Wednesday, March 31, 2010

ရှေ့သို့



ကိုယ့်ခရီးကိုဖောက်ခဲ့တဲ့
ငါ့ခြေထောက်ကိုမှ
နောက်ကျခြင်းမြူမှုံတွေ လာနမ်းတယ်
အလွမ်းဆိုတဲ့ သစ်သီးတွေ မမှည့်ခင်..
နောက်ပြန်လှည့်ပြေးလိုက်ချင်ရဲ့
တဲ့
ဖတ်ဖူးတဲ့ကဗျာ
..........................

ငါကိုယ်တိုင်လဲ
ကိုယ့်ခရီးကိုဖောက်
နောက်ကျတာတော့မှန်တယ်
လက္ခဏာယာဉ်သုံးပါး
အလွတ်ကျတ်ထားတာကလွဲလို့
သံသရာစက်ဖြတ်ဖို့
အလှမ်းဝေးဆဲ
။..........။


လျှောက်မိသည့်အတူတူ
မထူးပါဘူး
ငြိမ်းချမ်းဘို့အတွက်
စွန့်လွတ်ခဲ့ရတာတွေရှိမယ်
အလွမ်းဆိုတဲ့ သစ်သီးရယ်
မှည့်ချင်မှည့်လိုက်စမ်း
နောက်ပြန်လှမ်းဘို့တော့
စိတ်မကူးစတမ်း
ငါလှမ်းမဲ့ခြေလှမ်းမှာ
command မပေးခဲ့
။...........။




Monday, March 29, 2010

အာသေ၀လာစ ဗာလာနံ နှင့် ပညာရှိသားအဖ



အသေ၀လာစ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာစ ပူဇနေယျာနံ၊
ဧတံ မင်္ဂလ မုတ္တမံ။

လူမိုက်ဆိုလျှင်ရှောင်သွေလွဲလို့ မမှီဝဲနှင့်ကင်းအောင်နေ၊ ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ် နည်းယူစေ၊ သုံးပါးရတနာမိဘများနဲ့ ဆရာသမားကို ပူဇော်လေ၊ အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာပေ။

ငယ်စဉ်ဘ၀ ဆရာသမားများထံမှာ သင်အံခဲ့ရတဲ့ စာ။ စာကိုစာလိုပဲ သင်အံခဲ့တယ်၊ စာရဲ့သဘော၊ စာရဲ့ သရုပ်ကို မခွဲထုတ်နိုင်ခဲ့ပါဘူး။ လူမိုက်ဆိုတာကို ကိုယ့်ရဲ့နုနယ်တဲ့အတွေးမှာ ညနေခင်း ထန်းရည်မူးပြီး ရွာရိုးကိုးပေါက်လျှောက်ဆဲတက်တဲ့ လူကြီးပဲလို့မြင်မိတယ်။ ပညာရှိဆိုတာကတော့ ရွာဦးကျောင်း ဆရာတော် ဘုရားနဲ့ ရွာထဲမှ စာပေဗဟုသုတအင်မတန်ရှိပြီး ဆိုဆုံးမတက်တဲ့ ရွာရဲ့ နိဗ္ဗာန်ဆော်ကြီးပေါ့။ ရတနာသုံးပါးနဲ့ မိဘဆရာသမားကို ရိုသေကိုင်းရှိုင်းရမယ်ဆိုတာတော့ မိရိုးဖလာ ဘာသာရေးအသိလေးနဲ့ သိတက်၊ ပြုမူတက်တယ်ပေါ့။

ဒီလိုနဲ့ လူမိုက်နဲ့လူလိမ်မာ ဘယ်ဟာလဲခွဲခြားတက်ဘို့ စာပေတွေသင်၊ ဗဟုသုတတွေ အရှာထွက်ခဲ့မိတယ်။ ခွဲခြားတက်ပြီလား ဆိုတော့လဲေ၀၀ါးဝါးနဲ့။ တစ်ရက် သားအဖနှစ်ယောက်ရဲ့ အဖြစ်အပျက်လေးက လူမိုက်နဲ့ လူလိမ်မာ ဆိုတာကို ရှင်းလင်းစေခဲ့ပြီး ဘယ်လိုခွဲခြားသင့်တယ် ဆိုတာကို သိစေခဲ့တယ်။ စာတက်သွား တယ်ဆိုပါတော့..........

ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိတယ်.....
သားဖြစ်သူဟာ ဆိုးပေတေပြီး မိုးလင်းမိုးချုပ်အရက်သောက်၊ အလုပ်ကိုလက်ကြော တင်းအောင် မလုပ်ပဲ မိဘလုပ်စာကို ထိုင်စားနေတဲ့ သနားကမားသားမိုက်လေးပေါ့။ နေ့စဉ်ရက်ဆက် ဆိုတော့လဲ အဖေလုပ်သူဟာ သည်းမခံနိုင်တော့ဘူး၊ သူကိုယ်တိုင်ကတော့ ဘာသာတရားကိုင်းရှိုင်းပြီး ရပ်ရေးရွာရေးတွေမှာ အားတက် သရောလုပ်နေပါလျှက်နဲ့ သားရဲ့ အနေအထိုင် မတက်မှုတွေအတွက် နာမည်ပျက်ရတယ်ပေါ့။

တစ်ရက် သားဖြစ်သူမူးပြီးပြန်လာတယ်ဆိုရင်ပဲ........
အဖေ။ ။ မင်းအိမ်ပေါ်ကဆင်းသွား မင်းမျက်နှာငါမမြင်ချင်ဘူး၊ အသေ၀လာစ ဗာလာနံ တဲ့ ဘုရားဟေားထားတာရှိတယ် မင်းလိုလူမိုက်နဲ့တော့ မပေါင်းနိုင်ဘူး သွားခုဆင်း...
ဆိုပြီးသားကိုနှင်ချတယ်။

သား။ ။ ဘုရားဟောထားတာပဲတယ် အဖေ၊ ပဏ္ဍိတာနဉ္စ သေ၀နာ တဲ့၊ အဖေလိုပညာရှိကိုမှ မပေါင်းသင်းရရင် သားက ဘယ်သူ့ကိုသွားပေါင်းရမှာလဲ အဖေ...
ဆိုပြီး ခွန်းတုံ့ပြန်တယ်ဆိုရင်ပဲ ပညာရှိသားအဖဟာ တစ်အိမ်ထဲမှာ အတူတူနေဖြစ်သွားတယ်ပေါ့။

ပုံပြင်လေးကတော့ ဒါပါပဲ။
အာသေ၀လာစ ဗာလာနံ
ပဏ္ဍိတာနဉ္စ သေ၀နာ

Friday, March 26, 2010

နေရာ


အပရာဇိက ပလ္လင်္ကေ၊
သီသေ ပုထု ၀ိပုဂ္ဂလေ။
အဘိသေကေ သဗ္ဗ ဗုဒ္ဓါနံ၊
အဂ္ဂပတ္တော ပမောဒတိ။

