Monday, December 6, 2010

မိထွေး(ဒွေး)တော် ဂေါတမီ (သို့) ကျနော်တို့အားလုံးရဲ့ အမေ


(၁)

As the beloved mother died seven days after his birth, Mahā Pajāpati Gotami, her younger sister, who was also married to the King, adopted the child, entrusting her own son, Nanda, to the care of the nurses.

ချစ်လှစွာသော မွေးသမိခင်ဟာ (ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလေး) သူ့ကိုမွေးဖွားသန့်စင်ပြီး ခုနှစ်မြောက်သောနေ့၌ ကွယ်လွန်တယ်ဆိုလျှင်ပဲ ဘုရင်သုဒ္ဓေါဒနကိုပင် လက်ထပ်ထားတဲ့ (ဘုရင်သုဒ္ဓေါဒနရဲ့ မိဘုရားတဖြစ်လဲ) ညီမတော် မဟာပဇာပတိဂေါတမီဟာ မိမိရင်မှဖြစ်သော သားရင်း နန္ဒမင်းသာလေးကို နို့ထိန်း(နာနီ)တွေထံကို အပ်နှံပြီးနောက် လောင်းတော် မင်းသားလေးအား (မိခင်ရင်းနှင့်မခြား စောင့်ရှောက်ရန်) မွေးစားတော်မူ၏။

The Buddha and his teaching စာအုပ်ထဲက ဘုရားရှင်နဲ့ပတ်သက်တဲ့ ဗုဒ္ဓ၀င်ဇာတ်ဝင်ခန်းလေးတစ်ခုက စာသားလေးပါ။ (ကြီးကြီးကျယ်ကျယ် အင်္ဂလိပ်လိုတွေ ဖတ်နေတယ်လို့တော့ မထင်လိုက်ကြပါနဲ့။ တက်လို့မဟုတ်ပါ။ (စာ)ငတ်လို့ဖတ်မိခြင်းပါ)။

(၂)

ရင်ကိုငြိမိတဲ့ အတွေးလေးများကို ခံစားမိလို့ပါ။ အဓိက စိတ်ဝင်စားမိတာက မဟာပဇာမတိဂေါတမီ။ သူမဟာ မိဒွေးတော်ဂေါတမီဆိုတဲ့အမည်နဲ့ ပိဋကတ်စာမျက်နှာတွေမှာ ထင်ရှားပါတယ်။ မြန်မာ စကားမှာတော့ မိဒွေးဆိုတာ အဖေဖြစ်သူရဲ့ နောက်ယူထားတဲ့ ဇနီးမယား။ (ဒါကို ဗီလိန်ဇာတ်ကောင်းအဖြစ်နဲ့လဲ ရုပ်ရှင်တွေမှာ အသက်သွင်းတာလဲ တွေ့ဖူးပါတယ်)။

မဟာပဇာပတိဂေါတမီကတော့ အဖေရဲ့ နောက်ယူထားတဲ့ မိဘုရားတစ်ပါး (မိန်းမငယ်ဖြစ်ပေမဲ့) ဗီလိန်ဇာတ်ကောင် တစ်ယောက်မဟုတ်ခဲ့ပါဘူး။ သူမရဲ့သားရင်းကို နို့ထိန်းတွေဆီ အပ်နှံထားနိုင်တဲ့ လေးစားလောက်တဲ့ပါရမီကို မိခင်တိုင်းသဘော ပေါက်နိုင်မှာပါ။ ဘယ်မိခင်မဆို သားအရင်းကိုပဲချစ်ကြ မြတ်နိုးကြမှာပါ။ သမိုင်းကတောင်းဆိုလို့သာ သူမဟာ အလောင်းတော်လေးကို ရင်ဝယ်သားကဲ့သို့ ပိုက်ထွေးခဲ့ရတာပါ။ သူမဟာ လူသားအားလုံးအတွက် စံပြမိခင်နေရာကို (နှလုံးသားနဲ့ရင်းပြီး) တာဝန်ကြီးကြီးယူလိုက်ရတာပါ။

အလောင်းတော်လေးရဲ့ မိခင်ရင်း မဟာမာယာ(မယ်တော်မာယာ) ကွယ်လွန်တဲ့အချိန်ဟာ ခုနှစ်ရက်သားလေးဆိုတော့ လူသားတစ်ယောက်အနေနဲ့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ဟာ မိခင်နှင့်မခြားပြုစု စောင့်ရှောက်သူလိုတာ အမှန်ပါပဲ။ လူသားတစ်ယောက်အနေနဲ့ မွေးဖွားလာတဲ့ အလောင်းတော်ဟာ ဘယ်လောက်ပင် ပါရမီရင့်ရင့် စောင့်ရှောက်သူနဲ့ဝေးရင် လူသားတစ်ယောက်လိုပဲ ဒုက္ခတွေ့နိုင်တယ်ဆိုတာ လက်ခံမိပါတယ်။ သားရင်းနန္ဒမင်းသားလေးနဲ့ အလောင်းတော်ဟာ တစ်ရက်တည်း မွေးဖွားခဲ့ပေမဲ့ လူသားဆန်ဆန်ပဲ (ပါရမီဆန်ဆန်ပဲ) သူမဟာ သားရင်းကို စွန့်လွတ်ခဲ့ရသူပါ။

(၃)

အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျ၊ နောက် လောကကိုငြီးငွေ့ပြီး တောထွက်၊ သစ္စာလေးပါကို ကိုယ်တိုင်သိမြင်ပြီးနောက် ဝေနေယျတွေကို မသေရာလမ်းကို ညွှန်ပြနိုင်မဲ့ အလောင်းတော်ကိုမွေးစား ပြုစုလိုက်ခြင်းအားဖြင့် လောကသားတွေကို ကယ်တင်လိုက်နိုင်တာပါပဲ။ ဒီအတွက် ပိဋကတ်စာ မျက်နှာတွေမှာ သူမဟာ အထူးတစ်နေရာရခဲ့တာပါ။

သူမဟာ ဘုရားရှင်ကို ချစ်လွန်းလို့ အဖိုးအနဂ္ဃထိုက်တန်တဲ့ သင်္ကန်းတော်ကိုလှူတော့လဲ သူမရဲ့အနစ်နာခံမှုတွေကို အောက်မေ့မိတဲ့ဘုရားရှင်ဟာ ငါ့ကိုလှူမည့်အစား “သံဃေ ဂေါတမီ ဒေဟိ၊ သံဃေ ဒိန္နံ မဟပ္ဖလံ၊ ဒိန္နေ သံဃဿ ဂေါတမီ” လို့ သံဃာတော်တွေကိုလှူရင် အကျိုးကျေးဇူး ပိုများကြောင်းဟောရင်း သံဃာ့အဖွဲ့အစည်းမည်မျှ အကျိုးကြီးကြောင်းကိုလဲ ဖြစ်ပေါ်စေခဲ့သူပါ။

နောက် အမျိုးသမီးအခွင့်အရေးအတွက် ဘုရားရှင်ထံချဉ်းကပ်ပြီး ရဟန်းပြုခွင့်ရဖို့ သနားခံခဲ့ရင်း အမျိုးသမီးထုရဲ့ စံပြခေါင်းဆောင်လဲ ဖြစ်ခဲ့သေးတယ်။ ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာတို့ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓ၀င်မှာစံတင်လောက်တဲ့ သူမရဲ့ အနစ်နာခံချက် စွမ်းဆောင်ချက် များစွာတို့ဟာ တသသဖြစ်စရာပါ။

(၄)

သူမဟာ ဘုရားရှင်ရဲ့မိခင်ဖြစ်သလို သစ္စာလေးပါးရဲ့မိခင်လည်းဖြစ်တယ်။ နန္ဒမင်းသားလေးရဲ့ မိခင်ဖြစ်သလို ကပိလ၀တ်ပြည်သားတွေရဲ့ မိခင်လည်းဖြစ်တယ်။ ကပိလ၀တ်ပြည်ကြီးရဲ့ မိခင်ဖြစ်သလို့ ဗုဒ္ဓသာသနာတော်ရဲ့ မိခင်လည်းဖြစ်တယ်။ အရှင်မဟာမောဂ္ဂလာန်ရဲ့ မိခင်ဖြစ်သလို အရှင်သာရိပုတြာရဲ့ မိခင်းလည်းဖြစ်တယ်။ သံဃာအားလုံးရဲ့ မိခင်ဖြစ်သလို ဘုရင်သုဒ္ဓေါဒနရဲ့ မိခင်လည်းဖြစ်တယ်။ အနာထပိဏ်ရဲ့မိခင်ဖြစ်သလို ၀ိသာခါရဲ့မိခင်လည်းဖြစ်တယ်။

ရဟန္တာအပေါင်းရဲ့မိခင်ဖြစ်သလို့ ပုထုဇဉ်ရဟန်းတွေရဲ့မိခင်လည်းဖြစ်တယ်။ သာဝတ္ထိ၊ ရာဇဂြိုဟ်နိုင်ငံတွေရဲ့ မိခင်ဖြစ်သလို တိုင်းသူပြည်သားတွေရဲ့ မိခင်လည်းဖြစ်တယ်။ ဗိမ္ဗိသာရရဲ့မိခင်းဖြစ်သလို့ ဆေးဆရာဇီဝကရဲ့ မိခင်လည်းဖြစ်တယ်။ လောကီရဲ့မိခင်ဖြစ်သလို လောကုတ္တရာရဲ့မိခင်လည်းဖြစ်တယ်။


တကယ်တော့ မိဒွေးတော်ဂေါတမီဟာ ကျနော်တို့အားလုံးရဲ့မိခင်ဖြစ်တယ်။


Friday, November 19, 2010

ဆိုနီယာဂန္ဓီ၊ အမြင်ကျဉ်းမှုနဲ့ ဦးရှင်ကြီးသရဏံ ဂစ္ဆာမိ



(၁)
အိန္ဒိယကို ကမ္ဘာ့စာမျက်နှာပေါ် မောင်းတင်ခဲ့ကြတဲ့ မာလိန်မှူးတွေရဲ့ သမိုင်းမှာ ဆိုနီယာ ဂန္ဓီဆိုတာကိုလည်း မေ့ထားလို့ မရပေဘူး။ ကိုလိုနီကို အကြမ်းမဖတ်တဲ့နည်းနဲ့ဆန့်ကျင်ခဲ့တဲ့ မဟတ္တမ ဂန္ဓီရဲ့ မျိုးဆက်လို့လည်း သိကြရဲ့။ မွေးစားထားတယ်လို့တော့ ဖတ်ဖူးတာပဲ။ ဂျဝါဟာလာ နေရူးကစလို့ နောက်မွေးလာတဲ့ ပဲ့ကိုင်ရှင်တွေရဲ့ နာမတွေမှာ ဂန္ဓီတွေပါလာတော့တာပဲ။ ဆိုနီယာဂန္ဓိဆိုတာက ဆန်ဂျေး ဂန္ဓီ လေယဉ်ပျက်ကျ သေဆုံးသွားလို့ နိုင်ငံရေးလောကထဲကို ဆန်ဂျေးကိုယ်စားဝင်ရောက်လာတဲ့ အိန္ဒိယပိုင် အဲယားလိုင်းရဲ့ ပိုင့်လော့ ရာဂျစ် ဂန္ဓီနဲ့ အကြောင်း ပါခဲ့တဲ့ အီတလီသူစစ်စစ်ပါ။

