Friday, May 7, 2010

မရှိခြင်း ချမ်းသာ



မိဘ၊ မောင်နှမ ဆွေမျိုးများနှင့်အိမ်
အုဝဲကစတဲ့ဘ၀မှာ မိဘ၊ မိသားစုနဲ့ အိမ်ဆိုတာက တွဲလျှက်ပါလာခဲ့၏။ ချစ်စရာ၊ ခင်စရာ၊ တွယ်တာစရာဆိုလို့ ဒီအ၀ိုင်းအ၀န်းလေးပင်။ ငယ်ဘ၀မှာတော့ ဒီအသိုင်းအ၀ိုင်းလေးသည်ပင် ကိုယ့်ဘ၀အတွက် ပြီးပြည့်စုံပြီဟု အထင်ရောက်လျှက်။ ဘာမှမတွေးတက်ခဲ့ပေ။

မူကြိုကျောင်း၊ ပထမဆုံးသူငယ်ချင်းများနှင့် ၀န်းကျင်သစ်
ကျောင်းနေအရွယ်ရောက်ခဲ့တော့ ၀န်းကျင်သစ်၊ မိတ်ဆွေသစ်တို့ကြားမှာ ပျော်ဝင်မိ၏။ ပိုမိုခင်တွယ်စရာဟု ထင်ခြင်းဖြင့် မိဘ၊ မောင်နှမ၊ အိမ်ဆိုတဲ့ ကိုယ်ပိုင်နေရာလေးကို ကျောခိုင်းနေမိသလိုပင်။ မတွယ်တာတက် သည်တော့မဟုတ်။ အချိန်တန်ရင် သူငယ်ချင်းတွေနှင့်ကစားတာ၊ စာအတူကျက်တာတွေကအစ ခုံမင် နှစ်သက်တက်ခဲ့၏။

အစိမ်းရောင် မြို့ပြဇာတ်နှင့် အပြောင်းအလဲ
သာသာနာဘောင်တွင်းကို ကိုရင်လေးဘ၀ဖြင့်စတင်ခဲ့၏။ အရင်ကခပ်စိမ်းစိမ်းဖြစ်နေခဲ့သော မိသားစုဝန်းကျင် လေးသည် ဝေးလို့သာကျန်ခဲ့တော့၏။ ကျောင်းတော်မှာပဲ ဘ၀အစိတ်အပိုင်းအချို့ကို ကျော်ဖြတ်ခဲ့မိ၏။ နောက် မြို့ပြရဲ့ ပြဇာတ်တွေနှင့် နေခဲ့တဲ့အချိန်တို့သည် သံယောဇဉ်ကို အားနည်းသွားစေတော့၏။ ကျေးရွာ ကျောင်းကိုလည်း မေ့ထားပစ်ခဲ့ရ၏။ ပညာရေးအရ စာသင်တိုက်မှာ သင်ရိုးတွေနဲ့ သတ်ပုတ်ရင်း ငယ်ဘ၀ရဲ့ တွယ်တာမှုတွေကို ခေါက်သိမ်းထားလိုက်မိတော့၏။ မိဘ၊ ဆရာသမား၊ ဆွေးမျိုးစတာတွေကို သမုဒယ ရှင်းရှင်းဖြစ်စေခဲ့၏။ စိတ်မှာတော့ သိတတ်ပေမဲ့ ဘ၀ပေးအခြေအနေအရ တသသမဖြစ်ဖို့ တားမြစ်လျှက်။

စာသင်တိုက်တစ်ခုက နောက်တစ်ခု ပြောင်းတော့လဲ အရင်တိုက်ဟောင်းကို အချိန်ရလို့ခဏ လွမ်းတက်တာ ကလွဲလို့မတွယ်တာတက်ပေ၊ မာရသွန်းသမားလို့ လမ်းပေါ်မှာမိုင်တိုင် ပေါင်းများစွာကို ကျော်ဖြတ်ခဲ့မိ၏။ အတိုင်းအတာလေး တစ်ခုအဖြစ် အောင်မြင်လာတော့ ယခင်နေခဲ့ဖူးတဲ့ တိုက်ဟောင်းအချို့မှ နေရာ၊ ရာထူးစသည်တို့ဖြင့် ကမ်းလှမ်းကြ၏။ ၀တ္တရားဆိုတာကိုသိပေမဲ့ ဘ၀ရှေ့ရေးအတွက် ခရီးဆက်ခဲ့ရသည်သာ။ နေရာဆိုတာ လိုအပ်တဲ့အချိန်မှာ သင့်လျော်ပေမဲ့ ခရီးလမ်းကြောင်းမှာတော့ ခဏနားနေဖို့ကလွဲလို့ မတက်မတ်ကောင်းပေ။

မရှိခြင်းနှင့် ဘဝ
မိသားစုရှိရာကို အချိန်ရတိုင်း သွားလည်ဖြစ်ပေမဲ့ အိမ်လေးနှင့် မိဘပိုင်ဆိုင်မှုများကိုတော့ (အမွေအတွက်၊ ရလိုမှုအတွက်) မမျှော်လင့်တက်တော့။ နေထိုင်ခဲ့ဖူးရာ တိုက်တာတွေရဲ့ တက်လမ်းမဲ့ အခွင့်အရေးတွေကိုလည်း ငြင်းပယ်ခဲ့ဖူးပြီ။ ဆရာသမားတွေကို ဦးခိုက်ဖို့အတွက်တော့ မပျက်ကွက်ခဲ့ပေ။ ရောက်လေတိုင်း ၀င်ရောက် ကန်တော့ဖြစ်ခဲ့၏။ ဘ၀သမားဆိုတော့ ဟိုနေရာမမြဲ၊ ဒီနေရာမတည်။ ကိုယ်ပိုင်နေရာဟူ၍ အတည်တကျမရှိသေး၊ တွယ်တာဖို့ဝန်တစ်ခုတော့ ပေါ့တာပေါ့။ တစ်စုံတစ်ခုကို တမ်းတမ်းစွဲမဖြစ်တက်တော့ နေရာတာစိတ်ချမ်းသာ၏။ လိုချင်မှုနည်းလေ စိတ်ချမ်းသာလေ ဖြစ်နေသလားပင်။ တစ်နေ့တော့ မလိုချင်လဲ လိုအပ်လာမည်။ သိတော့သိသည်။ ဒါပေမဲ့ ........

ခေတ်သစ်ရဟန်းတစ်ပါး အတွက်လိုအပ်ချက်ကို ကျင်လည်နေတဲ့ဝန်းကျင်မှ ဖြည့်ဆည်းပေးကြ၏။ ရောင့်ရဲ ခြင်းဖြင့် ခံစားတက်ခဲ့၏။ ရှိခြင်း မရှိခြင်းကို ရောစပ်သုံးဆောင်တက်၏။ အပိုမရှိ ရှိတာလေးနဲ့ လောက်ငှအောင်ပုံဖော်ခဲ့ရ၏။ အမွေမရှိ၊ အိမ်မရှိ၊ မိဘ ဆရာသမား နောက် ဆွေမျိုး ဉာတိမိတ်ဆွေသင်းပင်း စတာတွေပေါ်မှာ သံယောဇဉ်ခပ်ပါးပါးရှိတာကလွဲလို့ ပူပင်မှုကင်းကင်းဖြစ်၏။ တကယ်တော့လဲ ရဟန်းဘ၀ ဆိုတာ မရှိခြင်းဖြင့် ချမ်းသာနေရပါလားဟု ရှုမြင်နေတက်သည်သာ။


No comments:

Post a Comment