သဗ္ဗညုဘုရားအဆူဆူတို့၏ ဗုဒ္ဓါဘိသေက ခံယူရာလည်းဖြစ်၊ ကမ္ဘာမြေပြင်၌အထူးတင့်တယ်သော မြေတကာ တို့၏ အထွဋ်အထိပ်လည်း ဖြစ်သော အပရာဇိက ပလ္လင်၌ မြတ်စွာဘုရားရှင်သည် လူသုံးပါးတို့ ထက်မြတ်သော ဘုရား အဖြစ်သို့ရောက်ရှိတော်မူသဖြင့် ၀မ်းမြောက်တော်မူခဲ့လေပြီ။

အပရာဇိက ပလ္လင်နေရာ။ ဥရုဝေလတောအုပ်မှ နေရဉ္ဇရာကမ်း၊ ထိုမှတဖန် သုဇာတာ သူဌေးသမီးလှူအပ်တဲ့ နို့ဃနာဆွမ်းကို ခံယူဘုဉ်းပေးတော်မူပြီး ကြွချီတော်မူလာရာ မဟာဗောဓိညောင်ပင်နားအရောက် သောတ္ထိယ (မောင်ချမ်းသာ) တဖြစ်လဲ သုဒ္ဓိယ (ငစဉ်ငယ်) လှူဒါန်းအပ်တဲ့ မြတ်ရှစ်ဆုပ်ကို အဓိဋ္ဌာန်ပြု ဖြန့်ခင်းတော်မူလေ သောအခါ ရွှေအတိဖြင့်ပြီးသော အပရာဇိက ပလ္လင်တော်ပေါ်ပေါက်လေ၏။ နေရာတစ်ခုရရှိခဲ့သည် ဆိုက မှား မည်မထင်။ သစ္စာလေးပါးကိုသိမြင်တော်မူပြီး လောကသုံးပါး၌ အတုမရှိသောဘုရားအဖြစ်သို့ ရောက်ရှိတော် မူရန် နေရာသည်အရေးပါသော အရာတစ်ခုဟု မြင်မိလေ၏။ ထိုပလ္လင်တော်ထက်၌ပင် လောကကို ရှုမြင် ဆင်ခြင် တော်မူသဖြင့် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခဲ့လေ၏။ ဘုရားရှင်အဆူဆူတို့၏ အောင်ပန်း ဆွတ်ခူးရာ နေရာမှာလည်း ကမ္ဘာမြေရဲ့ ဗဟိုချက် ထိုနေရာမြတ်ပင်ဖြစ်ပေ၏။ ပါရမီအဟုန်ဖြင့် ရရှိပိုင်ဆိုင် အပ်တဲ့နေရာ။

လူအားလုံးသည်ပင် မွေးဖွားလာသည်မှ ကိုယ်ပိုင်နေရာရယ်လို့ သတ်မှတ်ပါလာခဲ့ကြ သည်မဟုတ်ပေ။ (ပါရမီအရ၊ ဘုရင့်သား၊ မင်းသားအဖြစ်မွေးလာတယ်ဆိုရင်တော့လဲ တစ်မျိုးပေါ့၊ ဟုတ်ဘူးလား)။ ကိုယ်နဲ့တန်ရာ တန်ရာနေရာလေး တစ်ခုအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ ကိုယ်ပိုင်ဘ၀တွေအတွက် ကိုယ်ပိုင်နေရာလေးတွေ တည်ဆောက်ရတယ်ပေါ့။ နေရာဟူသည်မှာလဲ နေပြီးရင်အများကောင်းကျိုးလုပ်ဖို့ ဆိုရင်အကောင်းဆုံး ဖြစ်မည် ထင်၏။ (အိုစမာဘင်လာဒင်လိုလူမျိုး နေရာတစ်ခုယူထားရင် သေပီဆရာပဲ)။

ကိုယ်တိုင်သည်ပင် တောရွာလေးမှာမွေးပြီး မြို့တက်ပညာသင်၊ နောက် ကိုယ်ပိုင် (အများကောင်းကျိုးလည်း ပြုနိုင်မဲ့) နေရာလေးတစ်ခုအတွက် ကြိုးစားနေရတယ်ပေါ့။ ကိုယ်နဲ့လဲ ထိုက်တန်တာကိုပဲ မျှော်လင့်ရင်း ကိုယ့် လမ်းကိုယ်ဖောက်၊ ကိုယ့်လမ်းကိုလျှောက်၊ အေးဆေးပါပဲ ဘယ်သူ့မှမထိခိုက်ရင်ပေါ့လေ။ ဘုရားရှင်လိုတော့ နေရာကောင်းကောင်းကြီးလဲ မမျှော်လင့်ပါဘူး။ မာရ်နတ်သားကြီးလိုလဲ ကိုယ်နဲ့မထိုက်တန်တဲ့နေရာ တစ်ခု အတွက် စစ်မတိုက်ရဲပါဘူး။ အရှင်တို့ ဗာရာဏသီမြို့၊ (စရဏရပ်ကွက်လို့ခေါ်မလား၊) မိဂဒါဝုန်အရပ်မှာ ငှားနေတဲ့အိမ်ရှေ့လမ်းကို ပြင်မယ်ဆိုတော့ ကျူးကျော်နေတဲ့ကုလားမိသားစုများကိုကြည့်ပြီး သံဝေဂရမိတယ် အများပိုင်လမ်းပေါ်မှာနေတော့လဲ ဖယ်ပေးရတာပဲလေ။

နေရာဆိုသည်မှာတော့ ရပ်တည်မှုတစ်ခုကိုပဲ ဆိုကြပါစို့။ မြေနေရာဆိုတာတွေကတော့ ပိုင်ဆိုင်ကြပြီး မနေ လည်းမနေ၊ အများအတွက်လဲ မဟုတ်တဲ့ ပွဲစားဆန်နေရင်လဲ အလကားပဲလေ။ ကုလသမဂ္ဂဌာန ချုပ်လို နေရာမျိုးမှာ လူသားကောင်းကျိုးအတွက် ဆောင်ရွက်ခွင့်လိုဟာမျိုးပေါ့။ အရပ်ဒေသတိုင်းမှာလဲ အလားတူ အဖွဲ့ အစည်း၊ အသင်းအဖွဲ့တွေ၊ ပရဟိတလုပ်နေကြတာ အားရစရာပါပဲ။ (ကိုယ်တိုင်မလုပ်နိုင်တော့ လဲ အားကျပေး တယ်နော်) ။ ဘုရားရှင်သည်ပင် အပရာဇိကပလ္လင်မှအစပြု၍ မိဂဒါဝုန်၊ သာဝတ္ထိပြည်စတဲ့နေရာတွေ၊ နောက် ကိုယ်တိုင်ဘုရားတစ်ဆူအဖြစ် ခေါင်းဆောင်နေရာတစ်ခုကနေ ဝေနေယျတို့အတွက် တရားဓမ္မဟောပြပြီး သံသရာမှလွတ်ရာလမ်းကို ဖောက်လုပ်ဆောင်ရွက်ပေးခဲ့တာဟာ အတုယူအားကျစရာပါ။ တိုင်းပြည်ခေါင်း ဆောင်မှ အစပြုပြီး ရွာလူကြီးတို့အထိ အမျိုးမျိုးသော ပုဂ္ဂိုလ်များဟာလဲ ကိုယ်ရထားတဲ့နေရာ တွေကနေ အများကောင်းကျိုးလုပ်ဆောင်ခဲ့ကြလေ၏။ နေရာတစ်ခုကို ယူပြီးရင်လဲ သေသည့်တိုင်အောင် သမိုင်းကောင်း ဖို့အတွက်တော့ ထိန်းသိမ်းရမဲ့တာဝန်ကလဲရှိသေးတယ်။ (ဟင်း မလွယ်ပါလား။ )

