Thursday, April 29, 2010

ခရီးသွား သုံးယောက်



ပုရိသော မဂ္ဂံ ဂစ္ဆတိ၊ ယောက်ျားသည် လမ်းခရီးကို သွား၏။

အဓိပ္ပါယ်ကတော့ ရိုးရိုးလေးပါ။ ကတ္တား၊ ကံ၊ ကြိယာသုံးခုတည်းရယ်လေ။ ငယ်စဉ်က လေ့ကျက်ခဲ့ရတဲ့ သဒ္ဒါဘေဒညွှန်းတမ်းလေး တစ်ခုသက်သက်ပင်။ ပုရိသော၊ ယောက်ျားသည်။ မဂ္ဂံ၊ လမ်းခရိးကို။ ဂစ္ဆတိ၊ သွား၏။ ဒါပါပဲ။ ငယ်ဘ၀ရဲ့ ဉာဏ်မှာ ဒါပဲကျက်မှတ်မိတယ်ဆိုရင်ပဲ ပြည့်စုံပြီလို့ ထင်မှတ်ခဲ့မိပေါ့။ နောက် အရွယ်ကလေးရလာတော့ လမ်းဆိုတာ ပကတိလမ်း၊ ဘ၀လမ်း၊ သံသရာလမ်းလို့ သုံးမျိုးကို စဉ်းစားမိ၏။

ပကတိလမ်း။ အားလုံးသော သတ္တ၀ါတို့သည် လမ်းခရီးကို နှင်ဖူးကြပေလိမ့်မည်။ ခရီးရဲ့ အနီးအဝေးအရ ခြေလျှင်၊ ကား၊ ရထား၊ လေယာဉ်စသည်တို့ဖြစ် သင့်တင့်သလို ခရီးနှင်ကြခြင်းပင်။ ကိုယ်ခရီးကို ကြုံသလိုသွားခဲ့ကြခြင်းပင်။ ကားနှင့်တက်နိုင်သူသည် ကားနှင်းခရီးသွားမည်။ ကိုယ်ပိုင်ကား ဘက်စ်ကား စသည်ဖြင့်တော့ ကွာနေပေလိမ်မည်။ ပိုက်ဆံပိုတက်နိုင်သူသည် လေယာဉ်နှင့် ခရီးနှင်မည်။ ခရီးတွင်မှုတွင်တော့ ကွာခြားချက် ရှိကောင်းရှိပေမည်။ အတုလမ်းဆုံးကိုရောက်ကြရင်ပဲ ရည်မှန်းချက်ပြည့်ပြီဟု ခံစားနေကြသည်။

ဘ၀လမ်း။ ဒါကတော့ အမိဝမ်းမှ မွေးဖွားခဲ့တာခြင်း အတူတူ ကံတူအကျိုးပေးအရ၊ ပါရမီအရ ကွာခြားချက်လေးတွေ ရှိစမြဲပင်။ ငယ်ရွယ်စဉ်မှာ သူဌေးသား၊ ဆင်းရဲသား သားဆိုတဲ့ သက်မှတ်ချက်အရ အတက်အကျနဲ့ ခရီးရောက်မှုတော့ ကွားချင်ကွာမည်။ ရေရှည်မှာတော့ ပညာတက်သောသူသည်သာ ခရီးရောက်၊ ခရီးတွင်ခဲ့သည့် သာဓကနဲ့ ရှေ့ကိုခြေတစ်လှမ်းပိုရောက်နေတက်သည်ဆိုတာတော့ အားလုံးအသိပင်။ ကကြီးရေ က ဆိုတာကစလို့ ဘ၀ကိုလေ့ကျက်ခြင်းတွေ၊ ဖတ်မှတ်မှုနဲ့ ဆင်ခြင်တုံတရားက ဘ၀ကို ပုံဖော်တယ်ဆိုတာတော့ သံသယဖြစ်နေစရာမလိုပေ။ သမိုင်းတွေ၊ မှတ်တမ်းတွေကို ကြည့်ခြင်းဖြင့် သိနိုင်လေသည်။ ပကတိ ခရီးထက် ဘ၀ခရီးသည် ပို၍ ရှည်ကြာနေသောကြောင့်ပင်။ ဘ၀ခရီးသည် အသက်တမ်းအရ၊ အသက်ကံအရ လျှောက်လှမ်းရတဲ့ ခရီးပင်ဖြစ်လေ၏။

နောက် သံသရာလမ်း။ ဒီမှာတော့ ဘာသာအယူဝါဒအရ ကွဲပြားမှုအနည်းငယ်ရှိနေပေမည်။ ခရစ်ယန်အယူဝါဒအရ ဘ၀သည် သေလွန်လျှင် ခရစ်တော်မှာအိပ်ပျော်ခြင်းဖြစ်ပြီး ပြုခဲ့တဲ့ကံ၊ ကံ၏အကျိုးအရ ကောင်းကင်ဘုံ၊ ငရဲစသည်ကွဲပြားမှုသာ။ အခြားအခြားသော ဘာသာဝါဒအရ သူတို့သူတို့၏ သတ်မှတ်ချက်သည်ပင် သူတို့၏ ပန်းတိုင်ဖြစ်လေတော့ သံသရာခရီးသည် ပြဋ္ဌာန်းပြီးသားဖြစ်လေ၏။ ဗုဒ္ဓ၏အလိုအရတော့ သံသရာခရီးသည် လွန်စွာမှ ကျယ်ဝန်း ရှုပ်ထွေးပြီး၊ အဘိဓမ္မာသဘောကို နားလည်ပြီး၊ သံသရာစက်ကိုဖြတ်နိုင်ပါမှ သံသရာခရီးသည် တွင်ပေလိမ့်မည်။ တစ်ဘ၀တည်းနှင့် ခရီးဆုံးရောက်သူ၊ ခုနှစ်ဘ၀ဖြင့်ခရီးဆုံးရောက်နိုင်သူ စသည်ဖြင့် ကွာခြားမှုကို မြတ်ဗုဒ္ဓဒေသနာတော်အရ တွေ့နိုင်၏။ မဇ္ဈိမ ပဋိပဒါ လမ်းဖြင့်သွားနိုင်သူသည် သစ္စာလေးပါးတည်းဟူသော လမ်းခရီအဆုံးကို အရင်ရောက်နိုင်ပြီး၊ အတ္တကိလမထ၊ ကာမသုခလ္လိကာ နုယောဂ လမ်းမှ သွားသော သံသရာခရီးသွားသည် သံသရာလမ်းဆုံးကိုရောက်ရန် နှောင့်နှေးနေပေလိမ့်မည်။ ဓမ္မစကြ်ာ ဒေသနာတော်၌ မြတ်စွာဘုရားသည် အတိအကျပင် ဟောကြားတော်မူခဲ့လေပြီ။

ခရီးသုံးမျိုးတွင် ကိုယ်တိုင် ဘယ်ခရီးကို တွင်လိုသည်ကိုတော့ ဉာဏ်ဖြင့် စဉ်းစားကြစေလိုသည်။ အချို့သည် ပကတိခရီးကို အမြန်နှင်နေ၏။ အချို့က ဘ၀ခရီးကို တန်ဘိုးတစ်ခုအဖြစ် ခံယူချက်ဖြစ် မောင်းနှင်နေကြ၏။ သံသရာခရီးဆိုတာကိုတော့ဖြင့် မတွေးမိကြသေးသည်မှာ အသေအချာပင်။ အနည်းငယ်သော ပုဂ္ဂိုလ်၊ သတ္တ၀ါတို့သည်ပင် သံသရာခရီးအတွက် အမြဲမပျက် ကြိုးစားအားထုတ်နေကြသည်။ ကိုယ့်တန်ဘိုးနဲ့ ကိုယ့်လျှောက်မဲ့ခရီးကို ရွေးခြယ်လျှောက်လှမ်း နေသူများပင်။ ကိုယ်အလိုရှိရာခရီး ကိုတော့ဖြင့် တန်ဘိုးထားလျှောက်လှမ်းနိုင်ပါမှ ကိုယ်လိုရာခရီးကို ရောက်ရှိနိုင်ပေလိမ့်မည် ဖြစ်ပေသည်။

ပကတိခရီး၊ ဘ၀ခရီး၊ သံသရာခရီးတို့၌ ဖြောင့်ဖြူးသော သူများဖြစ်ကြပါစေ။

Wednesday, April 28, 2010

သံသရာ အိပ်မက်


မက်လိုက်ပါတယ်
သံသရာတွေ အဆက်လိုက် အဆက်လိုက်
အိပ်မက်တွေ အိပ်မက်တွေ
တစ်ခုမှတော့ ပြန်စဉ်းစားမရတော့ဘူး
ကိလေသာအလူးလူးနဲ့
မှိုင်းမူးနေတဲ့ငါ
နိုးထနိုင်ခြင်းမှ မရှိသေးတာပဲ

မောဟစေခိုင်းလို့စခဲ့တဲ့
ဘ၀ရဲ့ ပဋိစ္စသမုပ္ပါဒ်ခရီး
နီးသလားလို့ ကိုယ့်စိတ်ကိုပြန်မေးကြည့်တော့
အဝေး အဝေးကြီး
ပညာဉာဏ်နဲ့ထွက်ပေါက်တွေ့အောင်မှ
မင်းက မရှာဖွေတတ်သေးတာတဲ့
(သေရော)

မောနေပါတယ်ဆိုမှ
ဟောကြည့် အကြုံခရီးလိုက်မယ့်
လောဘ ဒေါသ ကိုလည်း
ကျောပေါ်မှာတင်ထားရသေးတယ်
အလှည့်ကျ အကုသိုလ်တွေက
လစ်သလိုဝင်ကလို့
ဘ၀ကို ဆွဲဆွဲနှစ်ကြတာ
ချွေးကိုရွှဲရော

ငမ်းငမ်းတတ်လိုချင်မှုရယ် အတ္တရယ် နည်းတဲ့
လွတ်လပ်ခြင်းရှိတဲ့ဘ၀လေးကို
တမ်းတ မိတယ်
ပျော်ရွှင်စရာကောင်းမှာ အမှန်ပဲလေ
ခပ်ရှင်းရှင်းလူတစ်ယောက်အဖြစ်
အင်း လွယ်တော့ မလွယ်သေးဘူး
နွံလူးနေတဲ့ ငါ့စိတ်ကို
ရေအရင်ဆေးမှဖြစ်မယ်
ဒါမှလေ
အိပ်မက်တွေကနေ စင်ကြယ်စွာနိုးထနိုင်မှာကိုး

Monday, April 26, 2010

လွမ်းစရာ့ ပွဲ



ကဆုန်လပြည့် ဗုဒ္ဓနေ့တဲ့။ ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်းမှာ အလောင်းတော် နိယတဗျာဒိတ်ခံယူရာနေ့။ မဟာသက္ကရာဇ် ၆၈ ခု၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ရာနေ့။ မဟာသက္ကရာဇ် ၁၀၃ ခု၊ ဂယာသီသအရပ်၌ သဗ္ဗညုတရွေဉာဏ်တော်ကိုရ၍ ဘုရားဖြစ်ရာနေ့။ မဟာသက္ကရာဇ် ၁၄၈ ခု၊ သက်တော်ရှစ်ဆယ် ၀ါတော် လေးဆယ့်ငါးဝါအရမှာ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ရာနေ့ တို့သည် ကဆုန်လပြည့်နေ့ ပင်ဖြစ်လေ၏။

နေနန်းရယ်တဲ့ ဖန်သူရိန်
တန်ခိုးဥဏှဂူနှင့်
ကဆုန်ဟူ ဒီမာသမှာ
ပြင်းပြပူရှိန်

မဇ္ဈိမအရပ်မှာတော့ ကဆုန်နွေသည် ပြင်းပြစွာအစွမ်းပြနေပေတော့သည်။ နွေရိပ်ခိုရင်း စာဖတ်ခြင်း၊ စာတမ်းအတွက်ပြင်ဆင်ခြင်း စသည်ဖြင့် နားနေတိုးဝင်မိလေ၏။ ပြက္ခဒိန် စာမျက်နှာများကို လှန်လှောမိတော့ ဒီနေ့ ကဆုန်လပြည့်နေတဲ့။ ဘုရားရှင်နှင့် ပတ်သက်တဲ့ နေ့ထူးနေ့မြတ် ပေတကား။

နိယတဗျာဒိတ်ခံယူစဉ်က လောင်းတော်ရဲ့စိတ်ဓာတ်၊ ဝေနေယျတို့အပေါ်ထားတဲ့သူရဲ့ ကြီးမားတဲ့မေတ္တာ၊ တစ်ကိုယ်ကောင်း မဆန်တဲ့လုပ်ရပ်၊ တသသဖတ်ပြီး ကြည်ညိုမိတော့သည်။ ယောက်ျားဇာနည်တို့ရဲ့ ဇွဲခရီးကို စတင်မည့်သူအဖြစ် သူ့ရဲ့စိတ်မှာ မှတ်တိုင်သစ်ရေးထိုးခဲ့လေ၏။ ပြုနိုင်ခဲတဲ့အထူးထူးသော ပါရမီတော်တို့ကို တစိုက်မတ်မတ် ဖြည့်ကျင့်ခဲ့လေတော့သည်။ တဆက်တည်း ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ဗြဟ္မစိုရ်နာရေးကူညီမှု အသင်းခေါင်းဆောင် ကိုကျော်သူရဲ့ လူမှုဝန်ထမ်းဆုရရှိခြင်း ပူပူနွေးနွေးသတင်းလေး ဖတ်ပြီး အော် သူလည်း သူတော်မြတ်တို့လမ်းစဉ်လိုက်နေသူပါလားလို့.. လေးစားရင်းကို အားဖြည့် လိုက်မိတော့သည်။


ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသနေ့စွဲ

ငယ်ရွယ်စဉ်က ကျက်မှတ်ခဲ့ရတဲ့ လယ်တီဆရာတော်၏ ခုနှစ်နေ့ဘုရားရှိခိုးလေးမှ ကဆုန်လပြည့် ၀ိသာခါနက္ခတ်နှင့်ယှဉ်လျှက် အလောင်းတော်မြတ်မင်းသားလေးကို ဖွားမြင်ခဲ့သည်ကိုလည်း မှတ်သားရ၏။ ၀ိသာခါနက္ခတ်ဆိုသည့် အဓိပ္ပါယ်ကိုတော့ ဆက်မတွေးတက်ခဲ့ပေ။ အလောင်းတော်မြတ် ဖွားမြင်ခဲ့ခြင်းကိုသာ စိတ်ထဲမှာ သိသာစေခဲ့၏။ လောကကောင်းကျိုးအတွက် အလင်းရောင်ပေါ်ထွက်မဲ့ နိမိတ်တစ်ခုပေ။ လူသားတစ်ယောက် အဖြစ်မွေးဖွားခဲ့ခြင်း၊ လူသားတစ်ယောက်လို နေထိုင်ပြုမှုခဲ့ခြင်းဖြင့် ဖန်ဆင်းခံရခြင်း သံသယကိုပယ်ဖျောက် ပေးနိုင်ခဲ့လေ၏

မဟာဗောဓိညောင်ပင်ရင်းမှာ သစ္စာအလင်းကို ကိုယ်တိုင်ထွန်းညှိနိုင်တဲ့နေ့။ ဘုရားရှင်ရဲ့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ခဲ့တဲ့ ပါရမီ၊ လေ့ကျက်ခဲ့တဲ့ ပညာအစွမ်းဖြင့်ရအပ်တဲ့ အောင်ပန်း၊ ကိုယ်တိုင်တတ်လှမ်းနိုင်ခဲ့ ခြင်းပင်ဖြစ်လေ၏။ ထိုမှစ၍ လေးဆယ့်ငါးဝါပတ်လုံး ဝေနေယျတို့ကို တရားရေအေး တိုက်ကျွေးတော်မူခဲ့လေ၏။