သူ့မောင်တော်ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေကို ပါဝင်ကူညီရင်းနဲ့ အမျိုးဇာတ်စွဲကြီးလှတဲ့ မဇ္ဈိမသားတွေရဲ့ အသည်းနှလုံးကို သိမ်းကြုံးယူငင်နိုင်ခဲ့သူပါ။ လက်ရှိမှာ ကွန်ဂရက်ပါတီရဲ့ ဥက္ကဋ္ဌ၊ အစဉ်အဆက် အနှိမ်ခံ အိန္ဒိယအမျိုးသမီးတို့ရဲ့ ရှေ့ဆောင်လမ်းပြဆိုရင်လဲ မမှားပေဘူး။ လက်ရှိ ရှုပ်ထွေးပွေလီပြီး ခေတ်နောက်ကျနေတဲ့ အိန္ဒိယသားတို့ရဲ့ အတွေးအခေါ်တွေကို တိုက်ချွတ်သန့်စင်ပစ်ဖို့ သူမဟာ ခေါင်းဆောင်ပါဝင် အားထုတ် နေတာပါပဲ။

တကယ်တော့ အိန္ဒိယဆိုတာ အမျိုးမတူတဲ့ နိုင်ငံခြားသားကိုမပြောနဲ့ သူတို့လူမျိုးဖြစ်တဲ့၊ ဇာတ်နိမ့်မျိုးမှ ပေါက်ဖွားတဲ့၊ လွတ်လပ်ပြီးစ ဇာတ်ရှုပ်လှသော အိန္ဒိယနိုင်ငံကြီးရဲ့ ဖွဲ့စည်းပုံကို ခေါင်းရှုပ်ခံပြီး ရေးဆွဲပေးသွားတဲ့၊ ဇာတ်စနစ်ကို တော်လှန်ဖို့ နောက်လိုက်သာဝကတွေနဲ့အတူ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့တဲ့ လက်ရှိအိန္ဒိယရဲ့ အိုင်ကွန် ဒေါက်တာ အမ်ဘေဒကာလို လူမျိုးကိုတောင် အရာပေးချင်ခဲ့တာမဟုတ်ပေဘူး။

ဒါပေမဲ့ ယနေ့ခေတ်မှာတော့ နိုင်ငံကောင်းစားရေးကို ရှေ့တန်းကပါဝင်ပြီး လုပ်ပေးနေတဲ့ တိုင်းတစ်ပါးသူ ဆိုနီယာဟာ အိန္ဒိယမှာတော့ ပြယုဂ်တစ်ခုပင်။ သူကိုယ်တိုင်ကလည်း အီတလီဇာတိကိုဖျောက်၊ ချစ်လင်တို့ တိုင်းပြည်ရဲ့ ဆာရီနဲ့ ချပါတီကိုဝါးပြီး အင်ဒီယန်းတစ်ယောက်အဖြစ် နေနိုင်တယ်ဆိုတာပါပဲ။ လူမျိုးရေးအယူ သည်းလှတဲ့ အိန္ဒိယသားတွေတောင် အမြင်မှန် ရကုန်ပြီ။ ဆိုနီယာ့ကိုလည်း တိုင်းတစ်ပါးသူလို့ မမြင်ကြတော့ဘူး။

(၂)
ယနေ့ မြန်မာတွေကလည်း တိုင်းတပါးသားမို့၊ တိုင်းတစ်ပါးသားကိုယူထားလို့၊ မြန်မာမဟုတ်လို့ဆိုတဲ့ အတွေး အခေါ်ခပ်တိမ်တိမ် (ဒါကတော့ ကိုယ့်အယူအဆပါ၊ ကိုယ့်ခံယူချက်နဲ့မတူလို့ တိမ်တယ်လို့တော့ မဆိုလို) တွေနဲ့ ကောင်းကျိုးလုပ်နိုင်တဲ့သူတွေ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနဲ့ အပ်စပ်နိုင်နဲ့ အယူအဆ ယဉ်ကျေးမှုတွေကို မျက်စေ့မှိတ်ပြီး ဘူးခံခံနေကြတာပါပဲ။ အားလုံးတော့လဲ မဟုတ်ပေ။ နားလည်တဲ့သူများလဲ ရှိသလို ခေတ်ရှေ့ကိုလဲ ပြေးချင် ပြောင်းလဲမှုကိုလည်း မလိုလားကြတဲ့ ကွန်ဆာဘေးတစ်ဝါဒီများလည်း ရှိနေတုန်းပဲ။

အမှန်ကတော့ ဘယ်တိုင်းပြည် ဘယ်လူမျိုးကလာလာ ကောင်းတဲ့အရာဆိုလျှင် ကော်ပီကူးသင့်ရင် ကူးရမယ်၊ နေရာပေးသင့် လျှင်ပေးရမယ်။ ဂလိုဘယ်ဆန်နေတဲ့ ယနေ့ကမ္ဘာမှာ ဟိုးရှေးအခါတုန်းက ဆိုတဲ့ အိပ်ယာဝင်ပုံပြင်တွေကို ယဉ်ကျေးမှုတရပ်အနေနှင်က လွဲလို့ မေ့ထားကြဖို့လိုပေမယ်။

