Thursday, May 6, 2010

ကျွန်တော် ချာလီချက်ပလင်ပါ



တစ်နေ့ စိတ်ကုဆရာဝန်ထံသို့ လူနာတစ်ဦးရောက်လာ၏။

လူနာ။ ။ “ဆရာ ကျွန်တော် အခုတစ်လောစိတ်မရွှင်ဘူး ဖြစ်နေတယ် ဘယ်လိုလုပ်သင့်သလဲ”
ဆရာဝန်။ ။ “ ခင်များမှာ စိတ်ဖိစီးမှုတွေများနေတယ် ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ချာလီချက်ပလင်ရဲ့ ဟာသရှိုးကို သွားကြည့်သင့်တယ်”

ဆရာဝန်မှအကြံပြုခြင်းဖြစ်၏။

လူနာ။ ။ “ ကျွန်တော်ဟာ ချာလီချက်ပလင်ပါပဲဆရာ” တဲ့။

ဆရာဝန်ဘာပြောရမှန်းပင်မသိတော့ပေ။

ဟုတ်သည် ဘ၀မှာ စိတ်ညစ်စရာမရှိတဲ့လူဟူ၍ မရှိ။ ငယ်စဉ်ကတည်းက စိတ်ညစ်စရာကို တက်နိုင်သမျှရှောင်ပြီး စိတ်ရှင်းရှင်းဖြစ်အောင် နေထိုင်နိုင်ဘို့ ကြိုးစားခဲ့ဖူး၏။ ပတ်ဝန်းကျင်ကို ရယ်စရာများဖြင့် ပျော်ရွှင်စေခဲ့ဖူး၏။ အထူးသဖြင့်ရင်းနီးနေတဲ့ သူတွေနဲ့ဆိုရင် ခပ်ပျော်ပျော်နေခဲ့မိ၍ အလေးအနက်မထားတက်သူ ဟူ၍ပင် တံဆိပ်ကပ်ခံရဖူး၏။ အနေများတော့ နားလည်သွားကြသည်သာဖြစ်၏။

မြန်မာပြည် မိမိနေထိုင်ရာကျောင်းမှာဆိုလျှင် စာသင်ပေးစဉ်ဖြစ်စေ၊ ဦးဇင်းကိုရင်တွေနဲ့ စကားပြောလျှင်ဖြစ်စေ ပျော်ရွှင်စရာလေးများရှာကြံ ပြောပြလေ့ရှိ၏။ ကိုယ့်ထက်ဖန်တီးမှုသာတဲ့သူဆိုလျှင် နားထောင်၍ပျော်၏။ ဘယ်လောက်ပင် စိတ်ညစ်နေပါစေ ပျော်ပျော်နေတက်၊ ပျော်အောင်လုပ်တက်လွန်း၍ “ဦးဇင်းက စိတ်မဆိုးတက်၊ စိတ်မညစ် တက်ဘူးလား၊ ဦးဇင်းလိုဖြစ်ချင်လိုက်တာ ” တဲ့။ အမေးခံရဖူး၏။ ဆရာတော်မှလည်း လူကြီးလိုမနေပဲ လူငယ်တွေ (တကယ်တော့ လူကြီးစစ်စစ်မဟုတ်သေး၊ ကျောင်းမှာတော့ ဦးဇင်းငယ်၊ ကိုရင်ငယ်များကို အုပ်ချုပ်ရသည့်အတွက် လူကြီးဟုပြောခြင်းပင်)နဲ့ တစ်ရုံးရုံးရယ်မောနေတော့ ခဏခဏဆူခဲ့ဖူး၏။ တာဝန်နဲ့ ၀တ္တရား ပျက်လောက်အောင်တော့လဲ မဖြစ်ပေဘူးကို။ စိတ်ဆိုးညစ်တယ်၊ စိတ်ဆိုးတယ်ဆိုတာ ဖြစ်တော့ ဖြစ်တာပဲ ဖျောက်ပစ်ရတာပဲလေ၊ အဲဒါကြီးကို သိမ်းထားလို့လဲ အကျိုးမှ မရှိတာပဲကိုး။