လေးဆယ့်ငါးဝါပြည့်လို့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်ကိုကြွရောက်ပြီး သေခြင်းတရားကို မည်သူမျှမလွန်ဆန်နိုင်ပုံ၊ ဘုရားပင်ဖြင့်သော်လည်း ဖြစ်ပြီးလျှင်ပျက်ခြင်း သဘောအတိုင်း ပရိနိဗ္ဗာန် စံဝင်တော်မူလေ၏။ နောက်ဆုံးမိန့်မှာချက်ကိုတော့ .. “ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ၀ယဓမ္မာ သင်္ခါရာ အပမာဒေန သမ္ပာဒေထ။ ချစ်သားတို့ ငါဘုရားနောက်ဆုံးမှာတော်မူခဲ့မယ် ဖြစ်ဖြစ်သမျှသော တရားအားလုံးတို့သည် အစိုးမရ ပျက်စီးခြင်းသဘောရှိကုန်၏၊ မမေ့သော သတိ၊ မလျှော့သော ၀ီရိယ၊ မဆသော ပညာတရားတို့ဖြင့် ကိုယ်စီကိုငှ ပြည့်စုံ၍ နေရစ်ကြ ” တဲ့။ နောက်ဆုံးအချိန်အထိ သတ္တ၀ါဝေနေယျတို့ကို သားရင်းတွေပမာ စိတ်မချလို့ မှာတမ်းလေး ပေးခဲ့ခြင်းပင်။


ပန်းစကားဝါ
နန်းဘမယာ ကေသီဆင်လို့
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့
ငြိမ့်ညောင်းအောင်ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်းကြတယ်
လွမ်းစရာ့ပွဲ

ထိုကဲ့သို့ ဘုရားရှင်နှင့်ပတ်သက်တဲ့နေ့၊ သက်တော်ထင်ရှားဘုရားကို အာရုံပြုပြီး ကဆုန်ညောင်ရေသွန်းပွဲများ စည်ကားစွာကျင်းပလေ့ရှိကြ၏။ မြန်မာပြည်မှာတော့ ရှိသည်။ ဗာရာဏသီမှာတော့ အလေ့မရှိ၊ သတိလေးရရုံနဲ့ပဲ ၀မ်းနည်းစွာကျေနပ်နေရတော့သည်။ လွမ်းစရာ့ပွဲ၊ ဘုရားရှင်မှာတမ်းလေးကို မြည်တမ်းရင်းလည်း လွမ်းသည်။ ဤနေ့လေးမှာဖြင့် ဘုရားရှင်ကို ရည်မှန်း ရေသွန်းခြင်း၊ လှူဒါန်းမှုပြုခြင်းတို့ဖြင့် အမိမြေသည် ကုသိုလ်ဖြင့်တန်ဆာဆင်နေပေလိမ့်မည်။ သမုဒယမပါပဲ တစ်ယုတစ်ယပင် လွမ်းလိုက်ပါ တော့သည်။

Sunday, April 25, 2010

ပျော်ရွှင်ခြင်း သီအိုရီ



ဣဓ မောဒတိ ပစ္စ မောဒတိ၊
ကတ ပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

Here he rejoices, hereafter, he rejoices, one who performs meritorious deeds rejoices in both existences. He rejoices and greatly rejoices when he sees the purity of his own deeds.

ကောင်းမှုပြုသူ ထိုသည့်လူသည် ပစ္စုပ်တမလွန် နှစ်တန်ဘ၀ ၀မ်းမြောက်ရ၏။ စင်ကြယ်သန့်ရှင် ပြုခဲ့ခြင်း၏ ကောင်းမှုပုညာ မြင်သောခါ၌ လွန်စွာစိတ်မှ ၀မ်းမြောက်ရ၏။

happiness!
Though he had Eden to live in, man cannot be happy alone. (Josephine Pollard)

ပျော်ရွှင်ခြင်း...
ဧဒင်ဥယျာဉ်ကြီးတစ်ခုလုံး ပေးထားပေမဲ့လည်း ယောက်ျားတွေဟာ တစ်ယောက်တည်းနေရတာကို မပျော်နိုင်ကြဘူး။

If happiness truly consisted in physical case and freedom from care, then the happiest individual would be neither a man nor a woman, it would be, I think, an American cow. (unknown)

ပျော်ရွှင်မှုဆိုတာ ရုပ်ပိုင်းအရ သက်သက်သာသာနေရတာရယ်၊ စိုးရိမ်ကြောင့်ကြကင်းတာရယ် ပါဝင်နေတာ တကယ်ပဲဆိုရင်၊ အပျော်ရွှင်ဆုံပုဂ္ဂိုလ်ဟာ ယောကက်ျားလည်းမဟုတ်၊ မိန်းမလည်းမဟုတ်ဘူး၊ ကျွန်တော့အထင် ပြောရရင် အမေရိကန်နွားမပဲ။

(ဘာတွေမှန်းတော့မသိ၊ အဆက်အစပ်လဲ မရှိဘူးထင်တာပဲ၊)

ပျော်ရွှင်မှုအစစ်ကိုရှာတွေ့နိုင်ကြပါစေ။

အတ္တဥခွံအတွင်းက စစ်


ကြည့်ပေါ့
ငါ့မသိပဲ တိုက်လိုက်မိတဲ့
အ၀ိညာဏက ခလုပ်တစ်ခုက

သူ့ရဲ့ စိတ်အတွင်းမှာတော့
ဒေါသတစ်ခုအဖြစ်နဲ့
ဝေဒနက္ခန္ဓာစစ်စစ်ကိုဖြစ်ရော


သနားမိတယ်
ဗြဟ္မစိုရ်တစ်ဝက် နှလုံးသားနဲ့
ခက်တော့လဲ အခက်သား
ငယ်ရွယ်သူ လူသားဆိုတော့
သဘောတရားကိုမသိရှာဘူး
သဘောရယ် တရားရယ်
နှစ်လုံးထဲ ကပ်ရှုပ်လို့

အဟုတ်ပေါ့
သူခံယူချက်နဲ့သူတော့
ဒီသဘာဝတရားမှာ
သူရဲကောင်းလို့ ခံစားမိမှာပဲ
ယူပေါ့
သူမတွေးမိတဲ့ အပူတွေ

ငါလေ ဘာပြောလို့ရမှာလဲ
ဒီအတိုင်းပဲ ကြည့်နေလိုက်တယ်
ညှိလို့မှမရတာ

စိုင်းစိုင်းသီချင်းထဲကလို
လာပါ လက်ဆွဲနှုတ်ဆက်ကြစို့ လို့
ပြောချင်ပေမဲ့
သူကမ်းမဲ့လက်တစ်ဖတ်က
ကြမ်းတမ်းနေခဲ့ရင်ဆိုတဲ့ စိတ်နဲ့
ငါ
သူ့အတွက် စိတ်ပျက်မိပေါ့

ဘ၀ဆိုတဲ့ဘာသာဗေဒကို
သူ သေချာမသင်ခဲ့လေတော့
လုပ်ပေါ့ သူသဘောသူဆောင်
ိဟောင်တိုင်းထမကြည့်တက်တဲ့ ငါ့ကျင့်နဲ့ တော့
ခပ်ဝေးဝေးပဲကောင်းပါတယ်



ဘာမှန်းမသိလိုက်တဲ့ သမုဒယဒိုက်မှိုက်ကြောင့် မိုက်နေတဲ့ညီလေးတစ်ယောက် အတွက်ရေးစပ်ခဲ့ခြင်းပါ။ နောင်တဆိုတာမလာခင် သူ့ရင်တွင်းမှာ အမြင်မှန်တရားများ ကိန်းနိုင်ပါစေကြောင်းတော့ ဆုတောင်းနေမိတယ်။


နတ်သမီးလေးတွေလိုချင်လျှင် ဒီဂါထာရွတ်



“သားရဟန်းဘုရား မွေးရပ်မြေဖြစ်တဲ့ ကပိလ၀တ္ထုကို ကြွရောက်၍ တရားဒေသနာတော် ချီးမြှင့်လှည့်ပါဦးဘုရား”

ရေမြေ့ရှင် ဖခင်ဘုရင် သုဒ္ဓေါဓနရဲ့ အမှာတော်။ ဘုရားရှင်သည်ကား ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်ကာလ၊ နောက်ပါ ရဟန္တာအများခြံရံလျှက် ကပိလ၀တ္ထုဘက်ကို လှည့်လည်ကြွ ချီတော်မူလေ၏။ ဆွေမျိုးများကို တရားရေအေးတိုက်ကျွေးပြီး၊ ဝေဿန္တရာ ဇာတ်တော်ကို ဟောကြားခြင်းဖြင့် ဖခင်ဘုရင်ကြီးကိုလဲ သောတာပန်မှသည် သကဒါဂါမ်အဆင့်ထိ ဖြစ်စေခဲ့လေ၏။ ဆွေမျိုး အများအားလည်း အမြိုက်တရား၏အရသာကို ခံစားစေလျှက်၊ ရာဟုလာ၏မယ်တော် ယသော်ဓရာကိုအကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော် ကိုလည်းဟောကြား တော်မူခဲ့၏။

တတိယမြောက်နေ့၊ ညီဝမ်းကွဲဖြစ်သော နန္ဒမင်းသား၏ မင်္ဂလာပွဲကား ချိမ့်ချိမ့်သည်း ကျင်းပနေချိန်၊ ဘုရားရှင် ကြွချီတော်မူကာ၊ ဆွမ်းခံခြင်းဖြင့် ချီးမြှင့်ပြီး သပိတ်ကို ညီတော် နန္ဒ၏လက်တွင်းသို့ အပ်နှင်းကာ ရှေ့တော်မှာ မည်သည့်စကားကိုမျှမဆိုပဲ ပြန်ကြွတော်မူ၏။ နန္ဒမင်းသားလည်း ချစ်ကြောက်ရိုသေရသော အကိုတော်ဖြစ်သည့်အတွက် မည်သည့် စောဒကမှ မတက်ဝံ့ပဲ နောက်တော်ပါးမှ ဘယ်နေရာမှာများ သပိတ်တော် ယူလိမ့်နိုးနိုးနဲ့ လိုက်ပါခဲ့ရ၏။ မင်္ဂလာမဏ္ဍပ်လွန်သော်လည်း အကြောင်းမထူးသေး၊ နန်းတော်တံခါးလွန်သော်လည်း လှမ်းယူမည့် အရိပ်အယောက်မမြင်။ ထိုစဉ် မင်းသမီး(ဇနီးလောင်း) ဇနပဒကလျာဏီရဲ့မှာတမ်းလေး “ အမြန်ပြန်လာပါ မောင်တော် ” တဲ့။ နန္ဒမင်းသားကြားလိုက်ရတယ်ဆိုရင်ပဲ ရင်ထဲမချိပြီ။

ဇေတ၀န်ကျောင်းတော်ကို ရောက်တဲ့အထိ ကြောက်ကြောက်နှင့် လိုက်ပါလာခဲ့ရလေ၏၊ “သူ့ကိုရဟန်းပြုပေးလိုက်” တဲ့ ဘုရားရှင် တစ်ချက်လွတ်အမိန့်တော်။ ဆွေးပြီ၊ မကျေနပ်၊ ပျော်လည်းမပျော်၊ သူ့စိတ်ထဲမှာ ပြည်တော်ပြန်ပြီး ဇနပဒကလျာဏီဆီကိုပဲ ပြေးသွားချင်စိတ်က ထိန်းလို့မရ၊ “အမြန်ပြန်လာပါ မောင်တော်” ဆိုတဲ့ အမှာစကားသံလေးကား နားစည်မှာ တရစ်ဝဲ၀ဲ ရိုက်ခတ်လို့။ တရားလည်းအားထုတ်လို့မရ၊ ဘ၀နှယ် ဆိုးလှပါလားဆိုတဲ့ စိတ်ကဖိစီးနေ၏။

ထိုအကြောင်းကို ဘုရားရှင်သိတော်မူတယ်ဆိုရင်ပဲ နောက်တော်မှလိုက်ခဲ့ဖို့ခေါ်ပြီး ရှေ့တော်မှ ကြွသွားတော်မူလေ၏။

ညီတော် နန္ဒ .. “ဟိုးသစ်ငုတ်ပေါ်ထိုင်နေတဲ့ မျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူပိုလှသလဲ” တဲ့။

“မေးရက်လိုက်တာနောင်တော်ဘုရား.. နှမတော် ဇနပဒကလျာဏီကို ဒီမျောက်အိုမကြီးနဲ့ နှိုင်းရက်လိုက်တာ၊ နှမတော်ဟာ အလှမှာ စံတင်လောက်သူပါဘုရား”
တဲ့ ခပ်ညစ်ညစ်နဲ့လျှောက်တင်လိုက်တယ်။

ကဲ ဒါဆိုရင်လည်း လိုက်ခဲ့ဦး ဆိုးပြီး။ တန်ခိုးတော်နဲ့ နတ်ပြည်ကို ခေါ်သွားလေ၏။ နတ်ပြည်မှာ နတ်သမီးလေးတွေက ဘုရားရှင်ရဲ့ ဝေယျာဝစ္စတွေကို ဆောင်ရွက်ပေးရင်း ဖူးမျှော်ကြလေ၏။

“နတ်သမီးလေးတွေ မလှဘူးလား ညီတော် ”

“မှန်ပါ နတ်သမီးလေးတွေနဲ့ ယှဉ်လိုက်ရင် နှမတော် ဇနပဒကလျာဏီဟာ စောစောကတွေ့ခဲ့တဲ့ မျောက်အိုမကြီးနဲ့ တူပါတယ်ဘုရား”


“နတ်သမီးလေးတွေကို မလိုချင်ဘူးလား ညီတော်


“မှန်ပါ ဘုရား ရရင်တော့လိုချင်ပါတယ်ဘုရား”


ဒါဆိုရင်တော့ ဒီဂါထာလေးတွေကို ရွတ်၊ သင်နတ်သမီးလေးတွေကို ရလိမ့်မယ်ညီတော်”
လို့ မိန်တော်မူပြီး ဂါထာတော်များသင်ကြားပေးလိုက်၏။

ယထာ အဂါရံ ဒုစ္ဆန္နံ၊
ဝုဒ္ဓိ သမတိ ၀ိဇ္ဈတိ။
ဧ၀ံ အဘာဝိတ စိတ္တံ၊
ရာဂေါ သမတိ ၀ိဇ္ဈတိ။

ယထာ အဂါရံ သုစ္ဆန္နံ၊
ဝုဒ္ဓိ သမတိ ၀ိဇ္ဈတိ။
ဧ၀ံ သုဘာဝိတံ စိတ္တံ၊
ရာဂေါ န သမတိ ၀ိဇ္ဈတိ။

ရွတ်ပြီ၊ နန္ဒမင်းသား၊ နားလည်တာမလည်တာ အပထား၊ နတ်သမီးလေးတွေရဖို့အရေး မနားမနေ ရွတ်၏။ နေ့စဉ်ရွတ်ပါများတော့ ရဟန်းတွေကတောင် ကဲ့ရဲ့ကြတယ်၊ ဘယ့်နဲ့ ဒီကိုယ်တော် နတ်သမီးတွေလိုချင်လို့ ဂါထာတော်တွေကို ရွတ်ဖတ်နေလိုက်တာ နားကိုမနားဘူးတဲ့။ သူဂရုမစိုက် တစိုက်မတ်မတ် ရွတ်ဖတ်လာရင်း၊ ဘုရားရှင်ရဲ့ ရည်ရွယ်ရင်းကို သိမြင်သဘောပေါက်သွားလေ၏။ အဓိပ္ပါယ်ကို သိလျှင်သိခြင်းပဲ နတ်သမီးတွေလဲ သူ့စိတ်ထဲမှာ မရှိတော့၊ သံယောဇဉ်ဆိုတာတွေကို တိခနဲသူဖြစ်ပစ်နိုင်လိုက်လေ၏။

အဓိပ္ပါယ်လေးက...

အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့၊ စိတ်ကို သမထ၊ ၀ိပဿနာဖြင့် ကောင်းစွားမပွားထုံအပ်သည်ရှိသော် ရာဂသည်ဖောက်ဝင်နိုင်၏။

အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော မိုးရေသည် မဖောင်ဝင်နိုင်သကဲ့သို့၊ စိတ်ကို သမထ၊ ၀ိပဿနာဖြင့် ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

နန္ဒမင်းသားကတော့ သဘောပေါက်သွားပြီ၊ ရှင်သစ္စာကတော့ သဘောမပေါက်သေး၍ နတ်သမီးရမဲ့ ဂါထာလေးများ ရွတ်ပွားနေမိသေး၏။


ယထာ အဂါရံ ဒုစ္ဆန္နံ၊
..........

ယထာ အဂါရံ သုစ္ဆန္နံ၊
............