အမေက မြန်မာဖြစ်တဲ့အတွက် တိုင်းတစ်ပါးသားနဲ့ လက်ထပ်တာလောက်ကိုတော့ အပြစ်ဖွဲ့မနေ သင့်တော့ဘူး။ အမေဟာ မြန်မာပြည်ကိုချစ်တဲ့ မြန်မာလူမျိုးတစ်ဦးပါပဲ။ လင်းယောက်ျားနဲ့ ပတ်သတ်မှ တော်ရတဲ့ ဆိုနီယာလို လူမျိုးကိုတောင် ရှေးရိုးအစွဲဆုံးလူသားတွေက အလေးထား နေရာပေးနေကြတာကို နားလည်သင့်ပါတယ်။ နိုင်ငံတကာနဲ့ လက်တွဲရင်း ကိုယ်ယဉ်ကျေးမှုကို ထိန်းသိမ်းနေကြတဲ့ နိုင်ငံတွေရဲ့ သမိုင်းကိုကြည့်ပါ။

(၃)
တိုင်းတပါးကမို့ အထင်မကြီးဘူး၊ တိုင်းတစ်ပါးက လာတဲ့ စာပေ၊ ယဉ်ကျေးမှု၊ စတာတွေကို မသုံးချင်ဘူး ဆိုတဲ့ သူမျိုးတွေကိုလည်း ပြောပြချင်ပါရဲ့။ ခရီးလမ်းအတွက် တိုင်းတပါးဖြစ်လေယာဉ်၊ ရထား၊ ကားတွေ မစီးဘဲ ပြည်တွင်းဖြစ် လှည်းစီးသွား (သို့မဟုတ်) ခြေလျှင်သွားကြတော့လို့။ တိုင်းတပါးဖြစ် ဆေးပညာတွေ၊ အိုင်တီပညာ စတာတွေကို မသင်ဘဲ ရိုးရာစာပေစစ်စစ်ကိုသာ ရှာဖွေသင်ယူနေကြပါလို့ ပြောလိုက်ချင်ပါ့။

မြန်မာတွေ အဓိကကိုးကွယ်နေတဲ့ အိန္ဒိယနိုင်ငံဖြစ် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ၊ အရှေ့အလယ်ပိုင်း ကလာတဲ့ အစ္စလာမ်ဘာသာ၊ အနောက်တိုင်းသာသနာလို့ခေါ်တဲ့ ခရစ်ယန်ဘာသာတွေကို မကိုးကွယ်ဘဲ နေကြရုံပဲပေါ့။ မိရိုးဖလာဖြစ်တဲ့ ပြည်တွင်းဖြစ် ကိုကြီးကျော်၊ ရေငံပိုင်ဦးရှင်ကြီး၊ မြင်းဖြူရှင်၊ အမေရေယဉ်၊ အမေနန်ကရိုင်းစတဲ့ ပြည်တွင်းဖြစ် ကိုးကွယ်ရာတွေကိုသာ ဂုဏ်ယူအမွှမ်းတင်ပူဇော်ကြရုံပါပဲ..။

တိုင်းတပါးသားကိုယူထားပေမယ့် အမေဟာ မြန်မာစစ်စစ်ကြီးပါ။ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ်ကတော့ ကိုယ်တို့ထက် သာတယ်ဆိုတာ အထင်အရှားပါပဲ ။ အမှန်မြင်တက်ဖို့ပဲလိုတာပါ။ အမေဟာ အဖေမြန်မာ အမေမြန်မာက မွေးဖွားလာတဲ့ မြန်မာတစ်ယောက်ပါ။ တိုင်းတပါးသားနဲ့ လက်ထပ်ခဲ့ဖူးရုံနဲ့ အမေက သစ္စာဖောက် တစ်ယောက် ဖြစ်မသွားနိုင်ဘူးမဟုတ်လား။ မိမိတို့ လက်ရှိ ကျင့်သုံး၊ လက်ခံ၊ နေသော ဘာသာရေးများ၊ ပညာများ၊ ယဉ်ကျေးမှုများရဲ့ လာရာအရပ်ကို သေချာစွာ ဆန်းစစ်ကြပါစို့။ မကောင်းလျှင်ပယ် ကောင်းလျှင်တွယ်(တွယ်တာ)ကြ။

(၄)
အမြင်ကျဉ်းသူတွေအတွက် လက်ရှိဘာသာတရားတွေက တိုင်းတစ်ပါးဖြစ်မို့မကောင်းပေဘူး။ သူတို့အတွက် ပြည်တွင်းဖြစ်ဘာသာတရားလေးပဲ လိုက်ဆို သုံးခေါက်........