ဘယ်ကိုသွားမလဲ တွေးမရတယ် ဝေဒနာလူ........... အတွေးရိပ်များနဲ့လွင်လာတယ်...... မျှော်လင့်ခြင်းတို့ လမ်းပြကွယ် အေးချမ်းတဲ့နေရာလေးတစ်ခုရောက်ချင်တယ်.......

သီချင်းစာသားလေးပါ......... (မှားနေလားတော့မသိ) အေးချမ်းလှတဲ့နေရာလေးတစ်ခုအတွက် ပြင်းပြင်းပြပြ ခံစားသီဆိုထားသလားပဲ။ လူတိုင်းဟာ နေရာလေးတစ်ခုအတွက် ကြိုးစားနေကြတယ်ဆိုတာတော့ သံသယ ဖြစ်စရာမလိုလောက်ပါဘူးနော်။ ဘာသာရေး၊ စည်းပွားရေး၊ စာပေ၊ ဂီတ၊ ရုပ်ရှင်စတဲ့နေရာတွေမှာ ကိုယ်ပိုင် နေရာ (ဒီနေရာမှာ မမြဲခြင်း အနိစ္စတရားကိုတော့ ခဏဖယ်ထားကြဗျို့) တွေအတွက် ကိုယ့်အစွမ်းကိုပြပြီး ကြိုးစားနေကြ၊ ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးထိုးကြတယ်ပေါ့။

ဂရိ ပညာရှင်ကြီး အာခီးမီးဒီးဇ် ပြောတဲ့စကားလေးကို တစ်ချက်လောက်ဖတ်ကြည့်ပါ...........
Give me a place to stand,, I will move the earth. ကျုပ်ကို ရပ်တန့်ဘို့နေရာလေး တစ်ခုပေးပါ၊ ကမ္ဘာကြီးကို ကျုပ်ရွေ့ပစ်မယ်တဲ့ဗျို့။ သူ့တသက်တာမှာ ရပ်ဖို့နေရာလေးတစ်ခုတောင်မှ ရမသွားဘူးလား မသိ ဘူးနော်။ ဒါပေမဲ့ သူ့အကြောင်းကိုတော့ ယနေ့တိုင်မှတ်တမ်းတင် ထားဆဲဆိုတာတော့ အားလုံးအသိပင်။

အာခီးမီးဒီးဇ် လို စကားလေးတခွန်းတော့ ပြောကြည့်ချင်တယ်..........
Give me a place to live,, I will sleep as well or read as well.... ကျုပ်ကိုနေရာလေးတစ်ခုတော့ပေးပါ၊ ကျုပ်ကောင်းကောင်းအိပ်လိုက်မယ်။ (စာဖတ်ချင်တဲ့အခါလဲ ဖတ်မှာပေါ့နော်)။

ဘုရားရှင်နှင့်တကွ ကိုယ်ပိုင်နေရာလေးတွေ ဖန်တီးပြီး အများကောင်းကျိုးဆောင်ရွက်သူများကို ဂါရ၀ပြုလျှက်

Wednesday, March 24, 2010

တန်ခူးငိုတဲ့သင်္ကြန်



ဒီနှစ်နွေရာသီမှာ
ဥသြရဲ့တေးသံဟာ မချိုမြတော့
နားဆင်ရတာကိုက အက်ရှရှ
နွေသရုပ်ကို
သူမသီဖွဲ့နိုင်လေဘူး
။..............။


တူးပို့တူးပို့ သီချင်းနဲ့ သင်္ကြန်ဟာလဲ
ကဆုန်နဲ့တွဲကနေလေတော့
နရီစည်းချက်လိုက်မဲ့ပိတောက်လဲ
လွတ်နေခဲ့ပေါ့
။............။

တန်းခူးရဲ့မျက်ရည်တွေ
လက်ဆေးမိုးနဲ့အတူပါသွားတာကို
ဘယ်သူမှမသိလိုက်ပါဘူး
အနှစ်နှစ်တူတူမြူးခဲ့တာကိုတော့
သတိရသင့်ပါတယ်
။.............။

ဘယ်သူ ရေးသလဲ
ဒီဇာတ်ထုတ်..
သင်္ကြန်သရုပ်ကို မပေါ်စေချင်တာလား
တန်းခူးကိုအထီးကျန်စေချင်တာလား
နှစ်သစ်တစ်ခုရဲ့ အနားသတ်မျဉ်း တစ်ခုအဖြစ်
သူ့ကိုနှစ်ခဲ့တော့မှာလား
။.................။

ဧပရယ် ၁၃ နဲ့စတဲ့သင်္ကြန်
မှန် မမှန်တော့
ကိုယ်တိုင်လဲ ၀ါးတားတားရယ်လေ
။...............။

Sunday, March 14, 2010

သစ္စာ အမွေ

ငါသေတဲ့အခါ
ဘာအမွေ ပစ္စည်းများ ထားခဲ့ရပ
မရဲတရဲ မေးကြည့်မိ ..

အို.. လောကအ၀ှန်းလုံး
သဘောဓမ္မလွှမ်းဖုံး
အချောအလှအဆန်းဆုံး
မနောမယပန်းကုံးတွေ ကဗျာသီလို့
သဲလွှာမြေမဟီ ကျောက်ဂူလုပ်ကာ
မြှုပ်ခဲ့မည်ပ......
။...........။

ကဗျာဆရာတစ်ဦးရဲ့ ရင်တွင်းမှ လျှံတက်ပေါ်ထွက်ခဲ့တဲ့ ဥဒါန်း။ တစ်ဘ၀လုံးထမ်းပိုးထားခဲ့တဲ့ တာဝန်။ သေသည့်တိုင် ကျေပွန်စေခဲ့တယ်ပေါ့။ အားကျမိသည်။ ကဗျာဆရာဟာလဲ သူ့ခံစားမှု၊ သူ့ရည်ရွယ်ချက်ကို ကဗျာလေးနဲ့ မှတ်တမ်း တစ်ခုပြုခဲ့တယ်၏။ လေးစားပါတယ် ကဗျာဆရာရေ။

