Tuesday, May 4, 2010

သူသင်ပေးတဲ့ ရင်ဆိုင်ခြင်းအတက်ပညာ



“မင်း ဆော့လို့ ကျကွဲတာလား၊ မနိုင်လို့ ကျကွဲတာလား”


ဖခင်ရဲ့အမေးစကားပါ၊ ဖြစ်ပုံက အိမ်မှာကြော်စားဖို့ ကြက်ဥသွားဝယ်ခိုင်းလိုက်တာ လမ်းမှာ ဆော့လာမိတော့ ကြက်ဥတွေအကုန်လုံးကျကွဲကုန်တယ်။ မိခင်နဲ့ ဖခင်ကတော့ သေသေချာချာကိုင်ခဲ့ဖို့၊ နောက် ထည့်စရာပါ ပေးလိုက်ပြီး သေချာမှာတာပါပဲ။ ငယ်ရွယ်သူဆိုတော့ ဘယ်သိမလဲ လမ်းသွားရင်း ဆော့လာတာ။ တစ်နေရာရောက်တော့ လက်ထဲက ကြက်ဥတွေထည့်လာတဲ့ ဇလုံလေးလဲကျရော အားလုံးကွဲကုန်တော့တာပဲ။ တောအရပ်မှာ ဆိုတော့ သဘာဝကြက်ဥကို မွေးပြီးရောင်းတဲ့ဆီမှာဝယ်ရတာ။ အဲဒီခေတ်ရဲ့တန်ဖို့နဲ့ဆို တစ်လုံးမှ တစ်မတ်လောက်ပါပဲ။ ခေတ်နဲ့တွက်ရင်တော့ ဈေးကြီးသလိုပင်။

လမ်းမှာကျကွဲခဲ့ပြီး အိမ်ကို ပြန်ရောက်တယ်ဆိုရင်ပဲ၊ ဖခင်ကြီးက စစ်မေးတော့တာပဲ။

“ဘယ်လိုဖြစ်လို့ ကျကွဲကုန်တာလဲ”

“လက်က မနိုင်လို့ပါ”

အရိုက်ခံရမှာစိုးလို့ လျှောက်လဲလိုက်တဲ့ဆင်ခြေပါ။ ကြက်ဥလေး ငါးလုံးလောက်ကို မနိုင်စရာမှမရှိတာ။ အဲဒါကို ဖခင်ကြီးက မကျေနပ်ဘူး။

“မင်းကို မွေးထားတာ ခြေလက်အင်္ဂါအစုံနဲ့၊ မင်းမနိုင်လို့ကျကွဲတယ်ဆိုတာ အင်မတန် ရှက်စရာကောင်းတယ်၊ မင်းလမ်းမှာ ဆော့လာလို့ ကျကွဲတယ်ဆိုတာ တော်သေးတယ် ” တဲ့။

ဟိုက် ဘယ်နှာ့ကြီးလဲပေါ့၊ ထင်ထားတာက ဆော့လို့ကျကွဲတယ်ဆိုရင် အရိုက်ခံရမယ်၊ မနိုင်လို့ကျကွဲ တယ်ဆိုရင် အထောင်းသက်သာမယ်ပေါ့။ အခုတော့ ဖခင်ကြီးပြောတာက တစ်မျိုးဖြစ်နေတာပေါ့။ ကလေးအတွေးကိုး။ အခုတော့ ဖခင်ကြီးလဲ အရှင် ရှစ်နှစ်သားအရွယ် ငယ်ရွယ်စဉ်မှာပင်ကွယ်လွန်ခဲ့ပါပြီ။ မှတ်မိသလောက် သူဆုံးမခဲ့ဖူးတာဆိုလို့ အဲဒီတစ်ချက်ကိုပဲ တစ်သက်တာ မှတ်မှတ်ရရရှိနေတော့၏။ အဖြစ်အပျက်ကို လက်တွေ့ကျကျရင်ဆိုင်ခြင်း အတက်ပညာကို သင်ပေးလိုက်ခြင်းပင်။

နုနယ်သေးတဲ့ ကလေးတစ်ယောက်အပေါ်မှာ ထားတဲ့ သူရဲ့စိတ်ဓာတ်နဲ့ ဆုံးမပုံက တစ်သက်မေ့လို့ မရနိုင်အောင်ပါပဲ။ မစဉ်းစားပဲ ရိုက်မယ်ဆိုရင် ရိုက်လို့ရရဲ့၊ ဆော့တယ် ဆိုတဲ့အမှုနဲ့လေ။ အခုတော့ အချက်ကျကျ ပြောပြဆုံးမသွားလိုက်တာ တန်ဘိုးရှိလိုက်တဲ့ စကားတစ်ခွန်းပါပဲ။

ဘ၀ထဲမှာ ကျင်လည်နေရတော့လည်း ဒီလိုအဖြစ်မျိုးတွေကြုံလာခဲ့ရင် မဖြစ်နိုင်တဲ့ ဆင်ခြေတွေ ပေါပေါမပေး မိဖို့ သတိဝင်စရာပေါ့။ သူကွယ်လွန်ခဲ့သော်လည်း သူ့ရဲ့ ဆုံးမစကားလေးတစ်ခွန်းက ဘ၀အတွက် အားဆေး သဖွယ်ပါပဲ။ မွေးပေးထားတာ ခြေလက်အင်္ဂါစုံတယ်၊ မနိုင်လို့ကျကွဲတယ်ဆိုတာ မဖြစ်နဲ့၊ ကျကွဲရခြင်းရဲ့ အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ရမယ်၊ နောက်ဆင်နိုင်ရမယ်ဆိုတဲ့ အသိကို ရရှိစေခဲ့၏။

ဘ၀မှာ အကျအရှုံးတွေအများကြီးကြုံဖူး၏။ ကိုယ်တိုင်ညံ့ဖျင်းလို့ ကျရှုံးရခြင်းကို ရင်မဆိုင်ရဲပဲ ဆင်ခြေတွေနဲ့ ပိတ်ဖုံးခဲ့ဖူး၏။ ဒါပေမဲ့ မရ၊ အကြောင်းရင်းတော့ ရှာရစမြဲပင်ဖြစ်လေ၏။ ဘာကြောင့်၊ ဘာလို့ဆိုတာတွေဟာ ဖြစ်စဉ်တစ်ခုရဲ့နောက်မှာ ကပ်ပါလာတာပဲ။ ရင်ဆိုင်ရဲပြီး ပြင်ဆင်တက်ဖို့ပဲလို၏။ အမှားကိုသိတဲ့အချိန်ဟာ ဘယ်တော့မှာ နောက်မကျသေးဘူး လို့ဆိုရိုးစကားလေးကြားဖူး၏။ ပြင်ဆင်စရာ အမှားများစွာ ကျန်နေပေသေးသည်။ ဆက်လက်ပြုပြင်နိုင်ဖို့ အားထုတ်ရပေဦးတော့မည်။


အဖိုးတန် ဆုံးမစကားလေးနဲ့ စိတ်ဓာတ်ကို ထိန်းမတ်ပေးခဲ့သော ဖခင်ကြီးအား သတိရစွာဖြင့်။


No comments:

Post a Comment