Sunday, April 18, 2010

ဣဒမောဒတိ ပစ္စမောဒတိ



တစ်ခါက ရွာတစ်ရွာမှာ ဆရာတော်တစ်ပါးနှင့် ဒကာတော် တစ်ယောက်ရှိလေ၏။ ဒကာသည် နေ့စဉ်ဥပုသ် သီလဆောင်တည်လေ့ရှိပြီး သီလတစ်ပါးပါးကိုတော့ တစ်မျိုးမဟုတ်တစ်မျိုး နေ့စဉ်ကျိုးပေါက်လေ့ရှိ၏။ ဆရာတော်လည်း ထိုဒကာ ကျိုးပေါက်သော သီလ၏အမည်နှင့် “ဒကာ ဒီနေ့ “......” သီလကျိုးပေါက်၏” ဟု သင်ပုန်း၌ နေ့စဉ် ရေးလေ့ရှိ၏။ ဒကာလည်းနေ့စဉ် ရေးနေတော့ ဆရာတော်ကို သိပ်ပြီးမကြည်တော့၊ နေ့စဉ်ရက်ဆက် သီလကျိုးပေါက်တိုင်း ရေးနေတယ်ဆိုတော့ စိတ်ညစ်ညစ်နဲ့ နောက်တစ်နေ့ သင်းပုန်းမှာ ကိုယ်ကအရင် ရေးထားလိုက်တယ်... “ ဆရာတော်ဒီနေ့ သီလမကျိုးပါ” လို့။ ဆရာတော်ဖတ်ပြီး ဒေါသူပုန်ထလေ၏။ ဘယ်နဲ့ ဒီနေ့ဆရာတော့ သီလမကျိုးဆိုတော့ ခါတိုင်းနေ့တွေမှာ သီလကျိုးခဲ့သလိုပဲ မင်းရေးတာ ငါ့သိက္ခာချနေသလိုပဲတဲ့။

အင်းခက်တော့ ခက်သားနော်၊ ဒကာကတော့ချီးကျူးလိုက်တာပဲ ဆရာတော်သီလ မကျိုးတဲ့အကြောင်း။ စကားကောက်ကြောင်း လွဲမှားလေတော့ ဆရာတော် အရင့် အရင်နေ့တွေက သီလကျိုးခဲ့သလိုဖြစ်နေပြီ။ ဟုတ်တော့လဲဟုတ်တာပဲ။ ခက်တဲ့ဒကာ.. အသာမနေဘူး။

ကိုယ့်ဟာကိုရေးကြည့်မိတယ်.. ရှင်သစ္စာ ဒီနေ့ ကောင်းပါသည်တဲ့။ ဒီနေ့ကောင်းတယ်ဆိုတော့ ခါတိုင်းနေ့တွေက ဆိုးနေတယ်ပေါ့။ ဟုတ်လဲဟုတ်ပါတယ် အရွယ်၊ အချိန်အခါအရ ကောင်းကွက်လို့ရှာမရပဲ ဆိုးခဲ့မိတယ်။ ငယ်စဉ်က မိဘအပေါ်၊ နောက်ဆရာသမား၊ အပေါင်းအသင်း၊ စတဲ့ ကိုယ့်ရဲ့ ၀န်ကျင်အပေါ်။ ဒီလိုပဲ သူတို့ ခွင့်လွတ်သည်းခံသမျှ ဆိုးခဲ့မိတယ်။ ကောင်းကျိုးပြုခဲ့တာက ရှာမရ ဆိုးသွမ်းခဲ့တာပဲ မှတ်မိနေတယ်။ ဒီနေ့အထိလည်း မကောင်းနိုင်သေး။ ဆိုးမြဲဆိုးနေမိ၏။ တက်နိုင်သမျှ ကိုယ့်ကိုယ်ကို ပြုပြင်ရင်း ....... ကိုယ်တိုင်စာတမ်းလေးရေးထိုးလိုက်တယ်.. “ ရှင်သစ္စာ ဒီနေ့လည်းမကောင်းသေးပါ.. အရင်ကလည်းဆိုး.. နောက်လည်း မိုက်နေဦးမည် ထင်ပါသည် ” ။

ဣဒ မောဒတိ ပစ္စမောဒတိ၊
ကတပုညော ဥဘယမောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

ကောင်းမှုပြုသူသည် ဤဘ၀၌လည်းဝမ်းမြောက်ရ၏၊ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ၀မ်းမြောက်ရ၏၊ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သောကံကို သိမြင်ရ၍ အလွန်ပင်ဝမ်းမြောက်ရ၏။
(ဓမ္မပဒ၊ ဓမ္မ္ပိကဥပသကာဝတ္ထု)

ဘယ်တော့များ လိမ်မာပါလိမ့် ရှင်သစ္စာရယ်............. ဘယ်တော့များ ၀မ်းမြောက်မှုရမလဲ။ မသဲမကွဲ........

ပစ္စုပ္ပန် တမလွန် ၀မ်းမြောက်နိုင်သော သူများဖြစ်ကြပါစေ..........

No comments:

Post a Comment