ဦးရှင်ကြီး သရဏံ ဂစ္ဆာမိ။

ကိုကြီးကျော် သရဏံ ဂစ္ဆာမိ။

မြင်းဖြူရှင် သရဏံ ဂစ္ဆာမိ။

------------------------


Tuesday, November 2, 2010

ခွင့်ပြုလိုက်ပါ


ဖက်တွယ်မထားချင်ပါနဲ့တော့
သွားလိုက သွားပါစေ
ခွင့်ပြုလိုက်ပါ
မင်းရင်ခွင်မှာမပျော်မွေ့မှန်း
စိမ်းလှတဲ့ အနမ်းတွေ သက်သေ
သူမနေလိုတော့မှန်း မင်းသိသင့်ပေါ့

အနုသယလွှမ်းတဲ့
ပိုင်ဆိုင်မှုကို မမှန်းချင်ပါနဲ့တော့
အချစ်စစ်မှန်ရင်
တစ်ခါတစ်ရံ
စွန့်လွှတ်ခန်းတွေလဲ ဇာတ်ရှိန်လှတာပဲ
အေးချမ်းမယ်ဆိုရင် ခွင့်ပြုလိုက်ပါ
သူပျော်ရာမှာနေပါစေ

အပြုံးများကိုကြည့်လိုက်ပါ
မင်းသိမ်းပိုက်ခြင်းခံရလို့
နှလုံးသားတွေမာကျောနေတာ
မင်းသိသင့်ပါရဲ့
နွေးထွေးမဲ့ရင်ခွင်
သူမျှော်လင့်ချင်တာ မဆန်းပါဘူး

ခွင့်ပြုလိုက်ပါတော့
သူ့စိတ်အစဉ်မပါတာကို
ဘာလို့များ ခင်တွယ်နေမှာလဲ
မင်းလဲပင်ပန်းပါတယ်
သွားလိုက သွားပါစေ
အချိန်တန်ပြီပဲလေ

ခွင့်ပြုလိုက်ပါတော့
အမုန်းတွေမရင့်မှည့်ခင်
သူကြင်ရာနဲ့ ပျော်ပါစေ
ဖက်တွယ်မထားချင်ပါနဲ့တော့
သူပျော်ပါစေ
ဖက်တွယ်မထားချင်ပါနဲ့.................
သူပျော်ပါစေ
ဖက်တွယ်မထားချင်ပါနဲ့တော့
ခွင့်ပြုလိုက်ပါ...



Saturday, October 23, 2010

တရားပြဆရာ ဦးဒတ္တ



ဦးဒတ္တသည် ဘုရားဝတ်ပြု၊ တရားထိုင် စတဲ့ ကုသိုလ်ကောင်းမှုကို အချိန်မှန်မှန် ပြုလေရှိသူဖြစ်၏။ ဘုရားပန်းအိုး၊ သောက်တော်ရေ ကပ်တာကအစ ကိုယ်တိုင်ကိုယ်ကျ ပြုတတ်လေ၏။ ပရိတ်၊ ပဋ္ဌာန်းကိုလဲ အသံနေ အသံထားနဲ့ ရွတ်ဖတ်လေ့ရှိသူဖြစ်၏။

တစ်နေ့တော့ သူသီတင်းသုံးရာ ကျောင်းတိုက်သို့ လယ်တီတရားပြ ဆရာတစ်ယောက်ကို ပင့်ခေါ်ပြီး သင်္ကြန်တွင်း တရားပွဲလေးကျင်းပဖြစ်၏။ ကျောင်းရှိသံဃာများ ကမ္မဋ္ဌာန်းရစေရန် ရည်ရွယ်တဲ့ပွဲမို့ အကြီးအကျယ် မဟုတ်သော်လဲ နီးစပ်ရာ ဒကာဒကာမတို့လည်း စုပေါင်းအားထုတ်နိုင်၏။ ယောဂီ ဆယ့်ငါးယောက်ခန့်ဖြစ် ဆယ်ရက်စခန်းလေးကို အောင်မြင်စွာ ကျင်းပဖြစ်၏။

ယောဂီများထဲတွင် ဦးဒတ္တလဲ တစ်ပါးအပါအ၀င်ဖြစ်ပြီး နည်းနာကျကျဖြင့် တရားအားထုတ် လိုက်ရ၍ အတော်ပင် သဘောခွေ့ကာ နေလေ၏။ ထိုနေ့မှစ၍ တွေ့သည့်လူတိုင်းကိုလည်း တရားထိုင်ဘို့ချည်း တိုက်တွန်းတော့၏။ ကာလံဒေသံ ဆိုတာကို သိပ်မသိ၊ မပါးလေတော့ ကိုရင်လေးတွေ့လဲ တရားထိုင်ခိုင်း၊ ဒကာ ဒကာမတွေ့လဲ တရားထိုင်ဖို့ တိုက်တွန်းနဲ့ ဟန်ကျနေပေတော့၏။ သူကတော့ တရားအကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ ပြောဟောပေမဲ့ အများကတော့ သူ့ကိုတွေ့လျှင် ဝေးဝေးကပင်ရှောင်သွား တက်ကြလေတော့၏။ သူကတော့ ဇွဲမလျှော့ပေ ဟောစရာ၊ တိုက်တွန်းစရာ မတွေ့လျှင်လိုက်ရှာပြီး တိုက်တွန်းတတ်၊ တရားထိုင်ခိုင်းတတ်၏။

တစ်နေ့တော့ ကျောင်းမှာ အလုပ်လုပ်နေသော ပန်းရန်ဆရာတစ်ယောက်ကို တရားဟောရန် အကွက်ဆိုက် လေတော့၏။ အရင့် အရင်လဲ သူဟောပြောချက်ကို ထိုပန်းရန်ဆရာသည် အလူးအလဲခံဖူး၏။ ထိုနေ့တွင်တော့ အလုပ်ခွင်ထဲ ရောက်နေသောကြောင့် ထွက်မပြေးသာ။ လှိမ့်ခံရုံသာရှိသည်ဟု သဘောပိုက်၍ အလိုက်ထိုက် ပြန်ပြော၊ ပြန်လျှောက်မိတော့၏။ ဦးဒတ္တလည်း အကွက်ဝင်တုန်း တရားထိုင်ဖို့ ၀ါသနာအရင်းခံဖြစ် စည်းရုံး သိမ်းသွင်းလေတော့၏။

''ဒကာ ခင်းဗျာ အချိန်လဲရှိ၊ အရွယ်လဲရတုန်း တရားလေးအားထုတ်ပေါ့ဗျာ၊ ဒါမှ ကိုယ့်နောက်ပါမှာဗျ.."