ဟိုးလွန်ခဲ့တဲ့ ၂၅၅၀ အလွန်ကို မှန်းမျှော်ကြည့်မိတော့လဲ အလားတူ အဖြစ်၊ ထပ်တူကျတဲ့ သနစ်လေး၊ အနတ္တ၀ါဒီ၊ ၀ိဘဇ္ဇ၀ါဒီတွေအတွက် ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ သင်္ကေတလေးတစ်ခု ရှိဖူးလေ၏။ ဗုဒ္ဓသာသနာအတွက် ဘယ်ညာ လက်ရုံးနှစ်ဘက်လို့ အားကိုးအားထားပြုရတဲ့ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် အရှင်မြတ် နှစ်ပါးဟာလဲ ကဗျာတစ်ပုဒ်ကြောင့် အာသာပြင်းပြင်း ရှာဖွေနေခဲ့ရတဲ့ မသေဆေး(သန္တိသုခ)ဆိုတာကို တွေ့ရှိ၊ မြင်သိ၊ ခံစားခဲ့ဖူးလေပြီ။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်မစံလွန်မီ၊ အတိအကျဆိုရရင် သစ္စာလေးပါးကို ကိုယ်တိုင် မြင်ပြီးလို့ တရားဦးဟောစဉ် ထားခဲ့မိတဲ့ ကဗျာလေးကို ခံစားပြီး ဘ၀သင်္ချေလေ့ကျက်ခဲ့တဲ့ ဉာဏ်အလင်း တွေပွင့်ပြီး အလင်းရောင်ရခဲ့လေ၏။ ကဗျာဖတ်ပြသူက ဘုရားရှင်ကိုယ်တိုင်မဟုတ်၊ ပဉ္စ၀ဂ္ဂီ ငါးပါးမှ နောက်ဆုံး ဧဟိဘိက္ခု ထေရ်အရှင် အဿဇိမထေရ်ပင်ဖြစ်ပေ၏။ ဘုရားရှင်ကိုယ်တော်တိုင် လေးသင်္ချေ ကမ္ဘာတစ်သိန်း ကာလများစွာ လေ့ကျက်၊ မှတ်သား၊ ကျင့်ပွားခဲ့ရတဲ့ ပါရမီဉာဏ်ရင့်သန်မှုနဲ့ ဖွဲ့စီခဲ့လေတဲ့ကဗျာ။ ဗာရဏသီ မြို့စွန် မဂဒါဝုန်တောမှာ နောက်လိုက် ငါးဦးကို သင်ကြား ရွတ်ပြခဲ့တဲ့ ကဗျာ။
ယေ ဓမ္မာ ဟေတုပ္ပဘာဝါ တဲ့၊ တစ်ပါဒထဲနဲ့ အလင်းပေါက်ခဲ့တဲ့ ကဗျာ။ ကိုးဆယ့်တစ်ကမ္ဘာထက်က ဒီပင်္ကရာဘုရားရှင်ရဲ့ခြေတော်ရင်းမှာ တစ်ကိုယ်တည်း နိဗ္ဗာန်စံဝင်ခွင့် ချမ်းသာကို ရရှိခဲ့သော်လည်း အများအကျိုးအတွက် ငဲ့ကွက်၊ ကိုယ်ကျိုးမဖတ် ဖြည့်အပ်ခဲ့တဲ့ပါရမီ၊ ယောက်ျားမြတ် ဇာနည် တို့ရဲ့ဇွဲ၊ ဒုက္ခတွေထဲက ဖြတ်သန်းရင်း ထွက်ပေါ်ခံစား၊ ရေးစပ်ခဲ့တဲ့ကဗျာ။ နှစ်များစွာ ကြာမြင့်သော်လည်း မတိမ်ကော။ မပပျောက် ခေတ်မီသွက်လက်သေးတဲ့ကဗျာ။ ခေတ်အဆက်ဆက်က သူတော်စင်အများလဲ ရွတ်ဖတ်ဆင်ခြင်ပြီး ဒုက္ခလွတ် လမ်း တက်လှမ်းနိုင်ခဲ့တဲ့ကဗျာ။

ငါသေတဲ့အခါ
ဘာအမွေ ပစ္စည်းများ ထားခဲ့ရပ
မရဲတရဲ မေးကြည့်မိ ..

မေးစရာမလို၊ ဧဟိပဿိက ဂုဏ်နှင့်ပြည့်စုံပါပေ၏။ လာလော့ ကိုယ်တိုင်သုံးသပ် ရှုမြင်လတ်လော့တဲ့ ရဲရဲကြီး အာမ ခံခဲ့ပေ၏။ သံသရာဝဋ်တို့မှ ကယ်တင်နိုင်ကြောင်း ပြန်ပြောင်းပြောပြစရာ လိုမည်မထင်။ ဥပတိဿ၊ ကောလိတတို့က သက်သေခံနေပေ၏။ ဘယ်လက်ရုံး၊ ညာလက်ရုံးဖြစ်တော်မူခဲ့သော အရှင်မဟာမောဂ္ဂလာန်၊ အရှင်သာရိပုတြာမထေရ်မြတ်တို့ သည် ဤကဗျာကို နားဆင်ခဲ့ဖူးသည်ကို ကြည့်ခြင်းဖြင့် သိနိုင်လေ၏။

အို.. လောကအ၀ှန်းလုံး
သဘောဓမ္မလွှမ်းဖုံး
အချောအလှအဆန်းဆုံး
မနောမယပန်းကုံးတွေ ကဗျာသီလို့...။

ပါရမီအစုံ ဉာဏ်အဟုန်ဖြင့် သိသင့်သိထိုက်သည်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် သိတော်မူခဲ့၏။ သိခဲ့သည် များကိုလည်း ကဗျာသီခဲ့လေ၏။ ကဗျာ၊ စကားပြေများစွာတို့ဖြင့် ဝေနေယျတို့အား လမ်းပြပေးတော်မူခဲ့ပေ၏။ အလင်းရောင်ကို ထွန်းလင်းတော်မူခဲ့ပေ၏။ ဘုရားရှင်၏ အလှကဗျာတို့သည် နှစ်ကာလကြာရှည်စွာ တည်ခဲ့လေ၏။ သစ္စာတရားမည်ထိုက်ပေ၏။

သဲလွှာမြေမဟီ ကျောက်ဂူလုပ်ကာ
မြှုပ်ခဲ့မည်ပ......။
။................။

ဘုရားရှင်သည် လေးသင်္ချေနှင့် ကပ္ပါ (ကမ္ဘာ) တစ်သိန်း ပါရမီ ဖြည့်ဆည်းခဲ့ပြီး ကျင့်ကြံ၊ လေ့ကျက်၊ မှတ်သားခဲ့ သည်များကို ဟောကြားတော်မူခဲ့လေ၏။ ကျေးဇူးတော် ထေရ်အရှင်တို့၏ သဲလွှာမြေကျောက်ဂူမှာ အဆင့်ဆင့် မြှုပ်နှံခဲ့လေ၏။ ခေတ်အဆက်ဆက်တူးဖော်နိုင်သူသူတို့သည် ဖတ်ရှုခံစားခဲ့ကြလေ၏။ သစ္စာတရားသည် ကမ္ဘာ တည်သရွေ့ မြဲမြံစွာတည်နေပေလိမ့်မည်ဆိုတာတော့ သံသယဖြစ်စရာမလိုပေ။

