Friday, May 21, 2010

ဦးဒတ္တ၏ ထောက်ခံချက်


ဦးဒတ္တနှင့် သူ့သူငယ်ချင်းတို့သည် ငယ်စဉ်အချိန်က ဗေဒင်ကိုစိတ်ဝင်တစား လေ့လာကြ၏။ စာအုပ်တွေဖတ်ကြ ဆွေးနွေးကြနှင့် အတော်ပင်ဟုတ်နေတော့၏။ သူ့ရွာမှာ ကလေးနာမည်ပေး၊ အိမ်ဆောက်ရက်ရွေး၊ စတာတွေမှာ လက်တည့်စမ်းကြတော့၏။ ဦးဒတ္တသည် အာဝဇ္ဇန်းရွှင်လှသူမဟုတ်တော့ သူငယ်ချင်း၏ ဟောဟန်၊ ပြောဟန်၊ ယူဆဟန်တို့ကို အတုယူအားကျနေမိ သည်သာ။ သူ့ဂွင်တည့်လျှင်တော့ သူသည်လည်း ခေသူမဟုတ်ပေ။ သူငယ်ချင်းသည်ကား နာမည်ရစ၊ ရွာနည်းချုပ်စပ် တွင် အတော်အားကိုးရလေ၏။

တစ်ရက်.. တစ်ခြားရွာမှာ ဒကာတစ်ဦးသည် ကြက်ပျောက်မေးရန် သူတို့နေထိုင်ရာကျောင်းသို့ ရောက်လာတော့၏။ ဦးဒတ္တကိုယ်တိုင် အစွမ်းပြချင်သော်လည်း သူ့ကိုယ်သူ သိပ်ရဲလှသည်မဟုတ်တော့ သူငယ်ချင်းဦးဇင်းကို တာဝန်ယူစေပြီး ဘေးမှ ဟောချက်၊ ပြောချက်ကို နားထောင်နေတော့၏။ သူငယ်ချင်းလဲ “သူ ကြင်ရာ ဥဒကေ” စသည်ဖြင့် တတ်သမျှပညာကို ထုတ်သုံးတော့၏။ ဒကာ မင်းကြက်က ဘယ်နေရာမှာ ရှိလိမ့်မယ်၊ ဒီနေရာ ဒီနေရာမှာတော့ ရှိနိုင်တယ် အဲဒီနေရာတွေသာလိုက်ရှာတော့ တွေ့လိမ့်မည်ဟု အတတ်ဟောလိုက်လေတော့၏။

ဒကာလဲ သဘောတော်ကျလျှက် တပည့်တော်ကို ခွင့်ပြုပါဘုရား ဆိုပြီး ပြန်သွားတယ်ဆိုရင်ပဲ ဦးဒတ္တလည်း ဒကာနောက်မှ လိုက်သွားတော့၏။ ဒကာနောက်ကလိုက်ရင်း ကျောင်းပေါက်ဝ ရောက်သည်အထိ စကားပြောတော့၏။ သူငယ်ချင်းကတော့ ဦးဒတ္တ ဒကာနောက် ဘာလိုက်လုပ်သည် မသိပဲ သူ့အသိပဲဖြစ်မည်ဟု တွေးထင်ကာ ထိုင်နေမိတော့၏။

ဦးဒတ္တပြန်ရောက်လာလို့ ဒကာကိုလိုက်ပြောလိုက်တဲ့ စကားကြားတော့မှာ သူငယ်ချင်း ဗေဒင်ဆရာလည်း ကိုယ့်နှဖူးကို ပြန်ရိုက်မိတော့သည် တကား။ သူပြောတာကတော့ တပည့်တော် အရှင်ဘုရားဟောတာ မှန်ကြောင်း ဒကာကို ပြောပြလိုက်တာ ဟူသတည်း။

ဦးဒတ္တပြောလိုက်သည်ကား........

“ဒကာကြီး.. ဒကာကြီး ခဏနေဦးဗျ.. စောစောက ကိုယ်တော်ဟောတာ အမှန်တွေချည်းပဲဗျ. ဦးဇင်းသိတယ်၊ မနက်ခင်းကမှ ဦးဇင်းတို့နှစ်ပါး အတူတူစာအုပ်ထဲမှာ ဖတ်ထားတာတွေပဲ” တဲ့။

လုပ်တတ်ပါပေ့ ဦးဒတ္တရယ်၊ မြှောက်တတ်လိုက်ပါ့ပေ့၊ ဗေဒင်တတ်စ သူငယ်ချင်းသည်ကား နောက်ဘယ်တော့မှ ဦးဒတ္တရှေ့၌ ဗေဒင်မဟောရဲတော့ပေ။


No comments:

Post a Comment