''တင့်ပ တပည့်တော်လဲ သဘောပေါက်ပါတယ်ဘုရား၊ ဒါပေမဲ့ မိသားစု စားဝတ်နေရေးကလဲ ရှိ၊ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ တရားထိုင်ဖို့အချိန်မပေးနိုင်ဘူးဘုရား''

ဒကာသည် တော်တော်ညစ်ဟန်တူ၏။ အလုပ်လုပ်ရင်းမို့ အပေါ်စီးက ဖိဟောသမျှ ပြန်ပြောနေရလေ၏။

''ဟား ဒကာနဲ့ ခင်ဗျား ညဘက်ကောဗျာ၊ ညဘက်အားရင်ထိုင်လို့ရတာပေါ့ဗျ''

''အရှင်ဘုရားက ပြောတော့ လွယ်တယ်ဘုရား၊ တပည့်တော်က တစ်နေကုန် အလုပ်ကြမ်းလုပ်ရတယ် ညဘက် အလုပ်သိမ်းတော့ လူတစ်ကိုယ်လုံးကိုင်ရိုက် ထားသလိုဖြစ်ပြီး လှုပ်တောင် မလှုပ်ချင်အောင်ဖြစ်နေတာ ဘယ်လိုလုပ် တရားထိုင်လို့ရမလဲဘုရား၊ ကိုယ့်သံသရာအတွက်ပဲ ဘယ်မလုပ်ချင်ပဲ ရှိပါ့မလဲဘုရား''

''အဓိကကတော့ စိတ်ပါဗျာ ဦးဇင်းဆိုရင် တစ်နေကုန် စာချတယ်၊ ညဘက်ဆိုရင် အချိန်ရတာနဲ့ တရားထိုင်တာပဲ''

''တပည့်တော်လဲ အရှင်ဘုရား နေရာမှာဆိုရင် လုပ်ကောင်း လုပ်နိုင်လိမ့်မယ်ဘုရား၊ အခုတော့ ၀မ်းဝဖို့အတွက်လုံးပမ်းနေရတော့ မလွယ်ဘူးဘုရား၊ ဖြစ်နိုင်ရင် ပင်းပန်လို့ အိပ်နေချင်တာ၊ အလုပ်မလုပ်ရင် ငတ်မှာမို့လုပ်နေရတဘုရား''

ဦးဒတ္တသည်ကား ဟောရှိန်တတ်လျှက်ရှိ၏။ တစ်ဖက်သား ဘာဖြစ်နေသည်မသိ၊ အကွက်ဝင်တုန်း လိပ်ခေါင်းပင်ထွက်ထွက် ဟောမည်ဆိုသောသူ ဖြစ်လေ၏။ အခုတရားထိုင် အခုပင် သောတာပန် ဖြစ်မည့်ဟန်ဖြင့် ဆက်လက် တိုက်တွန်းလေ၏။

''ခင်ဗျား နောက်ဘ၀အတွက် မကောင်းဖြစ်မယ်နော်၊ ဦးဇင်းကတော့ နောက်ဘ၀အတွက် ပါရမီပါအောင်ပဲ လုပ်တယ်''

ဒကာတော်သည်ကား သီးခံနိုင်မှုကုန်ပြီထင်၏။ အလုပ်လုပ်ရလို့ မော၊ နားကိုအဓမ္မ လာကျင့်သူနဲ့ပါ တိုးတဲ့ကိန်း ဆိုက်နေတော့ ဘယ်လိုဘုတော လွတ်လိုက်သည်မသိ ဦးဒတ္တလဲ ချွတ်မရတဲ့ဒကာ ဟု သဘောပိုက်ကာ တစ်ချိုးတည်း လစ်ပြေးလေတော့၏။

နောက်မှ ဒကာတော် ဘာပြန်ပြောလိုက်သည်ကို သိချင်၍ ကပ်မေးကြည့်မိ၏။ ဒကာ ပြန်ပြောလိုက် သည်းကား..........

အရှင်ဘုရား တပည့်တော်ကို တရားဒီလောက်ထိုင်စေချင်ရင် တပည့်တော် မိန်းမနဲ့ကလေးတွေကို ခဏလောက် လုပ်ကျွေးထားပေးပါဘုရား၊ အရှင်ဘုရားရဲ့ မိန်းမလိုသဘောထားပီး လုပ်ကျွေးပေးပါ။ တပည့်တော် သင်္ကန်းဝတ်ပြီး တရားထိုင်ပါ့မယ် .. ဟူ၏။

ဦးဒတ္တသည်ကား ကာလံဒေသံကို ရိပ်ပါးမိကာ နောက်ဆိုလျှင် လူထူထူ တရားထိုင်ကြောင်း မပြောရဲတော့ပေ။



Monday, October 18, 2010

ညည်းတတ်သော လူခိုများ


(၁)