သဲလွှာမြေမဟီ ကျောက်ဂူလုပ်ကာ မြှုပ်ခဲ့လေသည်တကား။

( မမှတ်မိခဲ့သော ကဗျာဆရာအားဤစာဖြင့် တောင်းပန်အပ်ပါသည်။)

နမော ဗုဒ္ဓါယ

Tuesday, March 9, 2010

အလွဲများ


အလဲလဲ အကွဲကွဲ

ကာလိင်္ဂစစ်ပွဲလိုမျိုး သွေးသံရဲရဲတော့မဟုတ်ဘူး........
အတ္တ မာနတို့ရဲ့ပြိုင်ပွဲ
လဲသူလဲ ကွဲသူကွဲနဲ
သံသရာနယ်အတွက် ဆုံးရှုံးမှုများစွာနဲ့
မရေမတွက်နိုင်တဲ့ဘ၀တွေကိုစတေးလို့....

သစ္စာရေကြည်တစ်ပေါက်အတွက်
အတ္တကျောက်လွှာကိုဖောင်ထွက်နိုင်ရမယ်
ခင်ဗျားလဲသိ ကျွန်တော်လဲသိတယ်
ဝီရိယယုတ်လျှော့မှုအတွက်တော့
ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရင်း
ကိုယ့်သိက္ခာကို ဆယ်တင်ကြ..
ပစ္စက္ခဘ၀အတွက်တော့ အကြောင်းပြကောင်းမှာပါ။

ကိုယ့်ယုံကြည်ချက် ပေတံနဲ့ ကိုယ့်ဘ၀ကို ပိုင်းဖြတ်ရင်း
အဝေးကိုမမျှော်တွေးတက်လေတော့လဲ
နေပါ............
သေချာတာတစ်ခုကတော့
သေခါမှာ ဘာဆိုဘာမှ ယူဆောင်မသွားနိုင်တာကို
သဲသဲကွဲကွဲသိရင်တော့ဖြင့်................။
။.................။

Thursday, March 4, 2010

ပုံပြင်တစ်ပုဒ် အတွေးထုတ်ခြင်း



အာမေဇုံ စကားပုံ(သို့)ပုံပြင်
(စာအုပ်ထဲမှဖတ်ဖူးတဲ့ပုံပြင်) ဘယ်စာအုပ်လဲတော့ မမှတ်မိ။

တစ်နေ့...
တရားဟောဆရာတစ်ဦးထံသို့ လူတစ်ဦးရောက်လာလေသည်။ ထိုသူမှာ နိဗ္ဗာန်အကြောင်း၊ နိဗ္ဗာန်၏ အဓိပ္ပါယ်ကို လွန်စွာမှသိလိုလှသူပင်ဖြစ်လေ၏။
ထိုသို့ဖြင့်.........

ထိုလူ။ ။ ဆရာ.. တပည့်တော်အားနိဗ္ဗာန် အကြောင်းကို ထင်ရှားမြင်သာအောင် ဟောကြား ပြသ ပေးတော်မူပါ ဘုရား။

တရားဟောဆရာ။ ။ လာလိုက်ခဲ့လော့ ဒကာ သင့်အား ငါ နိဗ္ဗာန်ဆိုသည်ကို လက်တွေ့ ပြတော်မူမည်။

တရားဟောဆရာသည် ထိုသို့ပြောဆိုပြီးရှေ့မှ ဦးဆောင်၍ ခေါ်ဆောင်သွားလေ၏။ အဆောက်အဦးတစ်ခုထဲမှ ကြီးကျယ်ခန်းနားသော အခန်းကျယ်တစ်ခုရှေ့သို့ရောက်သောအခါ ..

တရားဟောဆရာ။ ။ ကြည့်လော့ ဒကာ.

ပထမဆုံးစတွေ့သော အခန်းကို တံခါးဖွင့်၍ ပြတော်မူလေ၏။ ဤအခန်းအတွင်း၌ အနောက်တိုင်းဆန်ဆန် စားပွဲကြီးတစ်ခုရယ် စားပွဲပေါ်မှာ အသား၊ ငါး၊ စားဖွယ်သောက်ဖွယ်စုံလင်စွာနဲ့ ပုံမှန်ထက်ရှည်လျားတဲ့ ခက်ရင်း ရှည်ကြိးတွေကိုလည်း စားပွဲပတ်လည်မှာပြင်ဆင်ခင်းကျင်းထားပြီး စားပွဲဝိုင်းပတ်လည်မှာတော့ လူတွေဟာ ကုလားထိုင်တွေမှာ မလှုပ်ရှားနိုင်အောင် ကျိုးတည်းခံထားရ၏။ သူတို့မျက်နှာတွေပေါ်မှာတော့ ဆာလောင် မွတ်သိပ်မှုကို မဖုံးနိုင်မဖိနိုင် ပေါ်လွင်နေလေ၏။ လက်တွေကို ကျိုးတုပ်ထားတဲ့အတွက် စားသောက်လို့လဲမဖြစ်၊ ရှေ့မှာလဲ စားသောက်ဖွယ်ရာတွေက ကလဲဆအင်သင့် ဆိုတော့ ဆာလောင် မွတ်သိပ်တဲ့ ဒုက္ခ၊ မြင်လျှက်နဲ့ မစားသောက်ပဲ နေရတဲ့ဒုက္ခကို တစ်ပြိုင်တည်းခံစားရလို့၊ စားချင် လွန်းတဲ့အတွက် စိတ်အလိုမပြည့်မှု၊ ရသတဏှာ အပေါ်မှာတပ်မက်မှုစတာတွေဟာ သူတို့တွေကို အစဉ် နှိပ်စက်လို့နေလေ၏။

ထို့မှတဖန် တရားဟောဆရာလဲ ဒကာတော်အား နောက်တစ်ခန်းသို့ခေါ်ဆောင်သွားပြီး.........