Saturday, April 24, 2010

ဖန်မီးအိမ်



၁၉၉၀ ၀န်းကျင်နှစ်များ။ အညာကျေးလတ်ဒေသရဲ့ ညပိုင်းစာကျက်ဝိုင်းလေးများမှာတော့ ဖန်မီးအိမ်ဆိုတဲ့ အရာလေးဟာ မရှိမဖြစ်တဲ့ ပစ္စည်းလေးအဖြစ် ပါဝင်ခဲ့လေ၏။ အောက်ခြေမှာ ရေနံဆီထည့်၊ မီးစာပြားပြားလေးကို လိုသလိုညှိပြီး ထွန်းရတဲ့ ရှေးခေတ် အလင်းပြပစ္စည်းတစ်မျိုးဖြစ်၏။ မြို့ပြတွေမှာလို့ လျှစ်စစ်မိးမရှိ၊ (ဖယောင်းတိုင်ကလည်း ဈေးကြီးပြီး အရာသိပ်မရောက်လှတော့) အဆင်းမြင့်တဲ့ စာကျက်ဝိုင်းမရှိ၊ ခေတ်နောက်ကျနေတဲ့ ကျေးလတ်အသိတွေပဲ ငယ်ဘ၀ရဲ့ဒိုင်ယာရီထဲမှာ ရှိနေခဲ့၏။

မြို့ကြီးတွေမှာတော့ အသက်ကြီးမှပညာသင်ချင်သူတွေနဲ့၊ နေ့ခင်းဘက်အလုပ်လုပ်ရတဲ့ ပညာလိုက်စားသူတွေ အတွက် ညကျောင်းဆိုတာတွေရှိလေ၏(အခုတော့ ပျောက်ကွယ်ကုန်ပြီ)။ မြို့ပြမှာ ပညာသင်ဖူးတဲ့ ရွာဦးကျောင်း ဆရာတော်မှ ခေတ်အမြင်နဲ့ ကျောင်းမှာ ခေတ်အဆက်ဆက်က သိမ်းဆည်းထားခဲ့တဲ့ ရှေးဟောင်းတစ်ပိုင်း ဖန်မီးအိမ်လေးတွေကို ပြင်ဆင်ပြီး၊ ရေနံဆီဝယ်ပြီးထည့်၊ နောက်တော့ ကျောင်းသား၊ ကျောင်းသူ (အဲဒီအချိန်လောက်ဆီက ရပ်ရွာရဲ့ပညာရေးလိုက်စားမှုဟာသူငယ်တန်းမှ လေးတန်းအထိပဲ ရှိသေးတယ် မျက်စေ့နား မပွင့်သေးတဲ့ ခေတ်တစ်ခုပေါ့) လေးများကို ကျောင်းမှာခေါ်ပြီး စာကျက်ဝိုင်းလေးစီစဉ်ပေး၏။ နာမည်လေးကတော့ ခပ်ရှင်းရှင်းပဲ ညကျောင်းတက်ခြင်းတဲ့။ မြို့ပြရဲ့ ပညာရေးလိုအပ်ချက်ဖြည့်ဆည်းပေးတဲ့ ညကျောင်းတွေရဲ့အမည်ကို ယူထားတယ်ဆိုတာတော့ သေချာ၏။

ကျောင်းတွေဖွင့်ချိန်မှာ လောကဓာတ်ကျောင်းသား၊ နွေရာသီ ကျောင်းပိတ်ချိန်မှာတော့ ဘုန်းကြီးကျောင်းသား ပုံစံနှစ်မျိုးဖြစ်ခဲ့ရ၏။ အတန်းကျောင်းမှာ ခေတ်နဲ့အညီ ပညာရေးရှိသလို ဘုန်းကြီးကျောင်းမှာ သင်းပုန်းကြီးကစလို့၊ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ နမက္ကာရ၊ ရတနာရွှေချိုင့်၊ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်းစတဲ့ ဘာသာရေးစာပေတွေကို အရွှယ်နဲ့အညီ သင်ကြာပေးလေ၏။ လောကနီတိ ဆိုတာကတော့ ငယ်ဘ၀ကို တည့်မတ်ပေးခဲ့တဲ့ ပညာမီးအိမ်လေးတစ်ခုပေါ့။ (ဒီနေရာမှာ ဘုန်းကြီးကျောင်း ပညာရေးကအမွေပေးလို့ မြန်မာစာကို မတောက်တစ်ခေါက်တတ်ခဲ့ရတယ်ဆိုတာတော့ ၀န်ခံပါရစေ)။

ဒီနေရာမှ သတိရနေမိသည်က ဖန်မီးအိမ်၊ ပညာအလင်းကိုမြှင့်တင်မဲ့နိမိတ်အဖြစ်တင်စားကြ၏။ မီးအိမ်ရှင်မလေး ဆိုတဲ့ သီချင်းကိုလည်းကြားဖူး၏။ မီးပြတိုက်၊ မီးအိမ်၊ မီးရှုးတန်ဆောင် စသဖြင့် ဘ၀ရဲ့ လမ်းပြများအဖြစ် တင်စားမှုတွေအမျိုးမျိုး။ ထမင်းစား စားပွဲဝိုင်းများရဲ့ အလယ်မှာ မီးအိမ်လေးများကိုတင်ထားပြီး ကျောင်းသား၊ ကျောင်းသူတွေ အတန်းတူရာတူရာ စာဝိုင်းကျက်ရတဲ့ ဘ၀လေးဟာ ဘယ်လိုမှမေ့ပျောက်လို့မရတဲ့ ငယ်ဘ၀ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ခဲ့၏။

ယံ မင်္ဂလံ ဒွါဒသဟိ...... သမန္တာစက္က၀ါဠေသု... စတဲ့သင်အံရွတ်ဖတ်သံ၊ Ant ပုရွက်ဆိတ်၊ apple ပန်းသီးစတဲ့ စကားလုံးများကျက်မှတ်သံ၊ ပထမမြန်မာနိုင်ငံတော်အကြောင်း၊ အလောင်းဘုရား။ အနော်ရထာစတဲ့ တိုင်းပြည်ကိုထူထောင်ခဲ့ကြတဲ့ မင်းများအကြောင်းနဲ့ မြန်မာနိုင်ငံသမိုင်း၊ မမြင်ဖူးပေမဲ့ မြန်မာပြည်ရဲ့ သဘာဝသယံဇာတ တွင်းထွက်တွေအကြောင်း သိရစေခဲ့တဲ့ ပထ၀ီစတဲ့ ဘာသာရပ်တွေ နုနယ်တဲ့ ဘ၀မှာ ဘာရယ်လို့တော့မသိပဲ အလွတ်ရွတ်ပြနိုင်ဖို့ ညစဉ်ကျက်မှတ်ခဲ့ရ၏။ ခေတ်ပညာနဲ့ ရင်းနီးနေတဲ့ ဆရာတော်က ကုလားထိုင်တစ်ခုပေါ်မှာနေ၍ မှားနေသည်များကိုပြင်ဆင်ပေး၊ နောက် စာကိုအလွတ်ရလွယ်အောင် ကျက်ပုံကျက်နည်းကအစ သင်ပြလမ်းညွှန်ပေးခဲ့လေ၏။ (ယခုတော့ ထိုဆရာတော်လည်း ငယ်ရွယ်စဉ်မှာပဲ ပျံလွန်တော်မူသွားခဲ့ပြီ)။

အခုခေတ်တော့ ဘက်ထရီဆိုတဲ့ ပစ္စည်းတွေ အစားထိုးဝင်ရောက်လာတော့ ထိုဖန်မီးအိမ်လေးများလည်း ပင်စင်ယူသွားရရှာပြီ။ မြို့ပြကိုရောက်ပြီး ပညာသင်နေရပေမဲ့ ကျောင်းပိတ်ရက်ရောက်လို့ ရွာတစ်ခေါက်ပြန်ရရင်ပဲ မှန်ဘီရိုထဲမှာ ငြိမ်းချမ်းစွာအနားရနေတဲ့ ဖန်မီးအိမ်လေးများကိုတော့ ကြည့်ရှုဖြစ်ခဲ့၊ ငယ်ဘ၀ကို တမ်းတဖြစ်ခဲ့သေး၏။ “ မီးအိမ်လေးတွေကို ရှေ့ဆောင်ဥပမာတော်တော်များများမှာ ဘာကြောင့်များ တင်စားခဲ့ကြသလဲ” လို့ အတွေးများဆ၀ါးဖြစ်ခဲ့၏။ အခုတော့ နားလည်တက်သလိုပဲ။

အလင်းပြပေးခဲ့တဲ့ သက်မဲ့ဖြစ်တဲ့ဖန်မီးအိမ်လေးအကြောင်းစဉ်းစားမိရင်း ဘ၀ကိုအလင်းညှိပေး၊ တစ်လုံး တစ်ပါဒမှာစ၍ သင်ကြား၊ ပြသ၊ လမ်းညွှန် ထိန်းမတ်ပေးခဲ့ကြသော ပဲ့ကိုင်ရှင်ဖန်မီးအိမ်များကို ဂါရ၀ပြုလိုက်ရပါသည်။


Friday, April 23, 2010

မလွယ်သောအရာများ



It is not easy.


1. to apologize !
2. to begin over !
3. to be unselfish !
4. to take advice !
5. to face a sneer !
6. to be charitable !
7. to keep trying !
8. to avoid mistakes !
9. to forgive and forget !
10. to think then act !
11. to keep out of a rut !
12. to make the best of a little !
13. to subdue on unruly temper !
14. to recognize the bright side !

but it always pays great benefit !

............................

မလွယ်သောအရာများ


၁။ တောင်းပန်ရန်
၂။ အစမှ ပြန်စရန်
၃။ တစ်ကိုယ်ကောင်းမဆန်ရန်
၎။ အကြံဉာဏ်ယူရန်
၅။ သူတစ်ပါး၏ ရှုံ့ပြသောမျက်နှာကိုကြည့်ရန်
၆။ ပေးကမ်းစွန့်ကြဲရန်
၇။ ဆက်လက်ကြိုးစားနေရန်
၈။ အမှားကိုရှောင်ရှားရန်
၉။ ခွင့်လွှတ်ပြီး မေ့ပစ်လိုက်ရန်
၁၀။ စဉ်းစားပြီးနောက် အကောင်အထည်ဖော်ရန်
၁၁။ စွဲကပ်နေသောဝါသနာတစ်ခုကို စွန့်ရန်
၁၂။ အသေးမွားဆုံးအရာကို အကောင်းဆုံးပြုရန်
၁၃။ ထိန်းမရသော ဒေါသကိုလျှော့ရန်
၁၄။ အဆိုးထဲက အကောင်းမြင်တက်ရန်

ဒါပေမဲ့ .. အဲဒီအရာအားလုံးကိုဆောင်ရွက်နိုင်လျှင် များစွား အကျိုးကြီးပေ၏။

မှတ်ချက်။ ။ ဖတ်မိသမျှထဲမှ ကြိုက်နှစ်သက်သဖြင့် ကူးယူထားသည်ကို ပြန်လည် ဖော်ပြထားခြင်းဖြစ်ပါသည်။ (အဲဒီလောက် မစွံမှန်းလဲ သိသားပဲ)။

ပုဇွန်ဆိပ် တစ်ကောင်ရဲ့ ဒုက္ခ



ကူးခတ်နေခဲ့မိတယ်
ဘ၀ပင်လယ်တစ်လျှောက်
ဟိုရောက်ဒီရောက်နဲ့
ငါ့ကြောင့်တော့
သဘာဝပတ်ဝန်းကျင်
မယိုယွင်းခဲ့ဘူး ထင်တာပဲ


ဘ၀ကိုအလင်းမြှင့်ရင်း
ဝန်းကျင်ကိုပါ လင်းစေချင်ခဲ့သူ
ကိုယ့်အပူကိုရှာသလိုဖြစ်နေပေါ့
ငါ့မှာ ငါးတစ်ကောင်လို
အတောင်မှ မရှိတာ
ကြိုတင်မသိခဲ့တော့
ခါးကို ချိ ရော


လှိုင်းကြမ်းလေထန်မှုဒဏ်ကို
ငါ ခါးစည်းခံခဲ့ဖူးတယ်
အတိက်ကံတစ်ခုရဲ့ ၀ဋ်လို့ဘဲ
စိတ်ညစ်ညစ်နဲ့ တံဆိပ်ကပ်ပစ်ခဲ့
ငါမမှားခဲ့တာ သေချာပေါ့


ဘ၀ ဘဝ
သီချင်းကိုရွတ်ရင်း
ဝန်းကျင်မညစ်နွမ်းစေချင်လို့
ခပ်ရှင်းရှင်းပဲ ကူးခတ်နေကာမှ
အခုတော့
ငါးတစ်ကာ ယိုတဲ့ချေး
ငါ့ခေါင်းမှာချည်း စုနေပေါ့



Wednesday, April 21, 2010

ပြည်တော်လွမ်းချင်း



ပေါ်နွေလလျှင်
တောင်ကခြိမ့်မြူး

မင်းလွင်ဦးနှင့်
ပျံ့ပူးချုပ်ဆိုင်း
မုန်တိုင်းဆင်လို
တိမ်ညိုမှိုင်းထပ်
ပြက်လျှက်ပြကာ
စိမ်းဝါ မိုးပန်း

ထွေထွေစွန်းက
ရေသွန်းသာကြည်
ပျော်ရမည်ကို
(နတ်ရှင်နောင်)

ရတုဘုရင် နတ်ရှင်နောင်သည် စစ်ပွဲတစ်နေရာမှ ထိုသို့ပင် နေပြည်တော်၌ ကျန်ရစ်ခဲ့သော ချစ်သူကိုလွမ်းတသသ သတိရ ရေးဖွဲ့ခဲ့လေ၏။ ဤလဤအခါသမယမှာ တူနှစ်ကိုယ် ညောင်ရေသွန်းကာ ပျော်ရမည့်နေ့ စစ်ထွက် နေရသဖြင့် မချိတင်ကဲ ဖြစ်နေပုံရ၏။ ဒီအချိန်ဆို ရာဇဓာတုကလျာတစ်ယောက်ထဲ ညောင်ရေသွန်းပွဲ ကိုဆင်နွဲနေလိမ့်မည်၊ နေပြည်တော်မှာ ရံရွှေတော်တွေဘယ်လောက်ပေါပေါ ချစ်သူမောင် နတ်ရှင်နောင်ကို သူလဲပဲမျှော်တလင့်လင့် နေပေလိမ့်မည်။ ဒါကို သူဖွဲ့သီထားမှန်းသိသာလှပေ၏။ ကေတုမတီနေပြည်တော်နဲ့ စစ်ပွဲ။ နားလည်မိသည်။ ကဆုန်လ၊ လွမ်းစရာ့ ကဆုန်လ၊ ဘယ်ရပ်ဘယ်ဒေသပင် ရောက်ရောက် လွမ်းရပေ၏။ သူ၏ ပြည်တော်လွမ်းခန်း ရတုလေး။ ခံစား၍ သံယောင်လိုက်နေတက်သည်။

နေရောင်အောက်၌ စစ်ထွက်သူ၏ ဓားသည် တိုက်ပွဲများဆီသို့ ဦးတည်နေသလို၊ လရောင်အောက်၌ စစ်ထွက်သူ၏ နှလုံးသားသည် ချစ်သူအိမ်တံခါးဝသို့ရောက်နေပေလိမ့်မည်၊
တဲ့ မန္တလေး သိန်းဇော်ရဲ့ သီချင်းထဲမှာ နားဆင်ခဲ့ဖူး၏။ နတ်ရှင်နောင်ကို ရည်ညွှန်းမှန်း အသိပင်။ စစ်သေနာပတိတစ်ယောက်ပင် ဖြစ်လင့်ကစား နှလုံးသားသည် တိုက်ပွဲများ၌ မနေနိုင်၊ နေပြည်တော်သို့သာ အလွမ်းပိုနေမိမှာ အမှန်ပင်။ နားလည်မိလေ၏။ ရန်သူနဲ့တွေ့ရင် မာကျောလှတဲ့နှလုံးသားသည် အလွမ်းဆိုတာကိုတော့ဖြင့် ကြမ်းတမ်းစွာ ရင်ဆိုင်နိုင်ဘို့ မဖြစ်နိုင်ပေ။ ခက်ခဲနေပေလိမ့်မည်။

လွမ်းမိသည်၊ ပုထုဇဉ်တစ်ယောက်ရဲ့ ရင်မှာ အမိမြေရဲ့ယဉ်ကျေးမှုကို လွမ်းမိသည်။ နတ်ရှင်နောင်လိုတော့ တူနှစ်ကိုယ်ညောင်ရေသွန်းဘို့မဟုတ်၊ ရာဇဓာတုကလျာလို စောင့်မျှော်နေမည့်သူလဲမရှိ၊ မကတိရိုးသားစွာ အမေနဲ့ရွာ၊ နောက် ကိုယ့်ကျင်လည်ခဲ့ရတဲ့ ၀န်းကျင်ကို အမှန်ပင် လွမ်းမိလေ၏။ ဒီအချိန်ဒီအခါ ဒီလမှာဖြင့် ညောင်ရေသွန်း ကုသိုလ်တွေယူနေ ကြပေလိမ့်မည်။ အထူးသဖြင့် ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ အောင်သပြေ၊ ညောင်ရေအိုးနဲ့၊ အိုးစည်ဒိုးပတ်စုံစွာ၊ အို ပျော်စရာဓလေ့၊ လွမ်းမိသည်။ နေရာဒေသအလိုက် ကဆုန်လတစ်လလုံးပင် ညောင်ရေသွန်းခြင်းဖြင့် ဘုရားရှင်ကို ပူဇော်တတ်တဲ့ ချစ်စရာဓလေ့လေးကို သတိရနေမိသည်။ သူ့လိုတော့ စစ်ထွက်နေရသည်မဟုတ်၊ ဘ၀ခရီးအတွက် တက္ကသိုလ်ပြည်ကြီးမှာ ပညာရှာနေရတဲ့ ကိုယ်တိုင်လည်း ဖော်မပြနိုင်အောင် ပူပြင်းလှတဲ့ ဒီနွေလမျိုးတွင် နတ်ရှင်နောင်ရဲ့ ပြည်တော် လွမ်းခန်းလေးကိုပဲ နှုတ်ကရွတ်နေမိပေါ့......


