Monday, July 26, 2010

ရှင်သစ္စာ ဘုရားဖူးခြင်း



ဝါဆိုလရာသီ တစ်ခုပါပဲ။ မိုးတွင်းကာလာဆိုတော့ အေးချမ်းမှုလဲရှိ၏။ မဟာဗောဓိစေတီတော် ပရ၀ုဏ်ထဲမှာတော့ လူမျိုးပေါင်းစုံ ဘုရားရှင်ကို ပူဇော်ဦးခိုက်နေကြလို့၊ မြင်ကွင်းက ကြည့်နူးစရာ အတိပင်။ ကိုယ်တိုင်လဲ သူတို့နဲ့ဝင်ရောလိုက်မိသည်။ ၀င်ပေါက်နဲ့အတည့်ဖြစ်တဲ့ အာရုံခံတန်ဆောင်းထဲက ဘုရားရုပ်ပွားတော် ရှေ့တော်မှောက်မှာ အနေကဇာတိသံသာရံ အစချီတဲ့ အနေကဇာတင် ဘုရားရှိခိုးရွတ်စဉ်ကို အသံတိက် ရွတ်ပွား ပူဇော်လို့။ အသံမတိက်လို့ကလဲ မဖြစ်ပေ သူများတွေ အာရုံပြုနေတာ အနှောက်အယှက် ဖြစ်သွားနိုင်၏။

ဘုရားတစ်ဆူရောက်တိုင်း အနေကဇာတင်နဲ့ဘုရားရှိခိုးခြင်းပြုတက်တဲ့ အကျင့်လေးကတော့ စွဲထင်နေလေ၏။ ကိုယ့်အတွက် ဆုတောင်းခြင်း အမှုကိုတော့ ဘယ်အခါမှမပြုတက်ခဲ့။ ဒါလဲကောင်းပါတယ်။ မဟုတ်ရင် ဘုရားရှေ့သွားပြီး အပူတိုက်သလို ဖြစ်သွားနိုင်၏။ မိဘမှအစပြု၍ ကျေးဇူးရှိခဲ့ဖူးတဲ့ သူတွေအတွက်တော့ ကျန်းမာချမ်းသာ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သ ပေးဖြစ်၏။ နည်းနည်းလေးပြုမိလိုက်တဲ့ ကုသိုလ်လေးနဲ့မတန်အောင်ကို ပို့ပစ်လိုက်၏။ အကြွေးတောင် ကျန်သွားသေးသလားမသိပေ။ မတက်နိုင် စေတနာတွေပိုသွားမိတာကိုး။

ဘုရားပရ၀ုဏ်ကို လက်ဝဲလား လက်ျာလားတော့မသိ ရစ်ပတ်မိ၏။ ဘယ်လိုပတ်ရမည်လို့တော့ ဘုရားဟောခဲ့လား မဟောခဲ့လားမသိပေ။ အဆင်ပြေသလို ပတ်လိုက်တာပဲ ကောင်း၏။ ဗောဓိညောင်ပင် အောက်မှာ တစ်ကြိမ်ထပ်ပြီး ပူဇော်မိပြန်၏။ ဒါက ရောက်တိုင်းလုပ်ရိုး လုပ်စဉ်တစ်ခုပင်။ နေရာလွတ်မရှိ၍ အဆင်မပြေလျှင်တော့ ၀တ်ပျက်မိသည်လည်း ရှိ၏။ ရွတ်ပွားနည်း၊ ရှိခိုးဦးချနည်း၊ ပူဇော်နည်းအမျိုးမျိးတို့ဖြင့် ဘုရားရှင်ကို ကိုင်းရှိုင်းနေကြသည့် မြင်ကွင်းသည် တွေ့ခါစမှ ဆန်းသယောင် ရှိသော်လည်း အခုတော့ နေသားကျသွားပြီဖြစ်၏။ ဒါပေါ့ လူအမျိုးအမျိုး၊ ဘုရားရှိခိုးအမျိုးမျိုး ဖြစ်တော့မှာပေါ့။