တရားဟောဆရာ။ ။ ဒီတစ်ခန်းကိုလည်းကြည့်လေလော့ ဟုဆိုလေပြီး ဒုတိယအခန်းကို ဖွင့်ပြတော်မူလေ၏။

ထိုအခန်းတွင်းမှာလဲ ပထမအခန်းထဲကလို အလားတူ ပြင်ဆင်မှုတွေ၊ စားသောက်ဖွယ်ရာတွေနဲ့ပြည့်နှက်လို့။ ဒါပေမဲ့ထူးခြားတာတစ်ခုက ဒုတိယအခန်းကလူတွေဟာ ကျိုးတည်းခံထားရပေမဲ့ ပထမအခန်းကလူတွေလို ဆာလောင်မှု၊ အလိုမပြည့်မှုတွေကိုတော့ မခံစားရပဲ၊ သူတို့ဟာ အလိုဆန္ဒပြည့်ဝနေတဲ့ပုံတွေဟာ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ အထင်းသားပေါ်လွင်လို့၊ စားပွဲပေါ်မှာပြင်ဆင်ထားတယ်ဆိုတဲ့ စားသောက်ဖွယ်ရာ တွေဟာလဲ ပြောင်သလင်းခါလို့နေလေ၏။

ထိုလူ။ ။ အရှင်ဘုရား တပည့်တော်ကို ပြတော်မူမည့် နိဗ္ဗာန်ဆိုတာဟာ ဘယ်အရာပါလဲ။

ဆရာဟောဆရာ။ ။ ဒကာ ပထမ သင်မြင်ခဲ့ရတဲ့ အခန်းကလူတွေဟာ ငရဲသားတွေပဲ၊ ဒုတိယ သင်မြင်ခဲ့ရတဲ့လူတွေဟာဖြင့် နိဗ္ဗာန်လောကသားတွေ၊ နိဗ္ဗာန်ဆိုတာကိုသိသူတွေပဲ ဒကာတော်.. လို့ပြောဆို မိန့်ကြားတော်မူ၏။

ဒါလေးကတော့ ဖတ်ဖူးတဲ့ပုံပြင်(သို့) စကားပုံလေးတစ်ခုပါပဲ။

ဖတ်ပြီးတော့ စာအုပ်ကို ပိတ်လိုက်မိ၏၊ ဒါပေမဲ့ နှလုံးသားထဲမှာ စွဲထင်ကျန်နေခဲ့တာကတော့ အတွေး ရှည်တစ်စပါပဲ။ ဟုတ်တယ်လေ၊ ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘောင်လောက လူ့ဘ၀မှာ အတ္တ၊ မာနတွေက ကြီးစိုးထားတယ် ဆိုတော့ ပုံပြင်ထဲမှာပါတဲ့ အထမအခန်းထဲက လူတွေလိုပဲ လက်ရှိဘ၀ကို ဘယ်လို ချမ်းသာ ပျော်ရွှင် သာယာဖွယ်ကောင်းအာင် ပြုမူဆောင်ရွက် ရမယ်ဆိုတာကို မတွေးနိုင်ပဲ၊ စိတ်ဆန္ဒတွေရဲ့ သွေးဆောင် ရာနောက်ကို တစ်စိုက်မတ်မတ် လိုက်နေရင်းနဲ့ အချိန်တွေကို ဖြုန်းတီးပစ်နေကြတာ အရှင်အပါအ၀င် အန္ဓ ပုထုဇဉ်လူသားအားလုံးပါပဲ။ တစ်ဦးကိုတစ်ဦး တစ်ယောက်ကိုတစ်ယောက် ဘယ်လို အနိုင်ယူရမလဲ၊ ဘယ်လို လူပေါ်လူဇော်လုပ်ရမလဲဆိုတဲ့ မောဟနတ်ဆိုးတွေကပဲ ကြီးစိုးနေတော့ လောကဟာ အကျည်းတန်ပြီး မလှ မပနဲ့ခရီးဆက်နေရတာပဲ။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ အကြမ်းဖတ်မှု၊ ဗိုလ်ကျစိုးမိုးမှု၊ စည်းပွားရေးအရ လက်ဝါး ကြီးအုပ်မှုစတာတွေပဲ နေ့စဉ်နှင့်အမျှ မကြားချင်မမြင်ချင်အဆုံး တွေ့နေမြင်နေ ရတော့တာပဲ။

နောက် စဉ်းစာမိတာကတော့ ပထမအခန်းကလူတွေက ဇွန်ခက်ရင်းရှည်ကြီးတွေ ရှိပါလျှက်နဲ့ ဒုတိယအခန်းထဲက လူတွေလို တစ်ဦးကိုတစ်ဦး (ပါးစပ်နဲ့ဇွန်းတွေကိုကိုက်ပြီး) ခွံ့ကြွေးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်၊ ကူညီပြီး ကိုယ်ပိုင် ဘ၀တွေကို သာယာအောင် တည်ဆောက်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်ကို ဘာလို့များ မစဉ်းစားမိ လေသလဲ။ အားလုံးဟာ ဒုက္ခလူသား သံသရာခရီးသွား တွေပဲဆိုတာကို မတွေးမိပဲ သင့်မြတ်မှန်ကန်တဲ့၊ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းရမယ်ဆိုတဲ့ အတွေးကို ဘာကြောင့်များ မတွေးမိသလဲပေါ့ (ကိုယ်တိုင်ညံ့ဖျင်း နေမှုကို မတွေး၊ မမြင်မိပဲ) အပြစ်တင်မိလေ၏။

နောက် ပုံပြင်ထဲမှ ဒုတိယအခန်းထဲကလူတွေဟာဖြင့် အတ္တ၊ မာနဆိုတဲ့ အရေခွံတွေကို ခွါချွတ်ဖယ်ရှားနိုင်ပြိး အချင်းချင်း ကူညီတက်တဲ့စိတ်၊ ကိုယ့်ဘ၀ကို ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်စေပြီး ဘယ်လိုချမ်းသာအောင် ပြုလုပ်နိုင်မလဲ ဆိုတဲ့အတွေးကို ကြံဆတက်တဲ့ သူတို့ရဲ့သန့်စင်တဲ့ စိတ်ကူးဆန္ဒတွေကိုတော့ဖြင့် (ကိုယ်တိုင် မပြုမှုနိုင်၊ မကျင့်နိုင်သည့်တိုင်အောင်) အတုယူအားကျမိသည်မှာ အမှန်ပင်ဖြစ်လေ၏။

ယနေ့လူသားအားလုံးသည် ဗုဒ္ဓဘုရား၏ အယူဝါဒအရ ဒုက္ခသည်များပင်ဖြစ်လေ၏။ ဘုရားသည် ဒုက္ခနှင့် ပတ်သက်ပြီး အမေရိကန်၊ အင်္ဂလန်၊ သူဌေး၊ အရာရှိဟူ၍ ဘယ်လူမျိုး ဘယ်သတ္တ၀ါဟူ၍ ခွဲခြားဟောကြား ခဲ့ခြင်းအလျှင်းမရှိပေ။ သုံးဆယ့်တစ်ဘုံးသား သတ္တ၀ါအားလုံးသည်ပင် ဒုက္ခသည်ဟူ၍ တစ်ပြေးညီ ဟောကြား တော်မူခဲ့လေ၏။ ဒုက္ခ၏ထွက်ရပ်လမ်းကို သစ္စာဉာဏ်ဖြင့် မလှမ်းနိုင်သမျှ ကာလပတ်လုံး အားလုံးသော သတ္တ၀ါ တို့သည် သံသရာသမုဒ်ပြင်ဝယ် ကူးခတ်နေရသူချည်းဟုပင် ဟောကြားတော်မူခဲ့လေ၏။