ပေါ်နွေလလျှင်
တောင်ကခြိမ့်မြူး
မင်းလွင်ဦးနှင့်
ပျံ့ပူးချုပ်ဆိုင်း
မုန်တိုင်းဆင်လို
တိမ်ညိုမှိုင်းထပ်
ပြက်လျှက်ပြကာ
စိမ်းဝါ မိုးပန်း
ထွေထွေစွန်းက
ရေသွန်းသာကြည်
ပျော်ရမည်ကို

နတ်ရှင်နောင်၏ ပြည်တော်လွမ်းချင်းလေးနောက်ကို လိုက်မိခြင်းပါ။

Tuesday, April 20, 2010

အချိန်လွန်နောင်တ


လျှောက်ခဲ့ပါတယ်
လူ့ဘ၀တစ်လျှောက်
မဖြောင့်တဲ့ ခြေလှမ်းတွေနဲ့
လမ်းကိုရိုးမယ်ဖွဲ့မိပေါ့
ကောက်နေတယ် လို့
။..............။

လုပ်ခဲ့မိတယ်
မျိုးစုံတဲ့မကောင်းမှု
အခုတော့
သေဖို့တောင်ခက်ခဲ
ငရဲဆိုတာသေချာနေပြီ
။...........။

နောက်ကိုလှည့်ကြည့်မိတိုင်း
ကိုယ့်သမိုင်းကို မရေးရဲဘူး
ရှေ့တိုးလည်း ထမ်းပိုး
နောက်ဆုတ်လဲ ဒုတ် ဆိုတဲ့ကိန်းနဲ့
ဥပါဒါန်ဆိုတဲ့ထောင်ချောက်တွင်း
ဆင်းပြီးရင်း ဆင်းနေရ
။...........။

မိတ္တ၀ိန္ဒက တဲ့
သူရခဲ့တဲ့ဘ၀နဲ့
ထပ်ဆင့်တိုး လောဘက
သူ့ကိုဆွဲချသွားပြီ
ငရဲပန်း ပန်ဆင်မိကာမှ
တောင့်တမိတယ်
မှားဘိ ငါဟ တဲ့
။..............။

အချိန်လွန် နောင်တ တရားများကင်း နိုင်ကြပါစေ။

Monday, April 19, 2010

အားတင်းထား



လောကဓံရိုက်ချက်တွေအတွက်
စိတ်မပျက်နဲ့ ညီမလေးရယ်
ဘ၀တစ်ခုအတွက်
နေ့စဉ်ရက်ဆက် မဟုတ်တောင်
မျက်မှောင်တွန့်ပြတာကို
မြင်နေရမှာပဲ
လူထဲက လူပဲလေ
။.........။

တစ်နွေအောက်မှာပွင့်တာတောင်
အားလုံးပိတောက်တွေပဲမဟုတ်ဘူး
ရွှေရည်လူးတဲ့ ငုဝါလည်းပါမယ်
အနံ့ရယ်တော့မရှိပါဘူး
ရွေးခြယ်တက်ဖို့ပါပဲ
။..............။

သည်းခံလိုက်ပါ
တက်နိုင်သလောက်
အရိယာလောက်တော့ မဆိုလိုပါဘူး
အတ္တ မာနတွေ
ခပ်ပါးပါးလူးထားတဲ့
သူတို့လိုအရူးရင့်ရင့်တွေအတွက်
ခံစားချက်ထားရင်မှားမယ်
။.............။

ကိုယ့်သမိုင်းကိုယ်ထွင်း
ကိုယ်ခင်းတဲ့လမ်း
ကိုယ်လျှောက်မယ်ဆိုမှတော့
မော့ထားလိုက်ပါ
မာနမပါရင်ပြီးတာပဲ
ခပ်ရဲရဲ ပေါ့
။.............။


နွေရက် လွမ်း


မဇ္ဈိမနွေရယ်
စိတ်ပျက်ဘွယ် နေ့ရက်တို့အတွက်
ညည်းနေမိပေါ့
၄၀ ဒီဂရီရဲ့
ဟိုးဘက်လွန်အောင်ပူတာကိုး
။..........။

ဒီလိုရက်မှာ
အမိမြေရဲ့လက်ဖြစ်
ထန်းလက်စစ်စစ်နဲ့
သစ်ရိပ်ကတဲလေးကိုပဲလွမ်းမိတယ်
တကယ်အေးလှတယ်နော့
။...........။

ခံပေဦးရော့ ဒီဒုက္ခ
နွေလမကုန်မချင်း
ပျင်းလဲနေရမှာပဲ
ရှောင်လွှဲလို့မှမရတာ
ပူတာက ပူမှာပဲ
။............။

ဒုက္ခသစ္စာထဲမှာ ပါသလား
သူဌေးသားရဟန်းပြုစဉ်မှာတော့
မိဘတွေရဲ့မှာတမ်း
ရဟန်းဘ၀ဆိုတာ
အအေးလို အပူ
အပူမျှော်ရင် အေး
ခက်သေးသကွဲ့ သားငယ်
ဘယ်အတွက်ကယ် အတွေးနဲ့
ရဟန်းပြုမယ် ကြံသလဲတဲ့
။...........။

ဟုတ်မယ်ထင်မိတယ်
သမုဒယနယ်ဟိုဘက်
အနှောင်အဖွဲ့အတွင်းမှ
ရုန်းထွက်ချင်သူအတွက်
ဒုက္ခလို့မမြင်တက်ပေမဲ့
ပုထုဇဉ်ရိုးရိုးတွေအတွက်တော့
နွေရက်က ဆွေး
။..............။

Sunday, April 18, 2010

ဣဒမောဒတိ ပစ္စမောဒတိ



တစ်ခါက ရွာတစ်ရွာမှာ ဆရာတော်တစ်ပါးနှင့် ဒကာတော် တစ်ယောက်ရှိလေ၏။ ဒကာသည် နေ့စဉ်ဥပုသ် သီလဆောင်တည်လေ့ရှိပြီး သီလတစ်ပါးပါးကိုတော့ တစ်မျိုးမဟုတ်တစ်မျိုး နေ့စဉ်ကျိုးပေါက်လေ့ရှိ၏။ ဆရာတော်လည်း ထိုဒကာ ကျိုးပေါက်သော သီလ၏အမည်နှင့် “ဒကာ ဒီနေ့ “......” သီလကျိုးပေါက်၏” ဟု သင်ပုန်း၌ နေ့စဉ် ရေးလေ့ရှိ၏။ ဒကာလည်းနေ့စဉ် ရေးနေတော့ ဆရာတော်ကို သိပ်ပြီးမကြည်တော့၊ နေ့စဉ်ရက်ဆက် သီလကျိုးပေါက်တိုင်း ရေးနေတယ်ဆိုတော့ စိတ်ညစ်ညစ်နဲ့ နောက်တစ်နေ့ သင်းပုန်းမှာ ကိုယ်ကအရင် ရေးထားလိုက်တယ်... “ ဆရာတော်ဒီနေ့ သီလမကျိုးပါ” လို့။ ဆရာတော်ဖတ်ပြီး ဒေါသူပုန်ထလေ၏။ ဘယ်နဲ့ ဒီနေ့ဆရာတော့ သီလမကျိုးဆိုတော့ ခါတိုင်းနေ့တွေမှာ သီလကျိုးခဲ့သလိုပဲ မင်းရေးတာ ငါ့သိက္ခာချနေသလိုပဲတဲ့။

အင်းခက်တော့ ခက်သားနော်၊ ဒကာကတော့ချီးကျူးလိုက်တာပဲ ဆရာတော်သီလ မကျိုးတဲ့အကြောင်း။ စကားကောက်ကြောင်း လွဲမှားလေတော့ ဆရာတော် အရင့် အရင်နေ့တွေက သီလကျိုးခဲ့သလိုဖြစ်နေပြီ။ ဟုတ်တော့လဲဟုတ်တာပဲ။ ခက်တဲ့ဒကာ.. အသာမနေဘူး။

ကိုယ့်ဟာကိုရေးကြည့်မိတယ်.. ရှင်သစ္စာ ဒီနေ့ ကောင်းပါသည်တဲ့။ ဒီနေ့ကောင်းတယ်ဆိုတော့ ခါတိုင်းနေ့တွေက ဆိုးနေတယ်ပေါ့။ ဟုတ်လဲဟုတ်ပါတယ် အရွယ်၊ အချိန်အခါအရ ကောင်းကွက်လို့ရှာမရပဲ ဆိုးခဲ့မိတယ်။ ငယ်စဉ်က မိဘအပေါ်၊ နောက်ဆရာသမား၊ အပေါင်းအသင်း၊ စတဲ့ ကိုယ့်ရဲ့ ၀န်ကျင်အပေါ်။ ဒီလိုပဲ သူတို့ ခွင့်လွတ်သည်းခံသမျှ ဆိုးခဲ့မိတယ်။ ကောင်းကျိုးပြုခဲ့တာက ရှာမရ ဆိုးသွမ်းခဲ့တာပဲ မှတ်မိနေတယ်။ ဒီနေ့အထိလည်း မကောင်းနိုင်သေး။ ဆိုးမြဲဆိုးနေမိ၏။ တက်နိုင်သမျှ ကိုယ့်ကိုယ်ကို ပြုပြင်ရင်း ....... ကိုယ်တိုင်စာတမ်းလေးရေးထိုးလိုက်တယ်.. “ ရှင်သစ္စာ ဒီနေ့လည်းမကောင်းသေးပါ.. အရင်ကလည်းဆိုး.. နောက်လည်း မိုက်နေဦးမည် ထင်ပါသည် ” ။

ဣဒ မောဒတိ ပစ္စမောဒတိ၊
ကတပုညော ဥဘယမောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

ကောင်းမှုပြုသူသည် ဤဘ၀၌လည်းဝမ်းမြောက်ရ၏၊ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ၀မ်းမြောက်ရ၏၊ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သောကံကို သိမြင်ရ၍ အလွန်ပင်ဝမ်းမြောက်ရ၏။
(ဓမ္မပဒ၊ ဓမ္မ္ပိကဥပသကာဝတ္ထု)

ဘယ်တော့များ လိမ်မာပါလိမ့် ရှင်သစ္စာရယ်............. ဘယ်တော့များ ၀မ်းမြောက်မှုရမလဲ။ မသဲမကွဲ........

ပစ္စုပ္ပန် တမလွန် ၀မ်းမြောက်နိုင်သော သူများဖြစ်ကြပါစေ..........

Saturday, April 17, 2010

နှစ်သစ်အာသီသ





မနော ပုဗ္ဗင်္ဂမာ ဓမ္မာ၊
မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊
ဘာသတိဝါ ကရောတိဝါ။
တတောနံ ဒုက္ခမနွေတိ၊
စက္ကံဝ ၀ဟတော ပဒံ။

ဓမ္မတို့သည် စိတ်ဟူသော ၀ိညာဏက္ခန္ဓာသာလျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင်အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ မကောင်းသော စိတ်ဖြင့် ပြောဆိုပြုလုပ်မိပါက ထိုသို့ပြောဆို၊ ပြုလုပ်မိခြင်းကြောင့် လှည်းဘီးသည် နွား၏ခြေရာသို့ အစဉ်တစိုက်လိုက်နေသကဲ့သို့ ဒုက္ခသည် ထိုပြောဆို၊ ပြုလုပ်မိသော ပုဂ္ဂိုလ်သို့ အစဉ်တစိုက် လိုက်လေ၏။
(ဓမ္မပဒ၊ စက္ခုပါလထေရ၀တ္ထု)




မနော ပုဗ္ဗင်္ဂမာ ဓမ္မာ၊
မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊
ဘာသတိဝါ ကရောတိဝါ။
တတောနံ သုခမနွေတိ၊
ဆာယာဝ အနုပါယီနိ။

ဓမ္မတို့သည် စိတ်ဟူသောဝိညာဏက္ခန္ဓာသာလျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင်အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ ကြည်လင် သန့်ရှင်းသော စိတ်ဖြင့် ပြောဆိုပြုလုပ်မိပါက ထိုသို့ပြောဆို၊ ပြုလုပ်မိခြင်းကြောင့် လူ၏အရိပ်သည် လူနောက်သို့ အစဉ်တစိုက်လိုက်နေ သကဲ့သို့ ချမ်းသာသုခသည် ထိုပြောဆို၊ ပြုလုပ်မိသော ပုဂ္ဂိုလ်သို့ အစဉ်တစိုက် လိုက်လေ၏။
(ဓမ္မပဒ၊ မဋ္ဌကုဏ္ဍလီဝတ္ထု)

နှစ်သစ်မှစ၍ အားလုံးသည် မကောင်းမှုမှန်သမျှကို မပြုမိစေပဲ၊ ကောင်းမှုမှန်သမျှကိုသာ ပြုမူနိုင်ကြသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ ဆုတောင်း လိုက်ရပါသည်။


ရှင်သစ္စာကိုယ်တိုင်လည်း အရင်ကထက်နည်းနည်းလိမ်မာအောင်ကျိုးစားပြီး ကောင်းမှုများ ပြုတက်အောင် သင်ယူတော့ မည် ဖြစ်ပါကြောင်း(ဤကား စကားချပ်)

Friday, April 16, 2010

နှစ်သစ်ဆုတောင်း


ပန်းဝင်ခါနီးမှာ
သွေးစွန်းခဲ့တဲ့ နှစ်ဟောင်းသင်္ကြန်လေးရယ်
နှစ်သစ်ကို အ၀င်မှာတော့
မင်းမပါစေချင်တော့ဘူး
နေရစ်ခဲ့တော့
။...............။

ငါဆုတောင်းနေမိတယ်
ဒီလိုသောကတွေကို
ဟိုးခပ်ဝေးဝေးကပင်လယ်ထဲမှာ
မြှုပ်နှံလို့များရခဲ့ရင်
ဘယ်လောက်များကောင်းလေမလဲ
။............။

မကြားချင်တော့ပါဘူး
ပရိဒေ၀လူးထားတဲ့
ငိုရှိုက်သံတွေ
ငြိမ်းအေးစေချင်ပါတယ်
မေတ္တာရေစင်နဲ့ပေါ့
။...........။

နှစ်သစ်ရေ
ငါလာခဲ့မယ်
နှစ်ဟောင်းက ၀မ်းနည်းမှုတွေကိုတော့
ထားပစ်ခဲ့တယ်
ကြွေလွင့်ခဲ့ရတဲ့ ၀ိညာဉ်တွေအတွက်
ရေစက်တစ်ခွက်နဲ့
ရက်စက်ခြင်းဆိုတာတွေ
သံသရာအဆက်ဆက်မှာ
ချုပ်ငြိမ်းပါစေကြောင်း
ငါဆုတောင်းပေးခဲ့တယ်
။..............။