ဘုရားရှင်ဟာ သူ့အတွက်ရည်ရွယ်ပြီး နိုင်ငံတကာကနေ လာရောက်ပူဇော်လှူဒါန်းကြတဲ့ ငွေတွေကို စာရင်းများစစ်သလား၊ တရားမရှိသေးတဲ့ ရှင်သစ္စာလာတာကို သက်ရှိထင်ရှားများ ရှိမည်ဆိုလျှင် မောဃပုရိသ (ဟဲ့ ငမိုက်သား) လို့များ နှုတ်ဆက်မလားလို့ မဆီမဆိုင် စဉ်းစားမိသေး၏။ သူများတွေကို တရားလေး နှလုံးသွင်းမယ်မရှိပဲ ရောက်တက်ရာရာမှာ ပေါက်တက်ကရတွေ စဉ်းစားတက်တာလဲ အကျင့်တစ်ခုလို ဖြစ်နေတော့၏။ ဘုရားရှင်ကတော့ ကိလေသာ ကုန်ပြီးသားဆိုတော့ အလှူငွေအကြောင်းလဲ စဉ်းစားမည် မဟုတ်ပေ။ ကိုယ့်ဟာကိုသာ မနေနိုင်မထိုင်နိုင် စဉ်းစားနေမိသည်သာ။

အကယ်၍ ဘုရားရှင်ဟာ ၀င်ငွေစားရင်ကို သိချင်တယ်ဆိုရင်လဲ မြန်မာပြည်မှာကော တခြားဗုဒ္ဓဘာသာ တိုင်းပြည်တိုင်းမှာပါ စိတ်ချရမယ့် စာရင်းစစ်တွေငှားထားဖို့ပဲ ရှိတော့သည်။ လစဉ် ရွှေတိဂုံစေတီတော်ကြီးမှာ အရှင်ဘုရားအတွက် ဒီလလှူဒါန်းငွေကတော့ ဘယ်နှစ်သန်း၊ ရွှေထည်ငွေထည်၊ ကျောက်သံ ပတ္တမြားကတော့ ဘယ်လောက်ပါ။ မဟာမြတ်မုနိမှာတော့ဘယ်လို စသဖြင့် လစဉ်ရှင်းတမ်းလေးတွေကို တင်ပြခိုင်းထား ရပေမပေါ့။ ကိလေသာကုန်ပြီးသား ဖြစ်လေတော့ စာရင်းစစ်ဖို့မရှိ သမဏချမ်းသာအတိနဲ့ နေသွားနိုင်၏။ ကြည်ညိုဦးခိုက် မိတော့သည်။

ကိုယ့်လှူတာလဲမဟုတ် ကိုယ်နဲ့လဲမဆိုင်ပဲ စပ်စပ်စုစုသွားပြီး စဉ်းစားမိနေပါပေါ့လား။ ဘုရား လာဖူးတာ ကုသိုလ်ရဖို့ဆိုတာ မေ့သွားတယ်။ စိတ်ကိုပြန်စုစည်းလိုက်မိ၏။ ဂုဏ်တော်ကို အာရုံပြုလို့ စေတီတော်ကို တစ်ပတ်ပတ်ပြီး ပြန်ထွက်ခဲ့မိတော့သည်။ ကြာလျှင် ဘုရားရှေ့မှာ လှူဒါန်းထားတဲ့ငွေတွေကို ကိုယ်ပါ လိုချင်မိတော့မည်။ ခိုးချင်စိတ်ပေါ်လာလျှင် အခက်သား။ အရှင်ဘုရား နောက်တစ်နေ့မှာ လာရောက် ဖူးမျှော်ပါဦးမည်ဘုရား။ စိတ်ထားလေးဖြူအောင် ပြင်ပီးတော့ လာပါမည်ဘုရား။