နိဗ္ဗာန် အစစ်ကိုမရှာနိုင်ကြသေးတဲ့ အရှင်တို့လိုလူသားတွေဟာ ပုံပြင်ထဲကလို လောကနိဗ္ဗာန်ဆိုတာ ကိုတော့ဖြင့် ယောနိသော မနသိကာရဖြင့် ဆင်ခြင်ဉာဏ်ပွားကာ ကိုယ့်ဝန်းကျင်လောက သာယာအောင် ဖန်းတီး ပေးနိုင်းကြလျှင်ဖြင့် ဘယ်လောက်များ အကျိုးများလေမလဲ၊ ကမ္ဘာလောကကြီး၏ ငိုးကြွေးမှုတွေကို ဘယ်လိုများ နှင့်သိမ့်ပေးနိုင်မလဲ၊ စသည်စသည်ဖြင့် အတွေးတစ်စဟာဖြင့် အရှင်ရဲ့စိတ်သန္တာန်ဝယ် ကြီးထွားရင့်သန် လို့နေလေတယ်ပေါ့။

အသင်ရော ဤပုံပြင်ကိုဖတ်ပြီး ဘယ်လိုများတွေးနေသလဲ၊ ဘာများလောက ကောင်းကျိုးအတွက် လုပ်ပေး နိုင်မလဲ ဆိုတာတော့ အရှင်လဲမသိနိုင်ပါ။

ဖတ်ရှုမှတ်သားပြီး တစ်စုံတစ်ခုသော စိတ်ကူး၊ အတွေးများရပါစေဟုသာ အရှင်ဆန္ဒပြုမိသပေါ့။........


Wednesday, March 3, 2010

ဇနေတိ သဒိသံ ပါကံ



ဇနေတိ သဒိသံ ပါကံ
......... မိမိ(ကောင်းမှု)နှင့်တူသောအကျိုး ပေးလိမ့်မည်။ (ဗုဒ္ဓ)
စာသင်သားဘ၀က ကျက်မှတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခုပေါ့။

အညာဒေသ၏ တပေါင်းလနွေရာသီလွှမ်းခြုံမှုအောက်မှာ ချွေးတလုံးလုံးနဲ့ အတန်းတင်စာမေးပွဲခန်းထဲက ထွက်လာပြီး စာသင်တိုက်တစ်တိုက်ရဲ့ စည်းကမ်းဥပဒေသအရ ဘယ်ကိုမှ ခြေဦးလှည့်ခွင့်မရ၊ ကျောင်းတိုက်ကိုပဲ တန်းတန်းမက်မက်ပြန်လာရမယ်ဆိုတဲ့ ထေရ်ဆရာရှင်တို့ရဲ့ မိန့်မှာချက်တွေကို ဦးထိပ်ပန်ဆင်ရင်း စာသင်ဖော်သူငယ်ချင်းတွေ ဆရာတော်ရဲ့ခြေရင်းကို ၀ပ်စင်းကြရတယ်ပေါ့။

ဆရာတော်။ ။ တပည့်တို့ ဖြေနိုင်ကြရဲ့လား။
တပည့်များ။ ။ မှန်ပါ.. ဖြေဆိုနိုင်းကြောင်းပါဘုရား။

နောက် ဆရာတော်မှ မေးခွန်းလွှာကို ကြည့်ရှုပြီး ဘယ်ပုစ္ဆာကိုဖြင့် ဘယ်ပုံဖြေခဲ့သလဲ စစ်ဆေးတော်မူလေ၏။

ဆရာတော်။ ။ အင်း ဘယ်ပုစ္ဆာကိုဖြင့် ဘယ်လိုဖြေဆိုခဲ့ပါသလဲ။
တပည့်များ။ ။ မှန်ပါ...... ဤသို့ဤပုံဖြေဆိုခဲ့ပါသည်ဘုရား။

ဆရာတော်မှာ မိန့်မိန့်ကြီးပြုံးတော်မူလေ၏။ သူ၏ တပည့်များကိုလဲ ယုံကြည်တော်မူပုံ ရ၏။ တစ်နှစ်လုံး Training ပေးထားတာပဲလေ။ စာနဲ့ပတ်သက်ရင် ကျောသားရင်သားမခွဲခြားတက်တဲ့ဆရာတော်ရဲ့ ညဉ်အရ စာဆိုရာမှာ တုံ့ဆိုင်းထစ်အနေရင် ကျော်ပြင်ကို ကြိမ်တင်(ဗျောတင်)တက်လေ၏။

ဆရာတော်။ ။ အိမ်း.............. ငါ့တပည့်တို့ တစ်နှစ်ပတ်လုံးအကောင်းဆုံး ပြင်ဆင်ကြိုးစားခဲ့ကြတာပဲကွာ.......... အောင်မြင်ကြမှာပါ ကဲ ကဲ ငါ့တပည့်တို့ ခဏတစ်ဖြုတ်နား ရေးမိုးချိုးပြီးရင် နောက်ရက်ဖြေရမဲ့စာကို ကြည့်ကြကွဲ့........... လို့ မိန့်တော်မူ၏။

ဒီလိုနဲ့ အောင်စာရင်းတွေ ကြေငြာတဲ့အချိန်ရောက်။ လက်နှိပ်စက်နဲ့ရိုက်ထားတဲ့ အောင်စာရင်းစာမျက်နှာပေါ်မှာ ကိုဘွဲ့နာမည်ကို ရှာပုံတော်ဖွင့်ပြီး နောက်တစ်တန်းတက်နိုင်ပြီဆိုတဲ့ လက်မလေးထောင်နိုင်ဖိုး တိုးဝှေ့ကြည့်ကြရတယ်ပေါ့။

ဆရာတော်ကတော့ အောင်စာရင်းလာပြီး ဆက်ကပ်ကတည်းက ကြိုတင်ကြည့်ရှုထားတဲ့အတွက် ဘယ်တပည့်အောင်တယ် ကျတယ်ဆိုတာ သိထားနှင့်ပြီးသားလေ။ ဒါပေမဲ့ ပထမပြန်ဆိုတဲ့ စာမေးပွဲလောကကို ဖြတ်သန်းလာခဲ့ဖူးသူပီပီ ကိုယ်တိုင် ကိုယ့်နာမည်(ဘွဲ့)ကို ကြည့်ရှုခွင့်ရပြီး ကိုယ့်ကျိုးစားမှုကို ကိုယ်တိုင်ပျော်ရွှင်ခံစားစေလိုတဲ့အတွက် ဘယ်တော့မှတပည့်တွေကို ကြိုပြောလေ့မရှိတက်ဘူးပေါ့။ ကိုယ့်စာမျက်နှာ ကိုလှန်ကိုအောင်မြင်မှု(ကိုယ့်တက်လမ်း)ကို ကိုယ်တိုင်ရှာဖွေကြနဲ့ စာသင်တိုက်တစ်ခုလုံး အလုပ်ရှုပ်နေကြတယ်ပေါ့။

