Sunday, May 2, 2010

ရှင်သစ္စာနှင့် ပေါက်တက်ကရ



ဘလော့ဂ်လေးတစ်ခုဖွင့်ပြီး စာတွေရေးနေမိတယ်။ ကြုံရာကျပန်းပါပဲ။ ဘာသာရေးလဲ တစ်စိုက်မတ်မတ်မဟုတ်။ ဘာတွေမှန်းတော့မသိ၊ ရေးမိရေးရာရေးဖြစ်ခြင်းသာ။ ကဗျာလဲပါတယ်။ အစုံပဲ စိတ်ကူးတည့်သလို ရေးမိခြင်းဆိုလျှင်တော့ ပိုမှန်မည်ထင်သည်။ စိတ်ကူးကတော့ ပယ်မည့်သူ အယ်ဒီတာမရှိ၊ စာဖတ်သူသည်သာ အယ်ဒီတာ၊ စာဖတ်သူကြိုက်ရင် ဖတ်သွားလိမ့်မည်။ မကြိုက်ရင်ကျော်သွားလိမ့်မည်။ ဘာမှတော့ လွမ်းစရာမရှိပေ။ စာရေးဆရာမှ မဟုတ်တာပဲ။ လက်ဆော့မိတာလေးပဲရှိတာကိုး။ ကိုနောပြောသလိုပဲ အရှက်ဝတ္ထုကြီးကိုတော့ ဘာသာပြန်နေပါပြီ.. ရဟန်းဖြစ်လို့တော့ ကျော်မှာမဟုတ်ဘူး.. အကုန်ပြန်မှာတဲ့လေ။ အခုလဲ ရဟန်းဖြစ်နေလို့တော့ ၀ိပဿနာပိုင်း၊ ပိဋကတ်ပိုင်း ဘာသာရေးပိုင်းတွေပဲ ရေးနေမှာ မဟုတ်ဘူး၊(သိမှမသိတာကိုး) ကြုံရာပဲရေးမှာ ( မှတ်ချက်အေးဆေး။ ) စကားလုံး လေးခဏသုံးမယ်နော် ကိုနော။

အခုလည်း ဟာသလေးတစ်ပုဒ်ကြားဖူးတာကို ရေးလိုက်ဦးမယ်နော်။

မြန်မာ့ဓလေ့မှာ၊ အထူးသဖြင့် ကျေးလတ်ဘုန်းကြီးကျောင်းတွေမှာ ဆရာတော်သောက်ရေအိုး၊ ကိုရင်များ အတွက် သောက်ရေအိုး၊ နောက် ကျောင်းသားလေးတွေအတွက်သောက်ရေအိုးစသဖြင့် ခွဲခြားထား လေ့ရှိကြ၏။ ယနေ့ခေတ်မြို့ပြတွေမှာတော့ ဒီလိုအနေအထားတွေ သိပ်ပြီးမရှိတော့၊ သန့်ရှင်းမှုရှိဖို့တစ်ခုပဲ စာတမ်းလေး ချိတ်ဆွဲထားပြီး အားလုံးအတူတူ သောက်သုံးခွင့်ရှိနေကြပြီ။

တစ်နေ့ ရွာထဲမှာ ကျောင်းဒကာမကြီးနဲ့ သူ့မြေးလေးက ကျောင်းကိုလှူဖွယ်တွေ လာလှူတယ်။ ကလေးက ရေဆာတော့ ဘုန်းကြီး သောက်ရေအိုးကိုသွားပြီး သောက်ဖို့ကြံတာပေါ့။ ဘုန်းကြီးလဲ ကျောင်းဒကာ မကြီးရဲ့မြေးဆိုတော့ မပြောသာတော့ဘူး။ ဒါနဲ့ ကျောင်းဒကာမကြီးကလဲ သိတယ်.. သူ့မြေးလေးကို မသောက်နဲ့လို့လဲ မဟန့်ရဲဘူး .. “ဟဲ့ မြေးလေး အဲဒါဘုန်းကြီးသောက်ရေအိုးကွဲ့” လို့ လှန်းပြောလိုက်တယ်။ ကလေးကပြန်ပြော လိုက်တာကတော့....... “ရပါတယ် ဖွားဖွား.. သားက မရွံတက်ပါဘူးတဲ့” .. လေ။ ကဲ သေရော။