နှစ်သစ်လေးရေ
နောင်နှစ်အတာရေထဲမှာ
ဒီလိုနီစွေးတဲ့သွေးတွေ
ရောနှောမပစ်ပါစေနဲ့လို့
ငါမျှော်လင့်ပါတယ်
။...............။




Thursday, April 15, 2010

ရုပ်ဆိုးသင်္ကြန် ကောက်ကြောင်း



ထိုနေ့က သင်္ကြန်အကျနေ့၊ ရန်ကုန်မှာတော့ သတင်းကမကောင်း၊ ကန်တော်ကြီးစောင်းမှာ ဗုံးပေါက်ကွဲမှုဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ကြားလို့မှမကောင်း။ နံနက်ခင်း သတင်းမှာတော့ တိဘက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ မြေငလျှင်ဒဏ်ကြောင့် လူပေါင်းများစွာ၊ အိုးအိမ်ပေါင်းများစွာ၊ ပျက်စီးဆုံးရှုံးတဲ့သတင်း။ သဘာဝအန္တရာယ်ဆိုတာကတော့ ဘယ်လိုမှတားဆီးမရလို့ထားတော့။ မြန်မာပြည်မှာတော့ နှစ်သစ်ကူး ပွဲတော်ကို ကျင်းပနေချိန်၊ လူစည်ကားရာနေရာမှာ ဗုံးပေါက်ကွဲတယ်ဆိုတာကတော့ လူတွေရဲ့ မှားယွင်းတဲ့ အယူကြောင့်လို့ပဲ မြင်မိတယ်။ ပစ်မှတ်ကဘာလဲ ဘယ်လဲ၊ သေကြေကြတာကတော့ အပြစ်မဲ့တဲ့ ပြည်သူတွေပဲလေ။

ဟိုးအရင် အိန္ဒိယကိုစရောက်တဲ့နှစ်မှာ အင်္ဂလိပ်စာတတ်ချင်လို့ ACE Academy မှာသွားတက်ဖြစ်တယ်။ စာတတ်လားဆိုတော့ မတောက်တစ်ခေါက်ပါပဲ။ အဲဒီအကယ်ဒမီမှာ အခြေခံသဒ္ဒါသင်ရိုးသင်ပြီးတာနဲ့ အုပ်ချုပ်သူဒါရိုက်တာက သူ့ဆီကိုခေါ်ပြီးသင်ပေးတယ်။ တစ်လမှာ စနေနှစ်ရက်ကို စာမေးပွဲကျင်းပပေးပြီး၊ ကျန်စနေနှစ်ရက်မှာတော့ presentation စီစဉ်ကျင်းပပေးလေ့ရှိတယ်။ ရေးဖတ်ပြော သုံးမျိုးလုံးကို စနစ်တကျသင်ပေးတယ်ပေါ့။ အဲဒီမှာ နေ့စဉ်ထုတ်သတင်းစာကို ဖတ်စေခြင်း သတင်းစာပါ အကြောင်းအရာ တစ်ချို့ကို သင်တန်းသားအချင်းချင်း debate လုပ်စေခြင်းအလေ့အကျင့်တစ်ခုလဲပါတယ်ပေါ့။ ပြောချင်တာက တစ်နေ့ သတင်းစာမှာ ကက်ရှ်မီးယားဒေသရဲ့ ဗုံးပေါက်ကွဲမှု သတင်းလေးပါလာတယ်။ ဒါရိုက်တာက အဲဒီပေါက်ကွဲမှုရဲ့ တရားခံတွေထုတ်ပြန်တဲ့ သူတို့လုပ်ရပ်အောင်မြင်တယ်ဆိုတဲ့ အဆိုကို နှစ်ပိုင်းခွဲပြီး ကိုယ့်ယူဆချက်နဲ့ကိုယ် စကားငြင်းခုံပွဲလေးလုပ်စေတာပဲ။ ထိုနှစ်အတွင်းက အိန္ဒိယနိုင်ငံတစ်ခွင် ဘူတာတွေမှာ ပဒေသာဗုံးတွေ ဆက်တိုက်ကွဲတဲ့နှစ်ပေါ့။

အောင်မြင်ခြင်းဆိုတာ ကိုယ်လုပ်ချင်ရာလုပ်လိုက်လို့ ကိုယ်ထင်တိုင်းဖြစ်သွားတယ်ဆိုရင် အဲဒါအောင်မြင်မှုလို့ ယူဆ၊ လက်ခံနိုင်သလား၊ ဒါမှမဟုတ်အဲဒီအယူကို ငြင်းပယ်သလားဆိုတဲ့ ဘက်နှစ်ခုပဲ။ ကျောင်းသားတွေထဲမှာ ဘာသာစုံလည်းပါတော့ အယူအဆလဲစုံသွားတယ်။ အားလုံးထဲမှာ မွတ်ဆလင်ဘာသာဝင် (ဒီနေရာမှာ ဘာသာတရားကို အပြစ်ဆိုခြင်းမဟုတ်ပါ) တစ်ယောက်လဲပါရဲ့။ သူအဆိုကတော့ WTC ကိုဖြိုချဖျက်ဆီးနိုင်တာ၊ နောက် လူစည်ကားရာနေရာတွေမှာ ဗုံးထောင်ဖောက်ခွဲတာတွေဟာ ကြံစည်တိုင်း ဖြစ်ခဲ့တယ်ဆိုရင် ဒါဟာအောင်မြင်တာပဲတဲ့။ မြတ်စွာဘုရားလို့ပဲ တမိတော့တယ်။ ကိုယ့်ရဲ့အယူသည်းမှု၊ လောဘ၊ ဒေါသ၊ အာဃာတတရားတွေနဲ့ လောင်မြိုက်နေလို့ အပြစ်မဲ့သူတွေကို ဓားစာခံဖြစ်နေရတာကိုယ်ပဲ အောင်မြင်မှု တစ်ခုလို့ ယူဆရတော့မလား။

ဘုရားရှင်ဟာ သစ္စာလေးပါကိုသိမြင်ခဲ့တယ်၊ သိမြင်တိုင်းလဲ သတ္တ၀ါဝေနေယျတို့ကို ဟောပြပြီး ကယ်တင်နိုင်ခဲ့တယ်။ ဒါဟာဖြင့် အားလုံးလက်ခံနိုင်တဲ့ အယူအဆ မဟုတ်သော်လည်းပဲ ဘယ်သူဘယ်ဝါ ဘယ်ဘာသာတရားတွေကိုမှ မထိခိုက်တဲ့အတွက် အောင်မြင်မှုလို့ ယူဆတယ်။ လူတစ်ယောက်ကိုမကျေနပ်လို့ အဲဒီလူကို လက်နက်တစ်စုံတစ်ခုနဲ့ သတ်ပစ်လိုက်မယ်၊ အဲဒီလူသေတယ်ဆိုရင် အောင်မြင်တယ်လို့ ယူဆမလား၊ သတ်သူဘက်ကတော့ ဟုတ်ချင်ဟုတ်မယ်။ ဒါပေမဲ့ လောက ဥပဒေသဘက်ကပဲကြည့်ကြည့်၊ ဘာသာတရားရဲ့ အဆုံးအမဘက်ကပဲကြည့်ကြည့် ဒါဟာ မကောင်းမှုတစ်ခုပဲ။ အောင်မြင်တယ်လို့ ဘယ်လိုမှ ယူဆလို့မရနိုင်တာသေချာတယ်။

ရည်ရွယ်ချက်ဆိုတာကတော့ လူတိုင်းလူတိုင်းမှာရှိကြတာပဲ၊ ချမ်းသာချင်သူ၊ ကျော်ကြားချင်သူ၊ စိုးမိုးချင်သူစတဲ့ ခံယူချက်ပဲကွဲတယ်။ ရည်းမှန်းချက်ရှိတာချင်းတော့ အတူတူပဲ။ ချမ်းသာချင်သူဟာ ကိုယ်ချမ်းသာရင်ပြီးရောဆိုပြီး ဓားပြတိုက်မယ်၊ နောက်ချမ်းသာလာမယ်၊ အဲဒါကို အောင်မြင်တယ်လို့ သူယူဆမယ်။ ဒီလိုပဲ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာရအောင် ကိုယ်ရည်မှန်းချက်ကို မတရားနည်းလမ်းနဲ့ ကျိုးစားလုပ်ဆောင်နေ ကြမယ် ဆိုရင်တော့ အောင်မြင်မှုဆိုတာ ကိုယ်အယူအဆမှာတော့ ဟုတ်ချင်ဟုတ်နေပေမဲ့ အများအမြင်နဲ့ ခံယူချက်မှာတော့ လွဲနေမှာသေချာတယ်။

စောစောကပြောတဲ့ သင်တန်းသားလိုအယူအဆများ လူတော်တော်များများမှာ ရှိနေခဲ့ရင်တော့ ရင်လေးစရာပဲ။ ကိုယ်ဖြစ်ချင်တာကို လုပ်လိုက်ရလို့ အောင်မြင်တယ်ဆိုရင် တရားဥပဒေဆိုတာလဲ ထားစရာမလိုတော့ဘူး။ ထင်ရာစိုင်းကြဖို့ပဲရှိတော့တာပဲလေ။

ဓမ္မပဒ ကာလယက္ခိနီ ၀တ္ထုမှာ ဘုရားရှင်ဟောကြားထားတာရှိတယ် (ဓမ္မဂင်္ဂါလဲ ပို့စ်တင်ပြီးသားပါ ထပ်ပြီး နှမ်းဖြူးလိုက်ဦးမယ် )။

နဟိ ဝေရေန ဝေရာနိ၊
သမ္မန္တိဓ ကုဓာစနံ။
အဝေရေန စ သမ္မန္တိ၊
ဧသ ဓမ္မော သနန္တနော။

ရန်ကို ရန်ချင်းမတုံ့လျှင်းနှင့်
ငြိမ်းခြင်းဘယ်မှာမရှိသာတည့်
မေတ္တာရှေ့ထား အောင်နိုင်ငြားလိမ့်
ဤကား ထာဝရ ဥပဒေသာ။

သတ္တ၀ါခပ်သိမ်း ဘေးရန်ငြိမ်းကြပါစေ။

ဘ၀အမောတွေမှ ခဏပြေးထွက်ခဲ့သူများ



သင်္ကြန်တွင်း ဒုလ္လဘရဟန်းခံပွဲတွေ မြန်မာပြည်အနှံ့ကျောင်းတိုင်းမှာရှိနေတယ်။ ဘ၀မောတွေထဲကနေ ခဏဖြစ်ဖြစ် ပြေးထွက်လာပြီး ဘုရားရိပ်၊ တရားရိပ်မှာခေတ္တ လာရောက်ခိုလှုံခြင်းဆိုလဲ မှားမယ်မထင်ပါဘူး။ အရှင်တို့ကျောင်းမှာလည်း နှစ်စဉ် (အများကြီးတော့မဟုတ်) ဒုလ္လဘရဟန်း ဆယ်ပါးလောက်တော့ ရဟန်းဘောင် တက်ကျမြဲပင်။ ခါတိုင်းနှစ်တွေမှာတော့ ကိုယ်တိုင်ရှိနေတဲ့အတွက် လိုအပ်ချက်မှန်သမျှကို တာဝန် တက်နိုင်သလောက်ယူရင်း ရက်တိုအတွင်း ရဟန်းအဖြစ်နဲ့နေကြတဲ့ ဦးဇင်းတွေကို တက်သလောက် မှတ်သလောက်လေးနဲ့ တရားဆွေးနွေးပြ လမ်းညွှန်ပြလိုက်နဲ့ သူတို့တွေရဲ့ဘ၀မောတွေကို မျှဝေခြင်း၊ ထိုက်သင့်သလောက်ငြိမ်းအေးစေခြင်း ဖြစ်စေခဲ့မလားပဲ။ ကိုယ်တိုင်လဲ ငြိမ်းချမ်းနေတဲ့သူ တစ်ယောက် မဟုတ်တော့ ဒီလောက်ပဲတက်နိုင်တယ်လေ။ သူတို့ပြောပြကြတဲ့ လက်တွေ့ဘ၀ရဲ့ ခါးသီးမှု၊ ကမောက်ကမ ဖြစ်မှု၊ တစ်ခါတစ်ရံပျော်ရွှင်မှုလေးတွေလဲပါရဲ့၊ နားထောင်ပေး မျှဝေပေးရင်း ကိုယ်တိုင်လဲ ဗဟုသုတ တိုးပွားခဲ့ရတယ်။ ကိုယ်တိုင်မဖြတ်သန်းဖူးတဲ့ လူမှုဘ၀ဒုက္ခတွေကို နှလုံးသားနဲ့ ရင်းနီးခွင့်ရခဲ့တယ်။

ဒီနှစ်ရာသီမှာတော့ အရှင်ရဲ့ကျေးဇူးရှင် ရဟန်းဒါယကာကြီးကိုယ်တိုင်ပဲ လက်ရှိဘ၀ထဲကနေ ခဏထွက်လာပြီး သံသရာအထုံပါရမီ ဖြည့်ကျင့်မယ်ဆိုတော့ ၀မ်းသာမိသည်။ သူ့ရဟန်းဘောင်ကို ၀င်တဲ့နှစ်မှာတော့ အရှင်ဟာ ပညာရေးအတွက် ဒီမှာဘက်ကိုရောက်နေလေတော့ ဘာမှကူညီ မပေးနိုင်တာကိုတော့ စိတ်မကောင်း ဖြစ်မိတယ်။ သူသည် အရှင်ရဲ့ငယ်ဘ၀ကတည်းက ရဟန်းခံပေးခြင်းဖြင့် ရဟန်းတစ်ပါးရဲ့လိုအပ်ချက်မှန်သမျှကို သူတက်စွမ်းသမျှ ပါရမီဖြည့်ပေးခဲတယ်။ မိဝေးဘဝေးမှာ ပညာသင်နေတဲ့ ရဟန်းတစ်ပါးအတွက်တော့ မိဘသဖွယ် အရိပ်မိုးပေးခဲ့တယ်ဆိုရင်ပဲ ကိုယ့်ပညာရေးနဲ့ နေထိုင်စားသောက်ရေးက အဆင်ပြေတယ်လေ။ သားသမီးနဲ့မခြား ဂရုစိုက်ပေး၊ စေတနာထားပေးခဲ့တယ်။ စီးပွားရေးလောကမှာ သူကျင်လည်နေရတော့ သူရင်ဆိုင်ရတဲ့ဒုက္ခနဲ့ ပြဿနာလေးတွေကို မိတ်ဆွေတစ်ယောက် လူရင်းတစ်ယောက်လိုဖွင့်ဟတိုင်ပင်ြ့ပီး လူလောကကို မျက်စေ့လည်လမ်းမှားပြီး မလျှောက်လှန်းမိဘို့ သွန်သင်ပြတယ်ဆိုရင်လဲ မှန်မယ်ထင်တာပဲ။ သူကိုယ်တိုင် တိုင်းတပါးမှာ အလုပ်လုပ်ပြီး စီးပွားရှာဖူးတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် သူစိမ်းနိုင်ငံတစ်ခုမှာ နေထိုင်ရတဲ့ အခက်အခဲဆိုတာကို ကြိုတင်သိနေသလို ကြိုတင်လည်း အကြံပေးနိုင်း လမ်းပြပေးနိုင်ခဲ့တယ်။