Thursday, July 22, 2010

စာရေးဆရာ



စာရေးဆရာ

သူငယ်ချင်း။ ။ မင်းရဲ့အသက်မွေးမှုကို မင်းဘယ်လိုစီမံသလဲ။

အခြားသူငယ်ချင်း။ ။ စာရေးပါတယ်။

သူငယ်ချင်း။ ။ ဘာစာတွေရေးသလဲ၊ ဆောင်းပါးလား ၀တ္ထုရှည်လား။

အခြားသူငယ်ချင်း။ ။ အဖေဆီကို ရေးတာပါ။


သူဖြစ်နေပီ

အဖေ။ ။ သား၊ ဂျာဝါဟာ လာလ် နေရူး ဟာ မင်းအရွယ်မှာ အတန်းခေါင်းဆောင်ဖြစ်နေပီ။

သား။ ။ အဖေ့အရွယ်မှာတော့ သူဟာ အိန္ဒိယ ၀န်ကြီးချုပ်ဖြစ်နေပီ အဖေ။


သတ္တိရှိသူ

တိရာစ္ဆာန်ရုံထဲတွင် လူအုပ်ကြီးသည် ခြင်္သေ့လှောင်အိမ်ဘေး၌ ရပ်လျှက်ရှိနေကြ၏။ ခြင်္သေ့သည် ကျယ်လောင်စွာ ဟိန်းလိုက်သော်အခါ ရပ်မြဲရပ်နေတဲ့ လူတစ်ယောက်ကလွဲလို့ အားလုံးသည် ထွက်ပြေး ကြလေ၏။

အဲဒါကိုမြင်တော့ ... ထွက်ပြေးကြတဲ့ထဲက လူတစ်ယောက်က “ ခင်ဗျား မကြောက် ဘူးလား” မေးလေ၏။

Justify Fullသူပြန်ပြောလိုက်တာကတော့..... “ မကြောက်ပါဘူး။ ကျွန်တော်က (အိမ်ထောင်ကျ) မိန်းမရပြီးပြီ” ဟူ၏။


တူညီချက်

ဆရာဝန်။ ။ ခင်ဗျားရဲ့ အသက်မွေးဝမ်းကြောင်းမှုကတော့ တကယ်ဆိုးတယ်ဗျာ။ ခင်ဗျားဘက်က အမှားလေး တစ်ချက်ဟာ လူတစ်ယောက်ကို မြေကြီးထက်ငါးပေးအမြင့်မှာ ကြိုးဆွဲခံရစေတာပဲ။

ရှေ့နေ။ ။ ခင်းဗျား ကော ဘာထူးလဲ။ အသေးဖွဲဆုံးသော ခင်ဗျားရဲ့အမှားလေး တစ်ချက်ကပဲ လူတစ်ယောက်ကို မြေကြီးအောက် ငါးပေကို ရောက်သွားရော မဟုတ်လား။


အိန္ဒိယ ထုတ်ကုန်

တွမ်။ ။ အိန္ဒိယဟာ အခြားနိုင်ငံတွေ မထုတ်လုပ်နိုင်တဲ့ ဘယ်ကုန်ပစ္စည်းကို ထုတ်လုပ်ပါသလဲ။

ဆာမူးလ်။ ။ အင်ဒီယန်းတွေကိုပါ။


Sunday, July 18, 2010

၁၉ ဂျူလိုင်



ကြမ္မာလေနီကြမ်း တစ်ချက်အဝှေ့မှာ
မြန်မာ ပြည်သစ်မွေးဖွားခန်းလေး
တစ်ခန်းရပ်ခဲ့
ပြဇာတ်လေးက ကြည့်မကောင်းခဲ့ဘူး
မျက်ရည်မိုးနဲ့ ငိုကြွေးသံတွေသာ
ဝိညာဉ်ခေါ်သံအဖြစ် ကြွင်းကျန်ရစ်

သွေးအလူးလူးနဲ့ ကျဆုံးခဲ့ရတဲ့
ပြည်ချစ်အာဇာနည်များ
မြန်မာပြည်ရဲ့ တရားကို
သူတို့
အပြီးတိုင် မစီရင်နိုင်ခဲ့

ဒီလိုနဲ့
ငါတို့ရဲ့ လှပတော့မယ့်အနာဂတ်များလဲ
ဂျူလိုင်မိုးရေစက်တွေရဲ့အောက်မှာ
ကျပျောက်မှေးမှိန်ခဲ့တာ
ဒီနေ့ပါနဲ့ဆို
၆၃ နှစ်တိုင်ခဲ့ပေါ့