တွေးကြည့်ရင်တော့ ဟာသဆန်နေတာပဲ။ ဟာသလိုတွေးရင်ပြောတာပါ။ တကယ် တွေးကြည့်တော့မှ ဒါဟာ ကလေးတွေ ဘာသာရေး အခြေခံယဉ်ကျေးမှုနဲ့ဝေးနေတယ်ဆိုတာကို မီးမောင်းထိုးပြနေသလိုပဲ။ ကလေးဘ၀မှာ သိသင့်သိထိုက်တဲ့ ဘာသာရေး အခြေခံအားနည်းမှုကို သွားမြင်မိ၏။ ကျောင်းဒကာမကြီး ဆိုတော့ ချမ်းသာမှာအမှန်ပင်၊ ချမ်းသာသလို သူ့သား သမီး၊ သူ့မြေးတွေကို ခေတ်ကျောင်းတွေမှာပဲ ပညာသင်စေမှာပဲလေ။ တစ်ခါတစ်ရံကြုံကြိုက်မှာ ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့တာမျိုး ဖြစ်မည်ထင်၏။ ဒါကေတော့ ဟာသအပေါ်မှာဖြစ်မိတဲ့ ခံစားမှုတစ်ခုပင်။ ဒီလိုပါပဲ စာပေမှန်သမျှဟာ တစ်နည်းနည်းနဲ့တော့ ရသ၊ သုတ စတဲ့ပညာပေးလေ့ရှိနေတာပါပဲ။ ဖတ်တဲ့လူတွေးဖို့ပဲလေ။ ဘယ်စာပေမှ ပညာမပေးတဲ့စာပေ ရယ်လို့တော့မရှိပေ။ စာအရေးအသားကောင်းတာ၊ ညံ့တာတော့ရှိချင် ရှိမည်။ အားလုံးဟာယူတက်ရင်တော့ ပညာတွေချည်းပင်ဖြစ်၏။ ဒါ့ကြောင့်တွေ့သမျှ၊ လက်လှမ်းမီသမျှစာတွေကို ကားတွန်းကအစဖတ်ဖူးခဲ့၏။ ကိုယ်တိုင်ညံ့တာတော့ သေချာပါတယ်။ (မပြောလဲသိတယ်)။

ဒီလိုနဲ့ ဘလော့ဂ်ခရီးကိုစမိတဲ့ ရှင်သစ္စာလဲ ရေးမိသည်။ သိတာတွေရေးသည်၊ ဖတ်ဖူးတာတွေရေးသည်။ အနှစ်ပါချင်လဲပါမည်။ (မပါဘို့ကတော့သေချာပါတယ်)။ ဖတ်ပေးတဲ့ သူတွေကို ချမ်းသာလို့ မွေးနေ့ပွဲ လုပ်ဖြစ်ရင် အားလုံးဖိတ်ဖို့စိတ်ကူးရှိပါသည်။

ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာလေးက အားကျစရာ။ မတန်တရာ တုတယ်လို့တော့ မထင်ကြပါနှင့်။ သူ့ခံယူချက်လေးအားကျမိလို့ပါ။ အနူလက်နဲ့ ရွှေခွက်နှိုက်သလိုဖြစ်ပြီး ၀ဲပေါက်မှာတော့ ကြောက်မိပါသည်။


သစ္စာ

ငါ့စာဖတ်၍၊ မမြတ်တိုင်စေ
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ
တွေ့ငြားပေမူ၊ စာပေကျွေးကျွန်
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူပေါ်
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ
မလုပ်ပါတည်း။
(တက္ကသိုလ် ဘုန်းနိုင်)


No comments:

Post a Comment