ငယ်စဉ်ကလေးဘ၀မှာတော့ ထင်မှတ်မှားမိတယ် သူဌေး၊ သူကြွယ်၊ လူချမ်းသာတွေဟာ အရာရာ လိုတရနေတာပဲလို့။ တကယ် သူတို့ဘ၀တွေနဲ့ စပ်ဟပ်မိလာပြန်တော့လဲ သူတို့တွေလဲ ဒုက္ခထဲက လူတွေပဲဆိုတာကို သိနားလည်မိတယ်။ မိမိနေထိုင်ရာကျောင်းမှာ အရာရှိလည်းလာတယ်၊ သူဌေး သူကြွယ်လည်း လာတယ်။ ကားကောင်းစားနဲ့လာတာရှိမယ်၊ အခြံအရံ အများကြီးနဲ့လာတာရှိမယ်။ အားလုံးဟာ သောကခြုံလွှာကိုတော့ ၀တ်ဆင်လာကြတာချည်းပဲ။ အလွှာပေါင်းစုံမှ လူပေါင်းစုံနဲ့ ရင်းနီးခွင့်၊ ဆက်ဆံခွင့်တွေ ရရှိခဲ့တယ်။ ဘ၀ဘ၀ တွေကတော့ တစ်ဦးနှင့်တစ်ဦး မတူကျပေမဲ့ ဒုက္ခဆိုတာလေးတွေ ကိုယ်စီ ရှိနေကြတာတော့ အတူတူလောက်ပဲရှိမယ် ထင်တယ်။ သေးတာကြီးတာပဲကွာမယ် အားလုံးကတော့ အပူသည်တွေချည်းပါပဲ။ အရှင်ကိုယ်တိုင်လည်းပါတယ်ပေါ့။

သာဓုခေါ်မိပါတယ် သူတို့ဘ၀တွေထဲမှ ရသမျှအချိန်လေးတွေအတွက် တရားဘာဝနာဘက်ကို တက်နိုင်သမျှ ကူးစပ်ပေးကြတာ။ နောက် လူတကာပျော်ရွှင်မှုအတုတွေကို လိမ်းကျန်နေချိန်မှာ သူတို့ဟာ တစ်ခဏဖြစ်ဖြစ် ငြိမ်းအေးခြင်းအစစ်ကို ထွေးပိုက်ခွင့်ရကြတယ်။ ဘ၀အမောတွေကို ဘုရားတရားအရိပ်မှာ ခဏတာ လာရောက် အပန်းဖြေကြတယ်ပေါ့။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အရေးပေါင်းစုံတွေကြားမှာ နေ့စဉ် ပြေးလွှားနေရသူတွေ အတွက်တော့ ဒီရက်လေးဟာလဲ နည်းပင်နည်းငြားသော်လည်း အဖိုးမဖြတ်နိုင်တဲ့ အိုအေစစ်တစ်ခွက်ပေပဲ။ လူမှုဘ၀လေးတွေကို ခေတ္တမေ့ထားတဲ့တွက် သူတို့ရရှိမယ့် သမဏသုခ (တရားရိပ်သာတွေမှာ ယောဂီဘ၀နဲ့ ဘ၀နာအားထုတ်နေသူတွေအတွက် ဓမ္မသုခ) ဟာ အလွန်တန်ဖိုးရှိမှာ သေချာပါတယ်။

ပူလောင်တဲ့ဘ၀လေးတွေကနေ ထွက်ပြေးလာကြတဲ့ သူတို့တွေ ငြိမ်းချမ်းမှုလေးတွေကိုယ်စီ ပိုင်ဆိုင်နိုင်ပြီး ကာယ၊ စိတ္တနှစ်ဖြာသုခ ပြည့်စုံကြပါစေလို့ပဲ ဆုတောင်းပေးရတယ်။

May all you be happy, peaceful, healthy, wealthy, and successful in life as you wish.... .............

Wednesday, April 14, 2010

ချွေးသင်္ကြန်



မဇ္ဈိမရဲ့ ၄၅ ရှိတဲ့ အပူချိန်အောက်မှာ သုံးဘီးလေးတစ်စီးနဲ့ မိတ်ဆွေတွေရှိရာ BHU တက္ကသိုလ်ကိုသွားခဲ့တယ်။ ထိုနေ့သည် မှတ်မှတ်ရရ သင်္ကြန်အကြိုနေ့။ မစ္စတာပါရဂူရယ်၊ ကိုရင်တေဇိန္ဒရယ် သုံးယောက်။ ရည်ရွယ်ချက်ကတော့ ကိုပါရဂူရဲ့မိတ်ဆွေတစ်ပါးကို ကျောင်းသားအသစ်အဖြစ်အပ်ဖို့။ အရှင်က အပြင်မထွက်တာကြာလို့၊ နောက် မရောက်တာ ကြာပြီဖြစ်တဲ့ ဟိုးအရင်ကွန်းခိုခဲ့ရာ ဆေးဝင်္ကပါ ကျောင်းကိုသွားဖို့ ကပ်လိုက်ခဲ့တာပါ။ ပူချက်ကလဲ ကမ်းကုန်တယ်။ ကိုးနာရီ၊ ဆယ်နာရီအချိန်မှာကို မိးမြှိုက်ထားသလိုပဲ။ ဟိုရောက်တော့ ကျောင်းကိစ္စ ဘဏ်သွင်းပေးကြ စကားပြောကြနဲ့၊ နေ့လည်စာစားပြီးတာနဲ့ ပြန်လာခဲ့ကြတယ်။

မြန်မာပြည်မှာတော့ ဒီအချိန်ဆိုရင် သင်္ကြန်ဖွင့်ပွဲအကြိုနေ့ သီချင်းသံတွေ တမြူးမြူးနဲ့ လည်ပတ်နေကြမှာပဲ။ နွေနေ့ခင်းဆိုတာ ဒီမှာတော့ ချွေးတပြိုက်ပြိုက်နဲ့ တော်တော်အိုက်တဲ့ရာသီတစ်ခုပဲ။ မာစတာ ပထမနှစ်ပြီးစဉ်ကလဲ ကြုံဖူးခဲ့ပါရဲ့။ ဒုတိယနှစ်မှာတော့ ဖြေပြီးတာနဲ့ မြန်မာပြည်ပြန်သွားခဲ့လို့ အပူနဲ့ဝေးခဲ့ရတယ်။ အပြန်လမ်းမှာတော့ ဆေးဝင်္ကပါကျောင်းမှာဆင်းကျန်ခဲ့တယ်။ တစ်နေ့ခင်းအချိန်ဖြုံး၊ ထွေရာလေးပါး စကားပြော ဖြစ်တယ်။ ဘာရယ်လို့တော့ ရေရေရာရာမဟုတ်။

ညနေခင်း မြန်မာပြည်ကိုဖုန်းဆက်ဖြစ်တယ်။ သင်္ကြန်မလည်ကြဘူးလားဆိုတော့ နောက်နေ့မှတဲ့။ အကျနေ့ကို ဆိုလိုတာပေါ့။ ကောင်းပါတယ်ပေါ့။ ဒီမှာတော့ ရေကစား၊ ရေပတ်မည့်သူမရှိ ပူအိုက်ခြင်းအတိနဲ့ ကိုယ့်ချွေးနဲ့ ကိုယ့်ကိုယ်ပြန်ပတ်သလိုပဲ သင်္ကြန်နေ့ရက်တွေကို ကုန်လွန်စေရင်း နှစ်သစ်တစ်ခုကို ပူအိုက်အိုက်နဲ့ ကြိုဆိုရတော့မယ်။ သင်္ကြန်သီချင်းသံမရှိ၊ သင်္ကြန်သံချပ်မရှိ၊ ရေပတ်ခံကားမရှိ၊ သင်္ကြန်နဲ့ပတ်သတ်တာဆိုလို့ ဘာလော့ဂ်ဂါဓမ္မဂင်္ဂါ၊ ကိုနော၊ မစ္စတာပါရဂူတို့ရေးတဲ့ သင်္ကြန်အဆွေးလေးတွေပဲရှိလေရဲ့။

အမိမြေမှာ တေးသံတွေနဲ့ သင်္ကြန်ဟာစည်နေပေါ့။ ဒီမှာတော့ ကုလားတေးနဲ့ ချွေးသင်္ကြန်က ကျလို့ ကောင်းတုန်း။ နေထွက်တာနဲ့ အပူဟာထိုးစစ်ဆင်ဝင်လာတော့တာပဲ။ နေ့ခင်းဘက်ဆိုရင် အိမ်ပြင်ထွက်ဖို့ကို မစဉ်းစားရဲအောင်ပဲ။

ပူလောင်ပြင်းသော
နွေသဘောကို
ဥသြလေးတွေသိကြတယ်
တဲ့

အရင်ကဖတ်ဖူးတဲ့ဗျာလေးပါ။ အခုတော့ ပူလောင်ပြင်းသော နွေသဘောကို ဥသြတွေသာမကတော့ဘူး မဇ္ဈိမသားတွေအားလုံး၊ သို့မဟုတ်၊ မဇ္ဈိမစာသင်သား အားလုံးသိကြတယ်။ အလူးအလိမ့်ခံနေရတာပဲလေ။ အင်း ချွေးသင်္ကြန် ဘယ်တော့ တက်မလဲပဲ စောင့်နေရတော့မှာပေါ့။ တကယ့်သင်္ကြန်ကတော့ လေးရက်ဆိုတက်၊ နောက်ရက်ဟာနှစ်သစ်ပဲ။ ချွေးသင်္ကြန်ကတော့ နွေရက်ရှည်ပဲ။ သက်ပြင်းရှည်ရှည်ပဲဆွဲနေရပေါ့။



..............ချင်ဘူး


ကိုသက္ကလာမယ်
မတွေ့ချင်ဘူး
နှစ်စဉ်သင်္ကြန်မှာ
တူးပို့တူးပို့သံကို
စိတ်ညစ်ခြင်းနဲ့နားဆင်နေရလို့
။.............။

သူဘာစီးလာမယ်
မသိချင်ဘူး
မှတ်တမ်းတွေတင်ဆောင်နိုင်မယ့်
လေယာဉ်တောင် ၀ယ်ထားရဲ့
နတ်မြင်းလောက်နဲ့ မနိုင်လို့
။...............။

ဘာ ပရပိုက်ပါမယ်
မသိချင်ဘူး
ဒီနှစ်လဲ
ထူးမှာမှ မဟုတ်တာ
ရွှေ၊ ငွေဟာဈေးကြီးနေတယ်
။.............။

ဘာတွေမှတ်တမ်းတင်မယ်
မကြားချင်ဘူး
သူမူးပြီး
ငါ့ကို လူကောင်းစာရင်းမသွင်းမိဘို့တော့
ဆုတောင်းမိတယ်
။..............။


Sunday, April 11, 2010

ငါလေချွန်နေတယ်


ရွှီ
လေတစ်ချက်ချွန်လိုက်မိတယ်
ဘာအတွက်လဲ
ပျော်ရွှင်လို့တော့မဟုတ်
ငါ့အသုဘမှာ ဆိုင်းမငှားနိုင်တဲ့အတွက်
ငါ လေချွန်တာကို လေ့ကျင့်နေမိတယ်
။............။

အသက်တစ်ရက်ကြီးလာတိုင်း
သေဘို့တစ်ရက်နီးကပ်နေတယ်ဆိုတာ
လူတိုင်းသိတယ်
မေ့နေသူအတွက်တော့
မပြောတက်ဘူး
။...............။

ရွှီ
လေတစ်ချက်ချွန်လိုက်တယ်
ဘာအတွက်လဲ
နောင်တကင်းစွာ သေဆုံးနိုင်ဘို့
နောက်
ငါ့အသုဘကို
ဖြူစင်စွာ ပို့ချဘို့
ငါလေချွန်နေမိတယ်
။............။

ရွှီ.. ရွှီ
ငါလေချွန်နေမိတယ်
ငါ့ဘ၀တစ်သက်
အသက်မွေးမှုမှာ
သမ္မာအာဇီဝကျတယ်ဆိုတဲ့
သက်မှတ်ချက်
တံဆိပ်ကပ်ခဲ့ဘို့အတွက်
။.............။

ရွှီ... ရွှီ ... ရွှီ
ငါလေချွန်နေတယ်
...........တယ်
.......................တယ်
။.............။

Saturday, April 10, 2010

မျှော်လင့် သင်္ကြန်



ပြတင်းတံခါးလေးဖွင့်ထားမိတယ်
သင်္ကြန်သီချင်းသံကြားရနိုးနဲ့ပါ
ဘယ်သူသီဆိုမှာလဲ
ပျော်ရွှင်ဖွယ်ဖြစ်အောင်
သောကမှိုင်းလူးနေတဲ့ လူတွေအတွက်
ကိုယ်တိုင်မဆိုတက်တော့ခက်တယ်
။................။

ကြားချင်မိတယ်
အကြင်နာတရားနဲ့ ဖော်ကြူးမဲ့
သင်္ကြန်တေး
လွမ်းလွမ်းဆွေးဆွေးဆိုလဲ
ငါခံစားမယ်
။...............။

မျှော်တမိသည်
သစ္စာတရားနဲ့ဖြန်းပတ်မဲ့အတာ
ပေါ်လာလိမ့်နိုးနိုး
ဟိုးအဝေးမှာဆိုလဲ
ငါစောင့်မယ်
။.............။

နေမ၀င်ခင်တော့
သင်္ကြန်အလှ
ငါမြင်ချင်ပ
သင်္ကြန်တေးသံ
ငါ့နားဆင်ချင်ပ
။.............။

Friday, April 9, 2010

စိတ်ညစ်တဲ့ကဗျာ



အဘိဓမ္မာ (သို့) ဥပဒေ အသစ်အသစ်တွေနဲ့
ငါ့ကို ထူးမခတ်ပစ်ပါနဲ့
ငါ အသက်၀၀ ရှူပါရစေ
။.................။

ဘ၀တွေ ဘ၀တွေ
ဖြစ်ပျက်နေလိုက်ကြတာ
ဖုတ်လှိုက်မောမော
အလောင်းမင်းတရားကိုပြောလိုက်ချင်တယ်
ဒဂုံကိုသိမ်းပိုက်တဲ့ပွဲ
တဘောင်တနွဲဆိုတာကို
ဟိုချောင်ထဲမှာသိမ်းထားလိုက်လို့
။..............။

တစ်နဲ့ကိုးပေါင်းမှဖြစ်တဲ့ ဆယ့်ကိုးနဲ့
မင်္ဂလာတရားဆိုတာဖြစ်မတဲ့လား
ဝေဒနည်းဆိုတာကို
ငါနားမလည်သေးတော့ခက်တယ်
။...............။

ငါလေ အသုံးမကျတဲ့လူလို့
အပြောခံရတာ ငါနှစ်သက်ပါတယ်
အများအမြင်မှာ
ငါဟာ
ယုတ်မာတက်သူတစ်ယောက်အဖြစ်
ကမ္ဗည်းတွင်ရစ်မှာတော့
ငါအကြောက်ဆုံးပါ
။.............။

အို အရှင်ဘုရား
သနားသောအားဖြင့်
ရိုးသားခွင့်တစ်ခုကိုတော့ဖြင့်
တစ်သတ်တာ ထမ်းရွက်ခွင့်ပေးပါ
တပည့်တော်သေတဲ့အခါ
လိပ်ပြာ သန့်သွားချင်တယ်

ရိုးသားခွင့်ပေးပါ
..............ပါ
.......ပါ

။...............။

ဉာတကာနဉ္စ သင်္ဂဟော


တစ်ခါက ရွာတစ်ရွာမှာ တရားဓမ္မနဲ့အညီလမ်းညွှန်ပြတက်တဲ့ ဆရာတော်တစ်ပါးရယ်၊ နောက် ကျောင်းမှာနေပြီး ကျောင်းဝေယျာဝစ္စတွေကို ပြုတက်တဲ့ ကပ္ပိယကြီးတစ်ယောက်ရယ် ဆရာ ဒကာလက်တွဲပြီး ကျေးလတ်သာသနာကို ပြုနေကြလေတယ်။ ဆရာတော်သည် ကြုံရင်ကြုံသလို ဘုရားဟောတရားတော် တွေကိုးကားပြီး ဆိုဆုံးမလေ့ရှိတော့ သာသာနာစည်ပင်ပြန့်ပွားပြီး ရွာနီးချုပ်စပ်မှာ နာမည်တစ်လုံးနဲ့ ရွာဆိုလည်း မမှားဘူးပေဘူးပေါ့။ အလှူအတန်းရှိရှိသမျှတို့မှာ ဆရာကြွရင် ဒကာပါဆိုသလိုပဲ ပင့်ဖိတ်တဲ့အလှူမှန်သမျှ ကပ္ပိယကြီးပါသပေါ့။