၁၉ ဂျူလိုင်တဲ့မမေ့နိုင်တဲ့
မချိတင်ကဲနဲ့
တနုံ့နုံ့ သတိရနေစေတာပါ
ဘယ်လိုမေ့နိုင်မှာလဲ
လှော်နေရင်း တက်ကျိုးရုံမဟုတ်
လှေဦးစီးတွေပါ လှိုင်းပုတ်ခံရတော့
လှေငယ်လေးလဲ
ကမ်းနဲ့ ဝေးသထက်ဝေးခဲ့ရပေါ့

အော် ၁၉ ဂျူလိုင်
ကာလသုံးပါးလုံးမှာ
မင်းဟာ မေ့ပစ်စရာမဟုတ်ဘူး
မြန်မာတစ်ဦးဖြစ်တဲ့ငါ
အသက်ထက်ဆုံး
လွမ်းတသတသဖြစ်နေမှာပါ


တိုးတက်မှု



တိုးတက်မှု

အမျိုးသမီး။ ။ ဒေါက်တာ. ဆရာပေးတဲ့ဆေးကိုမသောက်ခင်က ကျွန်မယောက်ျားဟာ ညဘက်အိပ်နေရင်း လမ်းထလျှောက်လေ့ရှိတယ်။ အခုတော့ ပြေးတောင်နေပီဆရာ။

ဒေါက်တာ။ ။ မပြောဘူးလား သူတိုးတက်မှုရှိလာလိမ့်မယ်ဆိုတာ။


နားငြီးတယ်

ဇနီး။ ။ အခန်းထဲ ကျွန်မ၀င်လာတိုင်း ရှင်ရေဒီယိုကို ပိတ်ပိတ်ပစ်တယ်.. ဘာကြောင့်လဲ။

ယောက်ျား။ ။ ငါ တစ်ချိန်တည်း ရေဒီယိုနှစ်ခု နားမထောင်နိုင်ဘူး။


ဈေးကြီးလို့

ဆရာဝန်။ ။ (သူ့ အကူကိုပြောလေ၏) ငါ့မှာ အစာအိမ်အောင့်နေတယ်။ ဆရာဝန်သွားခေါ်ချေကွာ။

အကူ။ ။ ဆရာကိုယ်တိုင်လဲ ဒေါက်တာပဲလေ။

ဆရာဝန်။ ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါ့ကုသကြေးက မြင့်တယ်ကွ။


သားလိမ်မာ

မိခင်သည် သူ့သားအား “ဘယ်အချိန် ဧည့်သည်လာလာ သား ထိုင်ရာမှ အမြဲတမ်းထပေးပြီး ဧည့်သည်ကို ထိုင်စရာပေးရမယ်” ဟု ရှင်းပြထားလေ၏။

နောက်တစ်နေ့၊ ဧည့်သည်တစ်ယောက် အိမ်သို့ရောက်လာလေ၏။ သားလဲ သူ့အမေပေါင်ပေါ်ထိုင်နေရာက ချက်ချင်းထပြီး ဧည့်သည်ကို “ကျေးဇူးပြု၍ ဒီမှာထိုင်မှာခင်ဗျား” ဟုဆိုလေတော့၏။


ဒီအချိန်ဆို

လူနာ။ ။ ဒေါက်တာ၊ တစ်ခါတရံ ကျွန်တော့ဘေးပတ်ဝန်းကျင်မှာ ရှိနေတာတွေကို ဘာမှ မမြင်ရဘူး ဖြစ်နေတယ်။

ဆရာဝန်။ ။ ဘယ်အချိန်မှာ ဖြစ်တက်တာလဲ။

လူနာ။ ။ မီးပျက်တဲ့ အချိန်တိုင်းဆရာ။


Friday, July 16, 2010

သူလဲပါတယ်



သူလဲပါတယ်

ပိုက်ဆံခိုးမှုဖြင့် ထောင်ခြောက်လအပြစ်ပေးခံရသော သူခိုးသည် တရားသူကြီးအား ..