-----------------------------------

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အနေက ဇာတိ သံသာရံ အစချီတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်တို့ကို အာရုံပြု(သံပြိုင်)ရွတ်ဆိုပြီး ညစဉ် ဘုရားဝတ်ပြုလေ့ရှိတာ သာသနာတော်ရဲ့အခြေခံကျတဲ့ ပရိယတ္တိစာသင်တိုက်တိုင်းရဲ့ ဆည်းဆာဂီတ သံတွေပါပဲ။ စာချနာယက၊ ဦးဇင်း၊ ကိုရင်စတဲ့ ကျောင်းတိုက်သံဃာအားလုံးစုပေါင်းညီညာ ရွတ်ဆိုလေ့ရှိတာလဲ ညီညွတ်မှုရဲ့ပြယုဂ်တစ်ခုပေါ့။ နေစဉ် ၀တ်ပြုပြီးရင် ဆရာတော်မှ မှတ်သားစရာ သြ၀ါဒကထာ တို့ကိုလည်း နေ့စဉ် မရိုးရလေအောင် ဆိုဆုံးမလေ့ရှိတာပေါ့။

အထူးသဖြင့် ၀ါဆိုဝါကပ်ကာနီး အောင်စာရင်းတွေထက်လို့ စာအောင်သံဃာတွေ.. ကြောင်းအမျိုးမျိုးကြောင့် ကျရှုံးခဲ့ရတဲ့သံဃာတွေအတွက် မိန့်ကြားချက်တွေကတော့ တစ်သက်တာ မမေ့နိုင်ဘူးပေါ့။ နှစ်စဉ် အောင်စာ ရင်းကိုလှည့်ကြည့်စရာမလိုအောင် ဖြေဆိုနိုင်ခဲ့တဲ့ အရှင်ဟာ အဲဒီနှစ်မှာပဲ ၀ီရိယယုတ်လျော့ ခဲ့တဲ့အတွက် ပထမလတ်တန်းဆိုတဲ့စာမေးပွဲစစ်မျက်နှာမှာ အရှုံးကြီးရှုံးခဲ့ရပြီး မျက်နှာမဖော်နိုင်အောင် ဖြစ်ခဲ့ရ တယ်ပေါ့။ မှတ်မှတ်ရရ ၂၀၀၀ ခုနှစ်ပါပဲ။ စာဖြေပြန်လာစဉ် ဆရာတော်စစ်ဆေး စဉ်ကတော့ ကြိုတင်စဉ်းစား ထားတဲ့ အတွက် ဆရာတော်စိတ်တိုင်းကျ ဖြေဆိုနိုင်ခဲ့ပေမဲ့ ကိုယ်တိုင်လဲ အားမရတာတော့သေချာတယ်။ ဘ၀ကို ရေးရေးပဲတွေးတက်တဲ့အရွယ်ဆိုတော့လဲ သိပ်ပြီးစိတ်ပထျာမဖြန့်မိခဲ့ဘူးပေါ့။

ဒါပေမဲ့ ဆရာကောင်းတို့မည်သည် တပည့်တို့အပေါ်မှာ တော်သည် ညံ့သည် မရှိတစ်ပြေးညီရှိတက်လေတော့ အားလုံးကိုနှင့်သိမ့်စေမယ့် အဘိုးတန်သြ၀ါဒကိုပဲ မိန့်ချွေတော်မူခဲ့လေတယ်။

ဆရာတော်။ ။ အင်း.............. မှတ်ထားကြတပည့်တို့ ဒီနေ့ ပထမပြန်စာမေးပွဲကြီးဟာဖြင့် အောင်စာရင်းထွက်ပြီ အောင်မြင်တဲ့ စာသင်သားတွေအတွက်လဲ ၀မ်းသာပါတယ်၊ ကျရှုံးတဲ့သူတွေကလဲ ဘာမှစိတ်ဓာတ်မကျပဲ နောင်နှစ် နောင်နှစ်တွေမှာ အောင်မြင်အောင် ကြိုးစားကြ၊ ဒါနဲ့ပတ်သက်လို့ ဥပမာပြောရရင် စာမေးပွဲဆိုတာ တယ်နတ်ကြီးသကိုးကွဲ့ မိဘအမွေဆက်ခံရသလိုပဲ ကိုယ်နဲ့ထိုက်မှ ရနိုင်တာကွဲ့၊ သားသမီးချင်းတူတာတောင် မိဘအမွေကို ရသင့်မှရနိုင်သလို စာမေးပွဲဆိုတာ မိဘအမွေမှ မဟုတ်လေပဲ၊ ကိုယ့်ကြိုးစားမှု၊ အားထုတ်မှု၊ ဉာဏ်ပညာနဲ့လဲဆိုင်လေတော့ ကျရှုံးတဲ့တပည့်တွေလဲ ဘာမှ စိတ်အားမငယ်ကြပဲ ဆက်လက် ကြိုးစားနေကြဘို့ ....... မိန့်ချွေတော်မူလေ၏။

အဲဒီဆရာတော်ရဲ့ သြ၀ါဒတိုလေးဟာဖြင့် အရှင်ရဲ့ ဘ၀တစ်သက်တာအတွက် မှာတမ်းလေးတစ်ခုလို့ ရင်ထဲမှာ စွဲနစ်လို့နေခဲ့ပေါ့။ စာသင်သားတစ်ပါးရဲ့ဘ၀အတိုင်း နေရာဒေသစုံမှာကျင်လည်သွားလာ ပညာဆည်းပူး နေရလေတော့ “ ခေါက်ရှာငှက်ပျံ ခင်ပုတ်ပျံသို့ နိမ့်ပြန်မြင့်ပြန် လောကဓံ” ဆိုတဲ့အတိုင်း ကျရှုံးမှု အောင်မြင်မှု တွေကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခံစားရလေတော့၊ ငယ်စဉ်က ဆရာတော်မိန့်မှာချက်လေးကို သတိယ အောက်မေ့မိရင်ဖြင့် အရာအားလုံးကို ရင်ဆိုင်ဖြတ်ကျော်ရဲတဲ့သတ္တိတွေရှိလာတယ်ပေါ့။
“ဘယ်အရာမဆို ကိုယ်နဲ့ထိုက်မှ ကိုယ်ရနိုင်တယ်.. အတင်းလုပ်ယူလို့လဲမရ၊ ဖန်းတီးယူလို့လဲမရ” ဆိုတာကိုလေ။ ဒါပေမဲ့ ထိုက်တန်ဘို့ဆိုတာတော့ ထိုင်စောင့်နေဘို့မလိုပါဘူး၊ ကိုယ့်လျှောက်ရမဲ့ခရီးကို ဆက်လျှောက်နေဖို့လဲလိုတာပေါ့။ လမ်းဆုံးရင်တော့ရွာတွေ့မှာပဲလေ။

ငယ်စဉ်က ပညာသင်ကြားပေးခဲ့၊ သြ၀ါဒကထာတို့ဖြင့် လမ်းညွှန်ပဲ့ပြင် ထိန်းမက်ပေးခဲ့သော ဆရာသမားကို ဂါရ၀ပြုလျှက်။