တစ်ရက် ဆရာတော် အလှူတစ်ပွဲမှအပြန် ငှက်ပျောဖီး ရင့်ရင့်လှလှတစ်ပွဲကို ကန်တော့ပွဲအဖြစ် လှူဒါန်းလိုက်တယ်။ ဆရာတော်ကတော့ တစ်ပြုံးပြုံးပေါ့၊ ကျောင်းပြန်ရောက်ရင် ကိုရင်၊ ကျောင်းသားတွေကို ကျွေးရချည်သေးရဲ့ပေါ့။ သူ့တွက်ကိန်းနဲ့သူ ကျေနပ်ပီတိ ဖြစ်နေတဲ့ဆရာတော်လည်း ကျောင်းပြန်ရောက်လို့ ကပ္ပိယကြီး ငှက်ပျောသီးယူခဲ့စမ်းချေ လို့လဲဆိုရော ကပ္ပိယကြီးက ဆရာတော်ဘုရား ငှက်ပျောသီး မရှိတော့ပါဘုရား လို့လျှောက်တယ်။ ဟ. ငှက်ပျောသီးဘယ်ရောက်သွားလို့လဲကပ္ပိယကြီးရဲ့ ဆိုတော့ မှန်ပါ့ဘုရား ဆရာတော်ဟောထားတာပဲဘုရား ဉာတကာနဉ္စ သင်္ဂဟော၊ ဆွေမျိုးဉာတိများအား ပေးကမ်းထောက်ပံ့ ခြင်းသည်လည်း မင်္ဂလာတစ်ပါးလို့ အဲဒါကြောင့် ငှက်ပျောသီးကို တပည့်တော်ရဲ့ အမျိုးတွေကို ပေးလိုက်ပါပြီးဘုရား တဲ့။

မှန်လိုက်လေ ကပ္ပိယကြီးရယ် ကိုယ်ဆွေမျိုးကိုပေးကမ်းထောက်ပံ့တာ ဘုရားဟောမင်္ဂလာနှင့် ပြည့်စုံနေပေ သားပဲ၊ ကျုပ်သာ ပွဲရုံပိုင်ရှင်၊ ကုမ္ပဏီပိုင်ရှင်၊ ဘာပိုင်ရှင် ညာပိုင်ရှင်ဖြစ်ပါလား ညီကို မန်နေဂျာ၊ ဦးလေးကို အကြံပေးစသည့်ဖြင့်ပေါ့ အမျိုးတွေအကုန်ခန့်ပစ်မယ် ကိုယ်တိုင်တော့ သူဌေးဂိုက်နဲ့ စကထရီ ချောချောလေးတစ်ယောက်ခန့်ပြီး ရုံးခန်းမှာ အနှိပ်စားထိုင်နေရုံပ။ ဘာဘွဲ့တွေမှမလိုပါဘူး ကိုယ့်အမျိုးတွေ ဆိုတော့ စိတ်ချရပီးသားပဲလေ။ တိုးတက်တာမတိုးတက်တာအပထား ကိုယ့်စကားကိုတော့ နားထောင်ကြမှာ ပလေ။ နောက် ဉာတကာနဉ္စ သင်္ဂဟောဆိုတဲ့ ဘုရားဟော မင်္ဂလာနဲ့လည်း အံဝင်ဂွင်ကိုက် မဟုတ်ပေဘူးလား ကပ္ပိယကြီးရယ်။ ကပ္ပိယကြီးအားကျလို့ ငယ်ငယ်တည်းကအကြံကြီးကြံထားတဲ့စီမံကိန်းပေပ။ ကိုရင်တွေ၊ ကျောင်းသားတွေမစားရလဲ ဘာဖြစ်တုန်း ဆွေမျိုးတွေကိုထောက်ပံ့ပေးကမ်းတာပဲ မင်္ဂလာတရားကို ကျင့်ပွားရာလဲ ရောက်တာပဲနော။

ဆရာတော်ကတော့ ငြီးမှာပဲ သေဟဲ့ နန္ဒိယလို့၊ မတက်နိုင်ဘူး.. ကိုယ့်အမျိုးကောင်းစားဘို့အတွက်ပဲ .....ပေးမှာပဲ ပေးမှာပဲ ငါ့ကိုနော်မတားနဲ့..... သီချင်းလေးအေးအေးညည်းလို့......

Thursday, April 8, 2010

ဘေလာ့ဂ္ဂါ ခရီးသြားမ်ား



သူတို့ပြန်ကြတော့မည်၊ သူတို့ဆိုသည်မှာ အဖွဲ့ဦးဆောင်သူများထဲမှ ပုဏ္ဏားဘလော့ဂ်ဂါ သူရဲကောင်းများထဲမှ သူတို့။ ပိဋကတ်နဲ့ စာပေနှံ့စပ်သလောက် အရေးသွက်တဲ့ကိုနော၊ သူ့စာတွေဆို စောင့်ဖတ်ရတာအမောပင်။ နောက် နှလုံးသွေးစက်တို့နဲ့ ရေးစပ်တဲ့ကဗျာတွေ တရစပ်သီခဲ့တဲ့ကိုပိန်၊ ပုဏ္ဏားအဖွဲ့တွေကို ခေတ္တအားဖြင့်ခွဲခွါ သွားကြပေတော့မည်။ ဘလော့ဂ်ဂါခရီးသွားခြင်းလို့ အမည်တပ်ရမည်လား၊ ဓမ္မဂင်္ဂါကတော့ ဘလော့ဂ်ဂါ ထွက်ပြေးခြင်းတဲ့ သူ့ကိုသူအမည်တပ်ဖူး၏။ စောင့်မျှော်နေရပေတော့မည်။ အိုင်တီနဲ့ အဆက်မပျက်ရင် ဆက်လက်ရေးတင်ဖို့ မျှော်လင့်မိသည်။

ဓမ္မဂင်္ဂါ၊ ကိုနော၊ မစ္စတာပါရဂူ၊ ကိုပိန်၊ နောက် ရှင်လေးမော် စတဲ့ ဗာရာဏသီပျော်ပုဏ္ဏားများ၊ သူတို့၏ စာများ၊ ကဗျာများကို ဖတ်မှတ်ရင်းနဲ့ ဘလော့ဂ်ဂါစာရင်းထဲကို နောက်ပေါက်က၀င်ရောက် ကပြနေမိသည်ဆိုလျှင် မမှားပေ။ မတောက်တစ်ခေါက် စာတိုပေစလေးတွေ ရေးတက်ဘို့၊ တွေးတက်ဘို့ သူတို့ပင်မြှောက်ပေးကြ၏။ ဖတ်ရှုပေး၊ ဝေဘန်ပေးရင်းနဲ့ ဆွဲခေါ်ကြ၏။ ဘလော့ဂ်ဂါရှေ့ဆောင်လမ်းပြများပင်။

ဘလော့ဂ်ဂါများသည် လာရာအရပ်ဒေသ ကွဲပြားပင်ကွဲပြားသော်ငြားလည်း တောသားဆိုတဲ့ဝတ်ရုံကိုတော့ တူညီဝတ်စုံအဖြစ် ဆင်မြန်းခဲ့ကြပေ၏။ ကျေးလတ်မှာ မွေးဖွားခဲ့ကြတဲ့ ဘလော့ဂ်ဂါများပင်။ နောက် မြတ်ဗုဒ္ဓ၏ တပည့်သား ရဟန်းများအဖြစ် ရာစုသစ်ရဲ့ စနစ်ထဲကို တိုးဝင်ခဲ့ကြခြင်းလည်း တူညီ၏။ ၁၆ ရာစု ကိုရီးယားစစ်သူကြီးပြောသလို “စစ်မြေပြင်မှာ လက်နက်ခြင်း၊ အသက်ခြင်းမျှဝေကြတာဟာ စစ်သူရဲကောင်း တို့ရဲဝါဒ” တဲ့။ “အိုင်တီခေတ် ဘလော့ဂ်ဂါ ကောင်းကင်ယံမှာတော့ နှလုံးသားခြင်း မျှဝေနေ ကြတာဟာ ဘာဝါဒဖြစ်လေမည်နည်း ? ။

သူတို့ကို လွမ်းနေတော့မည်။ သူတို့နှလုံးသားမှ စီးဆင်းလာတဲ့ သွေးစက်တို့ကို ဖတ်ဖို့ စောင့်နေရပေ ဦးတော့မည်။ have a nice trip .. လို့ပဲ ဘိုဆန်ဆန်ဆုတောင်းပေးရတော့မည်။

Wednesday, April 7, 2010

အတာသို့ တမ်းခြင်း



နှစ်လုံးရယ်တဲ့ပါဒ်မှီ၊
ရေသွန်းစံပျော်လို့
ငွေကံ့ကော် ပိတောက်ပန်းရယ်
လန်းတဲ့ရာသီ။
။...............။
စိတြာရွှေကြယ်မြတ်ကယ်နှင့်
စန်းသမသတ်ပြည့်ခါမှီ
ညဥ့်နာရီနေခင်း။
။..............။
မျှမပို
လအလို အခါထူးပါတဲ့
တန်ခူး သည်ဂိမှေ၌
ရ၀ိန်နေ မဇ္ဈေနန်းမှာ
မြန်းမည့်အတွင်း။
။...............။
(မဟာဂီတဦးပြုံးချို)

သင်္ကြန်တဲ့.. တစ်ဦးကိုတစ်ဦးရေစင်ဖြင့်ပတ်ဖြန်းကျ၊ အပျိုလူပျို ကြည်ပျော်နူးကျနဲ့ ထူးလှတဲ့ရိုးရာပွဲ၊ နှစ်ဟောင်းထဲက အညစ်အကြေးတွေကို နှစ်သစ်ထဲပါမသွားအောင် အတာရေနဲ့ဆေးကြောပစ်ခဲ့ကြ၏။ အတာရေဟူသည် .. မေတ္တာဓာတ်ကို ပမာပြု၍ “ရေလိုအေးလို့ပန်းလိုလန်းပါစေ”ဟူသော အဓိပ္ပါယ်ဖြင့် ရေပတ်ကစားခြင်းပင်ဖြစ်၏။ “ထုံသင်းနံ့သာ ရေသီတာဝယ် စမ္ပာကရမတ် ပန်းပေါင်းဖက်” သောအမွေးအကြိုင်တို့ဖြင့် ငွေဖလားတွင်ထည့်၍ ရေပတ်လောင်းကြလေ့ရှိ၏။

ကိုယ်စိတ်နှလုံးစင်ကြယ်စေရန်အတွက် တရော်၊ ကင်ပွန်းတို့ဖြင့် ခေါင်းလျှော်ခြင်း၊ ဦးခေါင်းဆေးမင်္ဂလာကိုလည်း ပြုလေ့ရှိကြ၏။ ဥပုသ်သီလဆောက်တည်ခြင်း၊ ရှင်ပြုရဟန်းခံခြင်း၊ စတုဒိသာကျွေးမွေးခြင်းစတဲ့ အလှူဒါန အမျိုးမျိုးကိုလည်း ပြုတက်ကုန်၏။

အမိမြေနဲ့ဝေးပြီး ယဉ်ကျေးမှုကိုမြတ်နိုးတက်သူအဖို့တော့ မမေ့ရက်စရာ အတာပွဲလေးပင်။ ငယ်စဉ်က ကျေးလတ်မှာ သူငယ်ချင်းတသိုက်နှင့် ကြည်နူးပျော်ပါးရေပတ်ကစားခဲ့ကြတာကို တမ်းတမိသည်။ နှစ်လအလီလီ ကြာခဲ့ပါပြီ၊ ဒါပေမဲ့ သတိရစိတ်ဓာတ်ကတော့ ဘယ်လိုမှဖျောက်ဖြတ်လို့မရ။ နေရာဒေသမျိုးစုံမှာ လှုပ်ရှားကျင်လည်နေရပေမဲ့ အမိမြေရဲ့ အတာပွဲနဲ့ ပျော်မွေ့ဖွယ်ဓလေ့လေးကိုတော့ဖြင့် တသက် မမေ့ရက်စရာ။ လွမ်းမိပါ၏။

ရောက်လာတော့မဲ့ အတာလေးရေ
စိုချင်စိုပါစေတော့
ဗြဟ္မစိုရေတစ်ခွက်နဲ့
ဖြန်းပတ်ပါတော့
။...............။

သတိရခြင်းတွေ လွှမ်းခြုံထားတဲ့
အမိမြေနဲ့ ရိုးရာဓလေ့ကို
ချစ်နေတက်သူတစ်ယောက် အတွက်
သပြေခက်နဲ့ဝေးနေမယ်ဆိုလဲ
လွမ်းမြဲလွမ်းမိတယ်
။................။

ရောက်လာတော့မယ် အတာလေးရေ
ပူလောင်ပြင်းတဲ့နွေရက်အတွင်းမှာ
အေးမြခြင်းတွေ မျှဝေပါတော့
။...................။


မှတ်ချက်။........။ ကဗျာရဲ့စကားလုံးအချို့ကို ဂင်္ဂါဂျီး၊ စာသားအချို့ကို မောင်ထင်၏ ဆယ့်နှစ်လရာသီမှ ကူးချမိပါကြောင်း။ အဟမ်း... ခွင့်လွတ်စေလိုကြောင်း။

နာမည်မရှိတဲ့ကဗျာ(သို့) ကဗျာမဟုတ်တဲ့ကဗျာ



ပို့စ်အသစ်တင်ဘို့ စဉ်းစားလိုက်တိုင်း ဘယ်အကြောင်းအရာကို ဘယ်ကစရေးရမှန်းမသိ ဖြစ်နေတယ်။ အားနည်းလှတဲ့ ဗဟုသုတနဲ့ ဖန်တီးမှုက လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုကို နှောင်နှေး တွန့်ဆုတ် ကြန့်ကြာစေတော့ ဘာကို ဘယ်လိုရေးရမှန်း မသိတော့။ တော်၏ မတော်၏မစဉ်းစား ကဗျာလား စကားပြေလား ဘာလားလားပေါ့။ လက်ဆော့တာပါဆိုမှ။ စိတ်ထဲရှိရာကိုသာ ရေးချလိုက်တယ် မကောင်းဘူး ဆိုတာတော့ ရှေ့ထွက် စာတွေကသက်သေပေါ့။ ဖတ်ရင်းနဲ့ ကဗျာနာမည်လေးပေးကြပါ.. လို့ .............