လူကြီးမင်းခင်ဗျား... ဒီပြစ်ဒဏ်ကို ကျွန်နုပ်ရဲ့ရှေ့နေကို ပေးသင့်ပါတယ် ခင်ဗျား။

တရားသူကြီး။ ။ ဘာကြောင့်လဲ မောင်မင်း။

သူခိုး။ ။ ကျွန်တော်ခိုးလာသမျှ ပိုက်ဆံကို ကျွန်တော့ရှေ့နေကို ဖီးကြေးအဖြစ် ပေးရပါတယ် လူကြီးမင်း။


အလုံခြုံဆုံးသောနေရာ

ဇနီး။ ။ ကျမတို့သားလေးဟာ ပိုက်ဆံကို ဘယ်နေရမှာပဲသိမ်းထားသိမ်းထား ယူယူသွားတယ်။ ဘယ်မှာ သိမ်းရမှန်းတောင် မသိတော့ပါဘူး။

ယောက်ျား။ ။ သူ့ကျောင်းစာအုပ်ထဲမှာသိမ်းထားပေါ့ကွာ။ သူဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ပါဘူး။


ဒီလိုဖြစ်မယ်

ဆရာ။ ။ လျှပ်စစ်မီးကိုသာ မတီထွင်ခဲ့ဖူးဆိုရင် ဘာဖြစ်နိုင်မလဲ။

ကျောင်းသား။ ။ တယ်လီဗီးရှင်းကို ဖယောင်းတိုင်းမီးနဲ့ ကြည့်ဖို့ဖြစ်လာမှာပါဆရာ။


အခုတော့ ရှင်က

ဝန်တိုတက်တဲ့ ဇနီးသည် ယောက်ျားအား အမြဲတမ်းမယုံသင်္ကာဖြစ်ပြီး ကုတ်အင်္ကျီပေါ်မှာ ဆံပင်တွေ့တာနဲ့ အကြီးအကျယ် ရန်ဖြစ်လေ့ရှိ၏။ တစ်ညတော့ ယောက်ျားဖြစ်သူရဲ့ ကုတ်အင်္ကျီပေါ်မှာ ဆံပင်ရှာမတွေ့တော့ အလွန်စိတ်ထိခိုက်ပြီး ငိုကြွေးလေတော့၏။

ဘာကြောင့်ငိုနေတာလဲကွာလို့ ယောက်ျားကမေးသောအခါ။ သူမပြန်ပြောလိုက်တာကတော့..

အခုတော့ ရှင်က ဆံပင်မပါတဲ့ ကတုံးမတွေနဲ့တောင် ဖြစ်နေပေါ့ကိုး....... ဟူ၏။


လိုသေးတယ်

အဖေက အလွန်ပျင်းရိတဲ့ သူ့သားကို...

သားရေ.. ခလုပ်လေးနှိပ်လိုက်တာနဲ့ မင်းလိုချင်တာ ရစေနိုင်တဲ့ စက်လေး အဖေယူ လာခဲ့တယ်။


သား။ ။ ဒါပေမဲ့ အဖေ၊ ခလုပ်ကို ဘယ်သူနှိပ်မှာလဲ။


Monday, July 12, 2010

ကဗျာခံစားမှု



ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမဲ့
မြင့်မိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ

ဟိုးမှာ
ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေဒူးထောက်လဲကျနေတဲ့သူ
သူ့ကိုကူညီပါရစေဦး

ငါ့ရှင်တို့က ဘာလဲ
ငါက ဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်

တစ်နေ့တော့ တွေ့ကြမယ်
နှစ်ဘက်ဓားသွားတစ်လက်လို
ပြိုးပြက်ဝင်းဖိတ်
သုညဂူမှာလဲ ငါအိပ်ခဲ့ပြီးပြီ

အိမ်ပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ်
ငြိမ်းချမ်းရေးနှင်းဆီ
ငါ့ရင်ဘက်မှာ
သွေးတစ်စက်လိုနီနေတယ်

ချစ်သူကလေးရေ
မြို့တံခါးကိုဖွင့်
မီးအိမ်တို့နဲ့အတူကြိုပါ
လရောင်စက်တဝေေ၀နဲ့

သင့်ရဲ့ နွေရာသီမြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ကြယ်ကို
ခူးယူလာမှာပေါ့ကွယ်

(တာရာမင်းဝေ)