ဘ၀ကို ပင်လယ်ခရီးသွားလှေလိုသဘောထားပြီး အရပ်ရှစ်မျက်နှာမှ ရိုက်ခတ်လာမည့် လှိုင်းတွေဆိုတာရှိမည်။ လှိုင်းရိုက်ချက်ကြောင့် ရေတို့သည် ကျော်သွားတာရှိသလို၊ လှေထဲဝင်လာ တာလဲရှိမည်ပင်။ လှေထဲ ၀င်လာတဲ့ရေကို ချက်ချင်း ပတ်မထုတ်ပဲ ထိုင်စိတ်ညစ်နေလို့ကတော့ လှေနစ်ဖို့ပဲရှိ၏။ ရေပတ်ထုတ်ပြီးမှာ နောက်ထပ်လာမည့် လှိုင်းကို လှေဦးနဲ့ ရင်ဆိုင်မှာလား ဘယ်လိုရင်ဆိုင်သင့်သလဲ စဉ်းစားဖို့ပင်ဖြစ်၏။

လူ့ဘ၀ဟူသည်လည်း ဤသို့ပင်၊ ကိုယ့်ပယောဂကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ကြောင့်ပင် ဖြစ်စေ လောကဓံ သဘာဝအရ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာ၊ စိတ်ဆင်းရဲစရာတို့သည် လူတိုင်းတွေ့ကြုံရမည်မှာ အမှန်ပင်ဖြစ်၏။ ပေါ့ပေါ့ပါးပါး ရင်ဆိုင်တက်လျှင်တော့ စိတ်တွင်းမှာ လှိုင်းတို့ရေရှည်မတည်နိုင်ပေ။

“ပျော်ပျော်နေသေခဲ၊ မော်တော်နေရေထဲ” ဆိုတဲ့ စကားလေးအတိုင်းပင် နေတက်အောင်ကြိုးစားခဲ့မိ၏။ ပေါ့ပါးခြင်းနှင့် ပေါ့ပေါ့နေခြင်းသည် ကွာ၏။ စိုးရိမ်မဲ့၊ ကြောင့်ကြမဲ့၊ စည်းကမ်းမဲ့ မဲ့သုံးမဲ့ကိုရှောင်ရမည်ဟု ဆုံးမစကားလေးကိုတော့ ငယ်စဉ်က ဖတ်မှတ်ဖူးခဲ့၏။ ပျော်ပျော်နေမိသည့်အတွက် ထိုစာရင်းထဲ သွင်းကြတယ်ဆိုလျှင်တော့လဲ မတက်နိုင်ပေ။ အဲဒီလောက်အထိတော့ ပေါ့ပျက်ပျက်မနေခဲ့ဖူးပေ။ လောဘ ဒေါသကင်းနေသည်တော့မဟုတ်၊ လောဘလဲရှိ၏၊ ဒေါသလဲရှိ၏။ အသေးအဖွဲကိစ္စလေးတွေကို စိတ်ဆိုး၊ စိတ်ညစ်မှုကင်းခြင်းပင်။ ဖြစ်စဉ်ခဏတော့ ခံစားရသည်ရှိမည်။ နောက်တော့ ခပ်ပေါ့ပေါ့ဖြင့် ဖျောက်ပစ်နိုင် လိုက်သည်သာ။

ပျော်တက်ပါသည်။ စိတ်ညစ်စရာမရှိလို့တော့မထင်လိုက်ပါနှင့်လေ။ ချာလီချက်ပလင် လိုပင် ပြောလိုက်ရပေ တော့အံ့.. “ကျွန်တော်က ချာလီချက်ပလင်ပါ” လို့။

ထာဝရပျော်ရွှင်နိုင်ကြသူများဖြစ်ကြပါစေ.......

No comments:

Post a Comment