ဘုရားကို ကိုးကွယ်ပါ၏
ထိုဘုရား၏ ဟောကြားချက်
တရားတော်မြတ်ကိုလည်း
မြတ်နိုးပါ၏
ဘုရား၏ တပည့်သား
ထေရ်သံဃာအများကိုလည်း
ရိုကျိုးပါ၏
။...............။

ယုံကြည်မှုနဲ့ စွမ်းအား
ဘုရားကမွေးဖွားပေးတယ်
ရောင့်ရဲခြင်းနှင့် နှိမ့်ချရိုကျိုးမှု
ငါပြုမူတက်ဘို့
တရားက လမ်းပြလို့
အဖွဲ့အစည်းနဲ့ယထာဘူတကျဘို့
နှစ်ထောင့်ငါးရာအလွန်တည်ရှိမှုနဲ့
သံဃာမြတ်တို့ သင်ပြတယ်
။.............။

ငါ့ကိုယ်ငါပြုပြင်
ယုံကြည်မှုနဲ့ လွန်းတင်လို့
ခိုင်မာအောင် ကျစ်ထုံး
ဒုက္ခလမ်းဆုံးကိုလျှောက်ဖို့
ငါဖိနပ်စီးနေတယ်
။.................။

ဗုဒ္ဓဘုရားကို ယုံကြည်ကိုးစားမှု
တရားတော်များကျင့်ပွားမှု
သံဃာတော်အား အားထားမှုတို့အတွက်
အခြားဘာသာတွေရဲ့စည်းကမ်းချက်မှာတော့
ငါဟာ
ငရဲသားတံဆိတ်ကပ်ပြီးသားဖြစ်မှာပါ
အယူဝါဒ ဆန့်ကျင်မှုနဲ့ပေါ့
။............။

Tuesday, April 6, 2010

ကြီးရင့်ခြင်း



အခုလို သင်္ကြန်နားနီးတော့
ဥသြတွန်သံကို
လွမ်းမိသလို
ကိုဇော်ဝမ်းကြီးဆိုတဲ့
တူးပို့ တူးပို့သံ
အဖန်ဖန်ပြန်ကြားမိပေါ့
။...............။

ငါ့မှာ ပြန်ရှာဖို့
မနှစ်က လိပ်စာပေးခဲ့သူမရှိ
ဒီလိုနဲ့ပဲ
ရေမစိုပဲ ပျောက်ပျက်ခဲ့ရ
။............။

နှစ်သစ်တစ်ခုထဲ တိုးဝင်ရင်း
သက္ကရာဇ်တွေ ချချနင်းခဲ့တာ
ဒီတစ်ခါပါနဲ့ဆို
ဧကူနတိံသ
ဘ၀ရဲ့ တစ်ဆစ်ချိုးပေါ့။
။..............။

တစ်နှစ်ကြီးလာတာကလွဲရင်
ရင့်ကျက်မှုဆိုတာ ရှာမရ
ဘ၀ကို အဆန်လှော်ရင်း
အင်း
အာသာပြင်းပြင်းရှာဖွေနေတဲ့
အောင်မြင်မှုအတွက်
အပြင်းချီတက်ရဦးမှာပါလား
။..............။

Sunday, April 4, 2010

အမေသို့တမ်းခြင်း



ရထားဥသြသံတွေမကြားမိပါဘူး
အိမ်ပြန်ချင်စိတ်ကတော့
ဘယ်လိုမှထိန်းချုပ်လို့မရ
လွမ်းလှတဲ့ အမေ့အိမ်
။.................။

ဒီအချိန်ဆို
ပြန်လာမယ်ဆိုတဲ့အတွေးနဲ့
အမေမျှော်နေမယ်
သိတယ်
အချိန်နဲ့ဘ၀ကို
ကိုယ်တိုင်ထုဆစ်တာမဟုတ်တော့
သူတို့အလိုကျ
စီးမျောနေရမှာပဲလေ
။..............။

ဘယ်ဆီပဲရောက်ရောက်
မေတ္တာတရားနဲ့လွမ်းခြုံထားတဲ့
အမေ့အပြုံးလှလှကို
လွမ်းတယ်
ကျန်းမာရေးဂရုစိုက်ဖို့
မှာတက်တဲ့
အမေ့ရဲ့ ကရုဏာကိုလဲ
လွမ်းတယ်
ပညာရေးအလေးထားဘို့
အလင်းပြတဲ့အမေ့သြ၀ါဒကိုလဲ
လွမ်းတယ်
။................။

အနုသယကိုဖြတ်ဖို့
ရဟန်းအဖြစ်ဖန်ဆင်းပေးခဲ့ပေမဲ့
(အမြဲတမ်းမဟုတ်ခဲ့တောင်)
အိမ်ပြန်ချိန်တန်ရင်တော့
အမေ့ကိုတမ်းတတက်တာ
အသေအချာပဲ
။.............။

အမေ့ရင်ခွင်နဲ့ ကွဲကွာခဲ့တာ
အနှစ်နှစ်ဆယ်
လွမ်းတယ်
ရထားဥသြသံမကြားလဲ လွမ်းတယ်
။...............။

Saturday, April 3, 2010

မဇ္ဈိမအလှ ကဗျာ


တော၏အလှ
သဘာဝမို့
ချုပ်ညနေရီ
ချိန်ခါမှီ၌
ထမီတိုတို
ရေစိုစိုနှင့်
တေးလေးဆိုကာ
ရေခပ်လာသည်
သူဇာနတ်မယ် ပမာလား။
(နတ်နွယ်၊ - ကနောင်)

တောသဘာဝအလှကို ဖော်ကြူးထားတဲ့ကဗျာလေး၊ ကောင်းလိုက်ဘိခြင်း၊ နတ်နွယ်(ကနောင်)ရေ ရွာကိုပင် ပြန်လွမ်းမိသလို၊ ဘယ်ကိုလွမ်းရမှန်းမသိပေ။

မဇ္ဈိမအလှ
သဘာဝမို့
ချုပ်ညနေရီ
ချိန်ခါမှီ၌
ဆာရီကပိုကရို
ရေခွက်ပိုနှင့်
တေးတိတ်(အသံတိတ်)ဆိုကာ
အပြင်ထွက်လာသည်
အိမ်သာတက်ရန်ပါတကား။
(အမည်မသိ ခေတ်စာဆို)

အိန္ဒိယ၏ ညနေခင်းအလှကို ဖွဲ့ဆိုထားတဲ့ကဗျာ၊ ............ အင်း.......... လိုက်ဘိခြင်း။ (ဆရာနတ်နွယ်ရဲ့ ကဗျာလေးအား ဖြတ်ညှပ်ကပ်လုပ်လိုက်ရာ ကဗျာဖြစ်မလာပဲ ကဗျက်ဖြစ်သွားပါကြောင်း)။

ရာဟုရဲ့မာယာ ရှင်းတမ်း



ဘလော့ဂ် Title လေးမှာရေးထားမိတဲ့ “လမင်းရဲ့အလင်းရောင်နဲ့ ကိုယ့်ကိုယ်ကို ရှာဖွေရင်း ရာဟုရဲ့ မာယာတွင်းကို သက်ဆင်းခဲ့ရသူ” ဆိုတဲ့စာသားလေးနဲ့ပတ်သက်ပြီး အမေး comment လေးတစ်ခု တက်လာတယ်။ “ရာဟုရဲ့မာယာဆိုတာ ဘာပါလဲ” တဲ့။ အမေးရှိတော့လဲ အဖြေပေးရတာပေါ့။

မြတ်စွာဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော်ကိုရလို့ ပဉ္စ၀ဂ္ဂီငါးဦးကိုတရားဦးဟောဘို့ ဂယာမှ ဗာရာဏသီ မိဂဒါဝုန်သို့ကြွအသွား လမ်းခုလပ်မှာ ဥပက ဆိုတဲ့ တက္ကဒွန်းနဲ့ ရင်ဆိုင်တွေ့လေ၏။ မြတ်စွာဘုရား၏ ကြည်ရွှင်ဖွယ်သော အမူအရာ ပသာဒတို့ကိုမြင်ပြီး..

“င့ါရှင် သင်၏ ဣနြေ္ဒတို့သည် အထူးသဖြင့်ကြည်လင်ကုန်၏။ အရေအဆင်းသည် စင်ကြယ်၏၊ ကြည်စင်၏၊ င့ါရှင် သင်သည် အဘယ်သူ့ကိုရည်ညွန်း၍ ရဟန်းပြုသနည်း၊ ငါ့ရှင်၏ ဆရာသည် အဘယ်သူနည်း၊ သင်သည် အဘယ်သူ၏ တရားကို နှစ်သက်သနည်း။ ” ဟုမေးလေ၏။

မြတ်စွာဘုရားလည်း.........

“ဥပက ငါသည် အလုံးစုံကို လွမ်းမိုးနိုင်၏၊ အလုံးစုံကိုသိ၏၊ တရားအားလုံးတို့၌ (ကိလေသာဖြင့်) မလိမ်းကျံ၊ အလုံးစုံကို စွန့်အပ်ပြီ၊ တဏှာ၏ကုန်ရာ နိဗ္ဗာန်ကို အာရုံပြုရသောကြောင့် ကိလေသာမှလွတ်ပြီ၊ ကိုယ်တိုင် အထူးသိမြင်ပြီးဖြစ်၍ အဘယ်သူကို ဆရာဟူ၍ ညွှန်းရအံ့နည်း”
“ဥပက ငါ့အား ဆရာမရှိ၊ ငါနှင့်တူသောသူမရှိ၊ နတ်နှင့်တကွသော လောက၌ ငါ့အားဖတ်ပြိုင်နိုင်သော ပုဂ္ဂိုလ်မရှိ”
“ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည်အတုမရှိသောသူတည်း၊ နတ်လူတို့၏ဆရာတည်း၊ ငါသည်သာလျှင် အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာသိသော တစ်ဆူတည်းသော ဘုရားတည်း၊ ကိလေသာမီးငြိမ်းသည်ဖြစ်၍ ချမ်းမြ၏။”
“ငါသည် ဓမ္မစကြ်ာတရားကို ဟောခြင်းငှာ ကာသိတိုင်း၊ ဗာရာဏသီပြည်သို့သွားအံ့၊ သူကန်းသဖွယ်ဖြစ်သောလောက၌ တရားတည်းဟူသော အမြိုက်စည်ကြီးကို တီးခတ်ပေအဲ့။”

ဥပကလဲ.....

“င့ါရှင် ၀န်ခံသော အဆုံးမရှိသောဉာဏ်နှင့်ပြည့်စုံသော၊ မာရ်ငါးပါးကို အောင်မြင်သောဘုရား ဖြစ်ထိုက်ပါ သလော” ဟုမေးလေပြန်၏။

“ဥပက အာသဝေါတရားတို့၏ကုန်ခြင်းသို့ရောက်သော ငါကဲ့သို့သောပုဂ္ဂိုလ်တို့သည် စင်စစ် ဇိန မည်ကုန်၏၊ ငါသည် ယုတ်မာသော အလုံးစုံသောအကုသိုလ်တရားတို့ကိုအောင်အပ်သောကြောင့် စင်စစ် ဇိနမည်၏” ဟုမိန့်တော်မူ၏။

ဥပက တက္ကဒွန်းလဲ .. “ငါ့ရှင် ဟုတ်ပေရာ၏” ဦးခေါင်းတညိမ့်ညိမ့်ဖြင့် လမ်းဖယ်၍သွားလေ၏။

ထိုနေရာ၌ ဥပကသည် လည်း တရားကိုရှာဖွေနေသူတစ်ဦးပင်ဖြစ်ပေ၏။ သူကိုယ်တိုင်လဲ အောင်မြင်သူဇိနဟု အထင်ရှိလေ၏။ ဘုရားရှင်တည်းဟူသော လမင်းကိုတွေ့သော်လည်း သူကိုယ်သူမရှာဖွေနိုင်ခဲ့၊ အတ္တဟူသော ရာဟုသည် သူ့အားဖမ်းစားထားလေ၏။ ထိုအတ္တဟူသောရာဟု၏မာယာတွင်းကို သူသည်လည်း သက်ဆင်း ခဲ့ရပေ၏။ ထိုသို့ဘုရားရှင်နှင့် တွေ့ပင်တွေ့ငြားသော်လည်း ရာဂ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ရာဟုရဲ့မာယာ တွေထဲမှာ သက်ဆင်းခဲ့ရတဲ့ ပုဂ္ဂိုလ်တို့သည် အများအပြားပင်။

ကိုယ်တိုင်သည်ပင် ဘုရားရှင်ဟောကြားထားသော (ဘုရားတည်းဟူသောလမင်း၏) သစ္စာအလင်းရောင် ရှိသော်လည်း အသိပညာနည်းခြင်း မောဟတည်းဟူသော ရာဟုမာယာတွင်းမှာ သက်ဆင်း ခဲ့ရကြောင်းကို ဖွင့်ဆိုရေးသားလိုက်ရပါကြောင်း။

Crystal.. ရေ ဒီလောက်ဆိုကျေနပ်လောက်ပါပြီနော်.. ကျေးဇူးတင်ပါတယ်။

Friday, April 2, 2010

ခန္တီစ၊ တပေါစ




ခန္တီစ၊ သီးခံခြင်းသည်လည်းကောင်း။
တပေါစ၊ ခြိုးခြံချွေတာခြင်းသည်လည်းကောင်း။
မင်္ဂလာမည်ပေ၏။

ငယ်စဉ်ဘ၀ ကျောင်းသားငယ်အဖြစ် ရွာဦးကျောင်း၊ မူလတန်းကျောင်းတွေမှာ ပညာသင်ဖို့အတွက် အပ်နှံပြီး သားတစ်ယောက်ရဲ့ပညာရေးကို မိဘတွေက ဖြည့်ဆည်းပေးခဲ့ကြ၏။ ငယ်ရွယ်သူတို့ထုံးစံအတိုင်း ကျောင်းတက်၊ စာကျက်ဖို့အလွန်ပင် ပျင်းရိမိခဲ့၏။ ဒါပေမဲ့မရ မိဘရဲ့စေတနာအဖြစ် ကြိမ်လုံးက တ၀ဲဝဲ၊ ကျောင်းသွားပြန်ရင်လဲ စာမရတဲ့အတွက် ဘုန်းတော်ကြီးကျောင်းမှာဆို ဆရာတော်၊ အတန်းကျောင်းမှာဆို ဆရာ၊ ဆရာမတွေရဲ့ ကြိမ်လုံးနဲ့ ပေတံစောင်းတွေကလဲ ခပ်ထက်ထက်ဖြစ်၏။ စာမသင်ချင်တာကို ဘယ်လို့မှ အကြောင်းပြလို့မရခဲ့ သည်းခံပြီး ကျောင်းမှန်မှန်တက်ခဲ့ရ၏။ ခန္တီစ ဂုဏ်နှင့်ပြည့်စုံခဲ့တယ်လို့ မိုက်မိုက်ကန်းကန်း ယုံကြည့်မိ၏ (ကိုယ့်အတွက်မှန်းမသိပဲကိုး)။ တစ်ရက်.. ကျောင်းသားတွေစာစုကျက်နေတုန်း စာသင်ပေးတဲ့ ဆရာတော် ချက်ချင်းပဲရောက်လာပီး ဘာမပြောညာမပြောနဲ့ ညီဝမ်းကွဲတစ်ယောက်နဲ့အတူ ကြိမ်ဖြင့် ဆော်ခံရ၏။ (အင်း မှတ်) အကြောင်းသော်ကား.. စာမကျက်လို့ဟူလိုသော်။ ခက်၏ ဘာမှ ဖြေရှင်းပြခွင့်မရလိုက် သူလာမှန်းသိလို့ စာကျက်နေရာကနေ အခြားဆော့နေသူတွေကို သတိလှန်းပေး မိမှန်း တကယ်ပင်မသိ၊ ရှင်းပြခွင့်မရခဲ့။ ကံဆိုးလိုက်လေခြင်း။ ကိုယ့်ဟာကို ခန္တီစ၊ မနိုင်၍ သည်းခံခြင်း သည်လည်းကောင်း၊ လို့ပဲ အဓိပ္ပါယ်ပြန်ပြင်မိ၏။ ဟုတ်သည်လေ ရှင်းပြခွင့်တောင် မနိုင်ခဲ့တာကလား။ သနားစရာ။ ထိုသို့ပင် မနိုင်၍ သည်းခံရခြင်းတို့သည် နေရာတော်တော်များများပင်ရှိလေ၏။ (မတော်၍သည်းခံခြင်းလည်း ပါကောင်း ပါပေမည်။)

၂၀၀၅ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့သို့ ပညာသင်ရောက်ရှိခဲ့၏။ ဘ၀ရဲ့တစ်ဆစ်ချိုးကွေ့ပင်။ ပထမနှစ်ဖြေဆိုပြီးလို့ ဒုတိယနှစ်အရောက် ပါလာသည့်ငွေ (ဒေါ်လာလေးမဖြစ်စလောက်)လေးသည် ကုန်လေ၏။ ဆရာဆီလှန်းမှာထား သော်လည်း လူကြုံကမရှိသေး၍ ရောက်မလာသေး၊ သူငယ်ချင်းတွေကတော့ မေး၏ ပိုက်ဆံပြက်နေရင် ယူသုံးတဲ့၊ ကျေးဇူးအထူးတင်မိ၏။ ခြွေတာရေးစရတော့သည်ပေါ့။ ထိုနေ့မှစ၍ အပိုကုန်စရာတွေကို အားလုံးစည်းကမ်း (ကိုယ်ပိုင်နော်) ဖြင့်ထိန်းချုပ်ပစ်ခဲ့၏။ အတော်ဒုက္ခ ရောက်သည့် ဖြစ်ခြင်း။ နှလုံးသွင်းမိသည်းကား.... တပေါစ၊ မရှိ၍ ခြိုးခြံချွေတာခြင်းသည်လည်း မင်္ဂလာတစ်ပါးလို့ (ဟုတ်မဟုတ် တော့မသိဘူး၊ ကိုယ့်အတွေ့အကြုံနဲ့ကိုယ်)။

အင်း ......
ခန္တီစ၊ မနိုင်၍(မဖြစ်နိုင်၍)သည်းခံခြင်းသည်းလည်းကောင်း။ တပေါစ၊ မရှိ(သေး)၍ ချွေတာခြင်းသည် လည်းကောင်း၊ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍၊ တွံ၊ အသင်စာဖတ်သူများသည်၊ ဂဏှာဟိ၊ မှတ်ကြပါကုန်။

တစ်လုံးတစ်ပါဒမှစ၍ သင်ကြားပြသပေးခဲ့သော ဆရာသမားများ၊ ဆရာ၊ ဆရာမများကို လေးစားအပ်ပါသည်။