Sunday, July 11, 2010

ကိုရီးယားဇာတ်လမ်းတွဲနှင့် မြန်မာလူငယ်များ



ဘုန်းဘုန်း ကျနော်လို့ လက်မှာစာရေးပါလား

ဘယ်လိုရေးရမှာလဲ

ဘရိတ်ဓားနဲ့ထွင်းရေးတာလေ၊ ဒီမှာကြည့် ဘုန်းဘုန်း ဘယ်လောက်မိုက်လဲ

အားပါးပါး၊ သေချာကြည့်မိတယ်။ လက်ဖျံကြွက်သားတွေပေါ်မှာ ဓားရာ ဗရပွနဲ့ အနားဖေးတွေတက်နေ လိုက်တာ။ သူ့ကောင်မလေးရဲ့ နာမည်ကို ရေးထွင်းထားတာတဲ့ ဂုဏ်ယူစွာပြောပြနေလေ၏။ သူမိဘများကို အခြေအနေပြောပြတော့ မိဘတွေကတော့ ဘာမှမပြောသာတဲ့ မျက်နှာလေးတွေနဲ့ မျက်ရည်ဝဲလို့။ သနားစရာ။

သူ့မိဘတွေက လိမ်မာရေးခြားရှိအောင်ဆိုပြီး မိမိနေထိုင်တဲ့ကျောင်းကို နွေကျောင်းပိတ်ရက်မှာ လာရောက်အပ်နှံထားတဲ့ ဆယ်တန်းကျောင်းသားလေးရဲ့ အဖြစ်ပါ။ နွေရာသီမှာ ကိုရင်ဝတ်ပြီး ဘုရားဝတ်ရွတ်စဉ်လေး၊ အခြေခံယဉ်ကျေးမှုလေးတွေကို သင်ကြားပေးလိုက်ရပေမဲ့ ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုရင်ပဲ သူဟာ ကျောင်းနဲ့ကျူရှင်တွေမှာပဲ အချိန်ကုန်စေပြီး တလွဲဆံပင် ကောင်းနေတဲ့ ခပ်ရူးရူး လူငယ်တသိုက်နဲ့ တွဲမိပြန်ရော။

ထိုမြို့ငယ်လေးမှာ ကြားမိသည်ကတော့ စိတ်ကြွဆေးဝါးကို လူငယ်တွေအတွက် လွယ်လွယ်ကူကူ ရနိုင်တယ်ဆိုတာပဲ။ နောက် ဆိုင်ကယ်တွေခေတ်စားလာတော့ ဆိုင်ကယ်တွေတစ်စီးစီနဲ့ လူမိုက်ယောင်ယောင် လမ်းသရဲ ယောင်ယောင် နိုင်ငံခြားကားထဲကအတိုင်း နေထိုင်ကြတဲ့ လူငယ်တွေရှိသည်တဲ့။ ဂိုဏ်းဖွဲ့ထားပြီး လူငယ်ချင်းချိန်းပြီး ရိုက်ပွဲဖြစ်ကြ၊ တက်တူးခေါ်တဲ့ ဆေးမင်ကြောင်ထိုးကြနဲ့ပေါ့။ စောစောက လူငယ်တို့ အဖွဲကတော့ ကျူရှင်တက်ရင်း ဆရာမလာခင် သူငယ်ချင်းတစု ဘရိတ်ဓားနဲ့ ကိုယ့်လက်တွေမှာ ကိုယ်ချစ်တဲ့ ကောင်မလေး တွေရဲ့နာမည် ရေးထိုးကြတယ်ဆိုပဲ။ အမှိုက်ခြင်းဆိုတာ သွေးရဲနေတဲ့ တစ်သျှူးတွေနဲ့ ပြည့်ရောတဲ့။ ကောင်းရော။

