တစ်နေ့ ဦးဒတ္တ သူ့ဆွေမျိုးများရှိရာ မိုင်းရှူးရတနာမြေကိုသွားဖိုဖန်လာတယ်။ မိတ္ထီလာမှ ကားစီး တောင်ကြီးကိုသွား၊ တောင်ကြီးကနေတဆင့် သွားရတဲ့ခရီးကိုး။ ရွာသား သူငယ်ချင်းက ကားဂိတ်လိုက်ပို့။ ဂိတ်ကိုရောက်တော့ လိုက်ပို့တဲ့သူငယ်ချင်းက ကားလိုင်းနာမည်ကို သေချာမကြည့်လိုက်မိဘူး။ ကဲ ဦးဒတ္တဒီကားလိုင်းပဲ ဆိုပြီး ကားပေါ်တင်၊ ပြန်သွားတော့၏။
ခဏခဏရောက်ဖူး၊ သွားဖူးနေတော့လဲ ခပ်တည်တည်ပဲ ကားပေါ်တက်ထိုင်နေလိုက်တော့၏။ ဒီလိုနဲ့ ကားစထွက်တော့လဲ ဘေးမှာအတူတူကျတဲ့ ဦးဇင်းတစ်ပါးကို မိတ်ဆွေဖွဲ့ စကားတစ်ပြောပြောနဲ့ ပါသွားလိုက်တာ မန္တလေးကျော်သွားရော။
အဲဒီအချိန်ကျမှ ခရီးဖော်ဦးဇင်းက စကားစမေးဖြစ်တယ်...
ခရီးဖော်။ ။ အရှင်ဘုရားဘယ်ကိုကြွမှာပါလဲ ဘုရား
ဦးဒတ္တ။ ။ တောင်ကြီးကိုပါ ဘုရား အရှင်ဘုရားရော ဘယ်ကိုလဲဘုရား
ခရီးဖော်။ ။ အရှင်ဘုရား ဒါ တောင်ကြီးကို သွားနေတာမဟုတ်ဘူးဘုရား၊ မိုးကုတ်ကို သွားနေတာပါဘုရား
ဦးဒတ္တ။ ။ အရှင်ဘုရားကလဲ တပည့်တော် သိပါတယ်ဘုရား ခဏခဏသွားနေတာပါ၊ အရှင်ဘုရား မနောက်ပါနဲ့ဘုရား
ဒီလိုနဲ့ငြင်းနေလိုက်ကြတာ၊ ကားပေါ်မှာပါတဲ့ အခြားခရီးသည်တွေက ၀ိုင်းပြောပြတော့မှာ သူစီးလာမိတာ တောင်ကြီးကား မဟုတ်မှန်းလဲသိရော.. ဦးဒတ္တရေရွတ်လိုက်တာက
အင်း အစကထင်တော့ထင်သား ဘုရား.. တပည့်တော့ ဒီတစ်ခေါက် သာစည်မြို့ဆိုတဲ့ ဆိုင်းဘုတ်ကြီး မတွေ့ခဲ့ပါလားလို့...... တဲ့။
ကံကောင်းထောက်မစွာပဲ ခရီးဖော်ဦးဇင်းက မိုးကုတ်မြို့သားဖြစ်နေတော့ သူမိဘတွေအိမ်မှာ ပင့်ပြီး ဆွမ်းကပ်၊ တည်းခိုစေခဲ့ခြင်းဖြင့် ဦးဒတ္တဟန်ကျခဲ့လေ၏။
မှက်ချက်။ ။ ဦးဒတ္တသည် သာစည်နယ်သားဖြစ်၍ သူ့နယ်သူ့မြို့ကိုတော့ ကျွမ်းကျင်ဟန်ရှိလေ၏။
No comments:
Post a Comment