ဘယ်လိုလဲ နေကောင်းလား အဆင်ပြေလား

ဒီလိုမေးခွန်းမျိုးက လူတစ်ဦးနဲ့တစ်ဦးတွေ့ရင် မေးနေကြ၊ ကြားနေကြ ပဋိသန္ထာရစကားများပါပဲ။ အဖြေကတော့ ရေရာမှုသိပ်မရှိလှဘူး။ ဒီလိုပါပဲ။ ဒီလိုပါပဲဆိုတဲ့ အဖြေရဲ့နောက်မှ မရေရာမှုတွေ၊ မသေချာမှုတွေ ပါနေတတ်တယ်။ (ကိုယ်တိုင်လဲ ပြောဆို သုံးနှုံးဖူးပါတယ်။) ညည်းသံတွေ ညည်းသံတွေ အလွှာပေါင်းစုံကနေ လာတဲ့ညည်းသံတွေ အိမ်ခေါင်မိုးပေါ်က ခိုတွေနဲ့ နင်လားငါလားပါပဲ။ သူတို့ကို လူခိုလို့ပဲ နာမည်ပေးကြပါစို့။

စီးပွားရေးလုပ်ရတာလဲ အဆင်မပြေပါဘူး၊ ကုန်ဈေးနှုံးနဲ့ ကစားရတာ ဖက်ဖက်ကိုမောရောပဲ၊ အခုစီးနေတဲ့ကားက ၀ယ်ထားတာမကြာသေးဘူး ခဏခဏပျက်နေလို့ ၀ါ့က်ရှော့ကို ပို့ထားရတယ်၊ အခုနေတဲ့တိုက်ကလဲ ပတ်ဝန်းကျင်တော့ သန့်ပါရဲ့ ဒါပေမဲ့ မီးမမှန်တာက ခက်တယ်၊ သူဌေးလုပ်ရတာလဲ လွယ်တာမှတ်လို့ သူများအထင်ကြီးအောင် နေရတာဆိုတော့ လူပင်ပန်းစိတ်ပင်ပန်းပဲ၊ ဖြစ်နိုင်ရင် အေးအေးဆေးဆေးပဲ နေချင်တော့တယ်၊ သားသမီးတွေကလဲ အားကိုးစရာမမြင်တော့ နားလို့ကလဲ မရသေးဘူး၊ စတဲ့စတဲ့ ပြည့်စုံခြင်းရဲ့ နောက်ဆက်တွဲ ဒုက္ခတွေအတွက် ၀င်ငွေကောင်းတဲ့လုပ်ငန်း၊ နေစရာတိုက်အိမ် မြောက်များစွာ၊ စီးစရာယဉ်များစွာ ပိုင်ဆိုင်တဲ့ အကြီးစားခိုတွေရဲ့ ညည်းချင်းက တစ်မျိုး။

လခစားလုပ်ရတာလဲ မကောင်းပါဘူး၊ ဖြစ်နိုင်ရင် ကိုယ်ပိုင်စီးပွားရေးလေးဖြစ်ဖြစ် ပြောင်းလုပ်ချင်ပါတယ်၊ အရင်းအနှီးမရှိလို့ ငြိမ်နေတာ၊ အလုပ်သွားအလုပ်ပြန်နဲ့ အချိန်ကုန်ရော မိသားစုအရေး၊ ရပ်ရွာအရေး စတာတွေမှာတောင် လစ်ဟင်းနေတာ ကြာပေါ့၊ အလုပ်သွားရင် လူကြီး(သူဌေး)မျက်နှာကို ကြည့်ရသေးတယ်၊ လစာလေးကောင်းလို့၊ နောင်ရေးအတွက် စိတ်အေးရအောင်လို့သာ ကုတ်ကပ်လုပ်နေရတာ၊ တကယ်ဆိုရင် ဆက်မလုပ်ချင်တော့ဘူး ဒီအလုပ်မျိုးကို၊ ၀င်ငွေကတော့ မိသားစုလောက်ငှပါရဲ့၊ တစ်ခါတစ်လေ ကုန်စရာများကြုံလာရင် ကျွေးပတ်လည်ဝိုင်းပီး လုံးချာကိုလိုက်ရော၊ စတဲ့စတဲ့ လခစား (လူလတ်တန်းစား ခေါ်မလား) ခိုများရဲ့ ညည်းချင်းက တစ်ဖုံ။

ထမင်းတနပ်အတွက် ၀င်ငွေရဖို့က တော်တော်ခက်တယ်ဗျာ ဒီခေတ်ကြီးထဲမှာ၊ အလုပ်ကလဲ ပုံမှန်မရှိ၊ ပန်းရံခေါ်လဲ လုပ်၊ လက်သမားခေါ်လဲလုပ်၊ ကြုံရာကျပန်းလုပ်ကိုင်ပြီး မိသားစုအတွက် ရှိနေတဲ့ ပါးစပ်းပေါက်လေးတွေ ပုံမှန်လှုပ်နိုင်အောင် ကြုံစားနေရတယ်၊ ကျန်းမာရေး မကောင်းတာတောင် နားရတယ်မရှိဘူးလေ၊ ကိုယ်ကနားလိုက်ရင် မိသားစုတွေ ထမင်းငတ်ကုန်မှာပဲ၊ ၀င်ငွေနည်းရတဲ့အထဲ ကုန်ဈေးနှုံးကကြီးသေး၊ ၀မ်းဝဖို့အရေး ရှိတာလေးနဲ့ စားသောက်ရတော့ အသားငါးများ အလှမ်းမမှီပေါင်ဗျာ၊ ဘ၀ကိုက ဆိုးပါတယ်ဗျာ စတဲ့စတဲ့ အသေးစားခိုများရဲ့ ညည်းချင်းက တစ်သွယ်။