ယနေ့မြန်မာပြည်မှာ ကိုရီးယားဇာတ်ကားသည်ခေတ်အစားဆုံးဖြစ်လေ၏။ လူကြီးလူငယ်မရွေး စွဲလန်းအောင် လုပ်နိုင်စွမ်းရှိတဲ့ ဇာတ်ကားဆိုတော့ တီဗီအစီအစဉ်တွေဆိုရင် မပါမပြီးသလို စကားဝိုင်းတွေမှာဆိုရင်လဲ ဘယ်မင်းသား ဘယ်မင်းသမီးက ဘာဆိုတာတွေက ဆွေးနွေးပွဲ ခေါင်းစဉ်အဖြစ် နေရာယူလေ၏။ အရင်ကတော့ ဟောင်ကောင်က လာတဲ့သိုင်းကားကို လူတွေနှစ်ခြိုက်ကြပေမဲ့ ကိုရီးယားဇာတ်လမ်း တွေဝင်လာတော့ ဟောင်ကောင်ဇာတ်လမ်းတွေ နောက်ကိုရောက်ကုန်၏။ ကိုယ်တိုင်လဲ နှစ်ခြိုက်စွာကြည့်ဖူး၏။ တင်ပြပုံ ဇာတ်လမ်းဆင်ပုံကို ရိုးရိုးလေးနဲ့တန်ဆာဆင်ထားပြီး ပရိသတ်ကြိုက်အောင် စွမ်းဆောင်နိုင်တော့ မြန်မာပြည်မှာတင် မဟုတ် အာရှနိုင်ငံတော်တော်များများမှာ ပေါက်တယ်ဟု ဖတ်ဖူး၏။

ကောင်းပါတယ်.. အတုယူစရာတွေများတော့.. စကားပြောဟန်၊ သူတို့ရဲလူနေမှုစရိုက်က မြန်မာနဲ့ သိပ်မကွာလေတော့ အတုယူမယ်ဆိုရင် ယူစရာတွေက အများသားပဲ။ ဒဿနဆန်တဲ့ စကားလုံးလေးတွေ၊ နောက်သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဘ၀တက်လမ်းကို ကြိုးစားပြတဲ့ ဇာတ်ကွက်တွေကို အတုယူရင် ဘယ်လောက်များ ကောင်းလေမလဲ။ ပတ်ဝန်းကျင်းနဲ့ဆက်ဆံမှု၊ မိဘနဲ့သားသမီးဆံဆက်ရေး၊ နောက် ကိုယ့်အားကိုယ် ကိုးတက်တဲ့ သူတို့ရဲ့လူနေမှုပုံစံ စတာတွေဟာ တကယ့်ကိုကောင်းတဲ့ စရိုက်လေးတွေပဲ။ ဇာတ်ကားတော်တော် များများမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့ဇာတ်လမ်း တော်တော်ရှား၏။ အကယ်၍ ရှိခဲ့ရင်လဲ အဲဒီဒုက္ခတွေကို မီးမောင်းထိုးပြတဲ့ ဇာတ်းလမ်းမျိုးသာရှိပေလိမ့်မည်။ တကယ့်ကို အတုယူစရာ၊ လေ့လာစရာကောင်းတဲ့ ဇာတ်ကားတွေဖြစ်၏။

ခုတော့ ဇာတ်လမ်းထဲမှာ လမ်းသရဲစရိုက်၊ အုပ်စုဖွဲ့လူမိုက်လုပ်တဲ့စရိုက်၊ နောက် မင်းသမီးက မင်းသားကို ရည်းစားစကားစပြောတဲ့ စရိုက်လေးတွေကတော့ လူငယ်တွေအတုယူထားတာ မကောင်းဘူးထင်သည်။ (ကိုယ့်ကိုလာပြောရင်တော့လဲ ကောင်းသည်ဟု ပြန်ပြင် လက်ခံရပေလိမ့်မည်။ ခုတော့ ကိုယ့်ကို ရည်းစားစရားစလာပြောမဲ့ ကောင်မလေးလဲမရှိတော့ မကောင်းဘူးဟုပဲ ဇွတ်သတ်မှတ်လိုက်မယ်... ဟဲဟဲ) စောစောက လူငယ်ကပြောဖူးသည် ဆိုင်ကယ်ကို ဘီးထောင်ပီးစီးပြရမလား ဘုန်းဘုန်းတဲ့။ ကောင်းရော။ မင်းဟာမင်းစီးနိုင်ရင်လဲ အပြင်မှာစီးပါကွာ ငါ့ရှေ့မှာတော့ လာမစီးပြပါနဲ့။ မျက်စေ့နောက်လို့ပါလို့ ပြောလွတ်ရတယ်။ ကျောင်းစာကို စိတ်မ၀င်စားနိုင်ပဲ ဇာတ်ကောင်တွေလို အစွမ်းအစပြဖို့ပဲ သူတို့ ခေါင်းထဲမှာ ရှိနေသလားမသိ။ သူ့အရပ်နဲ့ သူ့ဇာတ်ကိုက်တာတော့ ကြည့်လို့ကောင်းပေမဲ့ အတုယူမှားပြီး အရူးထကြတာကတော့ မကောင်းပေ။ ထိုလူငယ်လေးသည် စာသင်နှစ် တစ်ဝက်လောက်ကို အလဟသတ် အချိန်ဖြုန်းပစ်လိုက်ပြီး ဆယ်တန်းအောင်စာရင်း ထွက်တော့ ပါမလာဟု ကြားသိရသည်။ စိတ်မကောင်းပေ။


