ်ခွက်ပါဘို့က တော်တော်မလွယ်တဲ့ကံပဲ။ ဒီလိုပါပဲလေ ဖြစ်သလို ဘုဉ်းပေးလာရတဲ့ ရက်တွေကလဲ ထပ်နေပေါ့။ ကျေးလက်မှာ သံဃာတွေမပျော်တာ အစားအသောက် ချို့တဲ့တာလဲ ပါလိမ့်မယ် ထင်ရဲ့။ ခေတ်သစ်ရဟန်းလေးတွေက မြို့ပြထဲကို တိုးဝင်ဖို့ပဲ စိတ်ကူးတော့တယ်။ ရွာရဲ့ ပံ့ပိုးမှုကလည်း အရင်ကလို့ မဟုတ်တော့ဘူးလေ။ ကိုယ်တိုင်တောင် မျက်စေ့လည်ပြီး ကျောင်းထိုင်ဘုန်းကြီး လာဖြစ်နေတာ။ ကိုယ့်ရပ် ကိုယ့်ရွာလဲဖြစ်။ မြို့ကိုလဲ မပြန်ချင်တော့တာနဲ့ ကိုယ့်ရွာမှာကိုယ်ပဲ သောင်တင် နေတော့တာ။

သာရေးနာရေးအတွက် လိုအပ်ချက်လေးကြောင့် ပင့်ထားရသလိုဖြစ်နေတဲ့ တောရွာကျောင်းထိုင် ဘုန်းကြီးဘ၀က တကယ့်တကယ်တော့ ခုတ်ဖြတ်ထားတဲ့ သစ်တုံးကြီးလိုပဲ။ အညွန့်မထွက်နိုင်တော့ပဲ ဆွေးဆွေးလိုက်လာမှာ သေချာနေတယ်။ အထက်မဂ်လဲ မရ အောက်မဂ်လဲဆုံး ဆိုတဲ့ကိန်းဆိုက်ရတာပဲ (ဤနေရာတွင် အထက်မဂ် အောက်မဂ်ကို အကျယ်မရှင်းတော့ပါ သင့်သလိုယူဆပါကုန်)။ အင်း ဒီလိုနဲ့ပဲ တစ်ဖြးဖြေး အိုပြီးသေရမှာပေါ့လေ။ ဒါတွေဟာ တောရွာ ကျောင်းထိုင်များရဲ့ မထူးခြားတဲ့ ဖြစ်တည်ခြင်းတွေပါပဲ။

်ဒီလိုနဲ့ နေ့ဆွမ်းကိစ္စပြီးလို့ ပုတီးလေးစိတ်၊ စာလေးဖတ်၊ တရားလေးမှတ်ရင်း ခေါက်ရိုးကျိုး ဘ၀ကြီးကို ၀တ်ရုံနေရတာပါပဲ။


(၃)
ဂျိန်း..

မိုးချိန်းသံတွေ၊ အလို မိုးတွေတောင် ညို့နေပါပေါ့လား။

ဟေး ကိုရင်တွေ၊ ကျောင်းသားတွေ တံခါးတွေလိုက်ပိတ်စမ်း၊ မိုးရွာတော့မယ်ထင်ရဲ့..။

အင်း ဒီမိုးလေးရွာရင်တော့ ရွာသူရွာသားတွေ ကောက်ပဲသီးနှံ အဆင်ပြေတန်ကောင်းရဲ့။ မနှစ်က ဒီလမှာပဲ မိုးချိန်းပြီး မရွာတော့ ထွန်ချပြီး ကြဲပတ်ထားတဲ့ မျိုးလေးတွေ အကုန်ဆုံးရောမို့လား။ ဂီတနတ်သန် ကိုစောညိမ်းသီချင်းလိုပေါ့.. ဘာတဲ့.. အနောက်တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင့် မုန်းတိုင်းဆင့်လျှင် စစ်မျက်နှာဖွင့် တိမ်ခိုးလွင့်ကာနှင်.. ဆိုလား။ ရွာမဲ့မိုးတိမ်တွေလဲ လွင့်ကုန်တယ်ဆိုပါလား။ ချိန်းပြီး မရွာတာတော့ ဆိုးတာပေါ့။

ငယ်ငယ်က ကျက်မှတ်ခဲ့ဖူးတဲ့ ကဗျာလေးကလဲ တစ်မျိုးပဲ .. မရွာပဲ မဲလိုက်ပါနဲ့ မိုးမိုက်မောင် ပိန်းပိတ်လို့မှောင် ရွာမယောင် ဟန်ဆောင်နှင့် သူမြူး ရွှေမိုးညို မြောက်ကို ယိမ်းတယ် ချိန်းသင့်ပါဘူး.. တဲ့ (မှားနေလျှင်ပြင်ဖတ်ပါ)။ အနောက်ကလဲ ချိန်းတာပဲ၊ တောင်ကလဲ ချိန်းတာပဲ ဒီအချိန်ရောက်ရင် အရပ်လေးမျက်နှာက ချိန်းနေတာပဲ။ မရွာတာပဲရှိမယ် ချိန်းတော့ ချိန်းနေတာပဲ။ ရွာသားတွေတော့ ပြောထားရသေးတယ် မသေချာပဲ မျိုးမချမိဖို့ မနှစ်က ဒီလမှာပဲ မျိုးစေ့တွေ ဆုံးပြီးပြီလေ။

အင်းလေ ဘယ်တတ်နိုင်မလဲလေ၊ နေ၀င်လို့ ညရောက်ပြီဆိုတော့လဲ ဘုရားလေးဝတ်ပြု၊ ဂုဏ်တော်လေးပွား ရွာသူရွာသားများ အပေါ် မေတ္တတရားလေးပို့လွှတ်ပေးရတော့မှာပေါ့။ ရွာသူရွာသာတွေ အဆင်ပြေနေတာ မြင်ရမှ ကိုယ်လဲ စိတ်ချမ်းသာမှာလေ။ ရွာသူရွာသားတွေ စိတ်ချမ်းသာမှလဲ ကိုယ်လဲ နှစ်နှစ်ကာကာ ပျော်ရွှင်နိုင်မှာလေ။

ယဿာ နုဘာဝတော ယက္ခာ

နေ၀ ဒေဿန္တိ ဘီသနံ

ယဥှိစေ၀ နုယုဉ္ဇန္တော

.......................