အဆင်ပြေရဲ့လား..။ ဒီလိုပါပဲ..။

ခိုတွေတင် ညည်းတယ်မှတ်နေတာ။ လူကပိုညည်းတတ်မှန်း ခုမှသိတော့တယ်။ အတန်းစား အသီးသီး အလွာအစုံ နေရာတိုင်းမှာ ညည်းသံလေးတွေနဲ့ ဖက်ရှင်လို့ပြောရင် ရနိုင်ရဲ့။ သူဌေးကြီးကလဲညည်းတယ်၊ အတန်အသင့် ပြည့်စုံသူကလဲ ညည်းတယ်၊ အောက်ခြေ လူတန်းစားကလဲ ညည်းတယ်။ ဒီခေတ်မှာ ခေတ်အစားဆုံး ဖက်ရှင်လိုတောင် ဖြစ်နေပေါ့။

(၂)

ဘုရားရှင်ဟာ သူ့တပည့်သား ရဟန်း၊ ရှင်လူကိုတွေ့ရင်

ကစ္စိ ယာပနီယံ၊ ခမနီယံ လို့ အရင်နှုတ်ဆက်တယ်။ အဓိပ္ပါယ်ကတော့ ငါ့ရှင် အသက်မွေးခြင်း သပ္ပါယ မျှတပါ၏လော၊ ခန့်ကျန်းပါ၏လော (ကျန်းခန့်သာလို့မာပါ၏လော)။ စားဝတ်နေရေး၊ ကျန်းမာရေး အဆင်ပြေပြေ ရှိရဲ့လားလို့မေးတာပါ။ အာမ၊ မှန်ပါ၊ မျှတ ကျန်းမာပါတယ်။ ဒီလောက်ဆိုရင် ပီးပီ။ ယောနိသော မနသိကာရတရားနဲ့ အသင့်အတင့် နေနိုင်ရင်နေ၊ မနေနိုင်ရင် ရလေလိုလေဆိုတဲ့ လောဘ၊ လိုတာမရလို့ ဖြစ်တက်တဲ့ ဒေါသ၊ စတာတွေဟာ ကိုယ်တွင်းကိုဝင်ရောက် ထိုးဖောက်လာမှာပဲ။

ရာထူးတွေ၊ စည်းစိမ်တွေ၊ ရသင့်သလောက် (ကိုယ့်ကျိုးစားသလောက်) ရနေ၊ ရှိနေပါလျှက်နဲ့ စိတ်ရဲ့ မပြည့်စုံခြင်း နောက်ကိုလိုက်ရင်း နဲ့ ညည်းခြင်းဖက်ရှင် လောကထဲ ရောက်မှန်းမသိ ရောက်နေကြတာပါပဲ။ (ကိုယ်လုပ်သလောက် ကျိုးစားသလောက် အကျိုးမခံစားကိုတော့ မဆန်းစစ်တက်ပေ နိုင်ငံရေးသမား၊ ဘောဂဗေဒသမားတွေပဲ သိပေလိမ့်မည်။ ဘာအတွက် ဘာကြောင့်ဆိုတာ)။ ဖြစ်သင့်တာကတော့ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ၀အောင်စားဆိုတဲ့ ဆုံးမစာလေးအတိုင်းပါပဲ။ ဘ၀ဆိုတာ ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကရတာမဟုတ်တော့ ကိုယ်ဖြစ်ချင်တဲ့ ပုံစံခွက်ထဲတော့ ၀င်လာမှမဟုတ်ပေဘူး (၀င်လာအောင်ရေးတဲ့ ဇာတ်ညွှန်းအတုကလဲ ရေရှည်မခံပါဘူး) ။ သတိနဲ့ အထူးဆင်ခြင်မိဖို့ပါပဲ။

(၃)

အရှင်ဘုရား အစအစအရာအရာ အဆင်ပြေရဲ့ လားဘုရား ..။

အင်း ဒီလိုပါပဲ ဒကာ..။ အဆင်ပြေအောင်နေရတာပေါ့..။

အရှင်ဘုရားတို့က ငြိမ်းချမ်းပါတယ်..။ ဒကာ ဒကာမတွေက ထောက်ပံ့တာလေးနဲ့ ပြည့်စုံနေတော့ ကိုယ့်အလုပ်လေးကို လုပ်နေရုံပဲ..။ ဘာလိုတာရှိလဲ ဘုရား..။

ဟုတ်တော့ ဟုတ်ပါတယ် ဗျာ..။ ဒါပေမဲ့ ခက်သားလားဗျ..။ လိုတာက ပြည့်စုံတယ်ဆိုတာမရှိဘူး..။

ဘာတွေများလို့အပ်နေလို့လဲဘုရား...။

တစ်ခါတစ်လေ မပျော်ဘူးဗျာ ဒီဘ၀ကြီးကို။ အဲဒါကြောင့် ဒီဘ၀က ထွက်ပြီး ဇနီးလေးနဲ့၊ သားသမီးလေးနဲ့၊ မိသားစုလေးများ ပိုင်ဆိုင်ရရင် ဘယ်လောက်ကောင်းမလဲ စဉ်းစား နေမိတယ်ဗျာ..။

ဟား ငါကိုယ်တိုင်လဲ ရတဲ့ဘ၀လေးကို မရောင့်ရဲပဲ ညည်းနေတဲ့ ခိုတစ်ကောင်ပါပဲလား..................။