အ၀တ်အစားကို ကိုယ့်ဝန်းကျင်နဲ့သင့်သလိုအတုယူ ကော်ပီးကူးဝတ်ကြ၊ နောက် သူတို့ ဇာတ်ကောင်စရိုက်တွေအတိုင်း (ကောင်းတဲ့ဘက်ကအတုယူပြီး) နေထိုင်ပြုမူ ပြောဆိုကြလျှင်တော့ လူငယ်တွေအတွက် တက်လမ်းရှိနိုင်ပေမည်။ အတုလဲယူစေချင်ပါသည်။ အခုလိုမျိုး ပေးချင်တာကတစ်မျိုး ယူနေတာက တစ်မျိုးဆိုလျှင်တော့ အနာဂတ်မြန်မာ လူငယ်တွေအတွက် ရင်လေးစရာအတိပင်။ ကိုရီးယားဇာတ်ကား တွေဝင်လာတာကို ကောင်းသောလာခြင်းဖြစ်အောင် လုပ်တက်ဘို့တော့လိုပေလိမ့်မည်ဟု ထင်မိသည်။


Monday, July 5, 2010

သရုပ်ဆောင်



မနက်ခင်းလေးမှာ
ကြည်လင်လတ်ဆက်ခြင်းနဲ့ မျက်နှာသစ်လို့
အသက်ကို အ၀ရှူကြည့်လိုက်တယ်
အင်း လန်းဆန်းသွားလိုက်တာ
နေ့တိုင်းသာဒီလိုဖြစ်ရင်
ဘယ်လောက်များကောင်းလိုက်မလဲ
မမြဲခြင်းတရားကို ခဏမေ့ထား

မလွယ်မှန်းသိပေမဲ့
ပျော်ရွှင်မှုကိုခုံမင်တက်တာ
လူ့သဘာဝတစ်ခုလား
အဲဒီထဲမှာ တိမ်းမူးနေတဲ့ လူစားထဲမှာ
ငါ မပါအောင် ဆင်ခြင်ရင်း
ခုတော့ ခဏမှေးလိုက်ဦးမယ်

အမြဲတမ်းရယ်နေလို့မရမှန်းသိပေမဲ့
ပြုံးနေနိုင်ဖို့ကြိုးစားနေချင်သေးရဲ့
ငယ်စဉ်ဘ၀မှာတော့ အလွယ်သား
ခုများတော့
ဘ၀အမှားတွေ တစ်ခုပြီးတစ်ခု
ကျူးလွန်နေမိသလို
ပြုံ့တော့မယ်ကြံတိုင်းလေ
နောင်တတံတိုင်းတွေက ကာကာထားတယ်
ဘ၀နှယ်ဆိုးလိုက်ပုံများ
ဒီလိုနဲ့ အပြုံးတုတွေကို
တပ်ဆင်လိမ်းကျံနေရပေါ့

ခါးတယ်လို့လဲ ညည်းတွားမနေချင်ပါဘူး
ဘ၀ဆိုတာကို ရစ်မူးမိနေမှတော့
ခပ်ရူးရူးပုထုဇဉ်အဖြစ်နဲ့ပဲ
ရင်ထဲက မပါတောင်
ခပ်သော့သော့ ရယ်သွမ်းသွေးလိုက်မယ်
ဟဲ ဟဲ ဟဲ လို့
အကယ်ဒမိဆန်ခါတင်ထဲမှာတော့ ပါတန်ကောင်းရဲ့