Friday, August 27, 2010

ဖြစ်ချင်ခြင်းများကို နောက်ယောင်ခံကြည့်ခြင်း



လူတိုင်းပင် ငယ်စဉ်ဘ၀ကတည်းကနေပြီး ယခုအချိန်အထိ ပစ္စည်းအဆန်းလေးတွကို သုံးခဲ့ဖူးပေလိမ့်မည်။ ကျောင်းနေရွယ်မှာ လွယ်အိပ်သစ်၊ ကွန်ဘက်ဗူးအသစ်၊ စတဲ့ အသစ်အဆန်းလေးတွေကို မက်မောတက်တာ သဘာဝပင်။ မိမိငယ်စဉ်က ပစ္စည်းတစ်မျိုးကို ဟောင်းနွမ်းသွားလျှင် မသုံးချင်တော့ပေ။ တောရွာလေးမှာ မွေးခဲ့တဲ့ မိမိအတွက်တော့ မြို့ကြီးပြကြီးတွေမှာလို့ လိုသလိုလဲလှည် သုံးစွဲခွင့်မရှိခဲ့ရှာပေ။ ပေတေ၊ ဟောင်းနွမ်းနေပေမဲ့ အဟောင်းလေးကိုပဲ တ၀ဲလည်လည်သုံးခဲ့ရသည်သာ။

ဟောင်းနွမ်းသွားလျှင် စိတ်ကိုက မသုံးချင် မကိုင်ချင်တော့ပေ။ သဘာဝပေပဲလားတော့မသိ။ ငယ်စဉ် ကလေးဘ၀က ကျောင်းလွယ်အိပ်ကို အသစ်လဲပေးဖို့ ပူဆာတော့ ရိုက်ခံရသည်ကို သတိရမိ၏။ နေ့စဉ်နားပူ နားဆာလုပ်တော့ မိဘတွေလဲ သည်းခံနိုင်ပုံ မရတော့။ အရိုက်ခံဒါဏ်ချက်သည်သာ မိမိအတွက် ဆုလာဒ်ဖြစ်ခဲ့၏။ ဒီလောက်တော့ လဲမပေးချင်တဲ့ မိဘတွေကို စိတ်ညစ်ညစ်နဲ့ မိဘအသစ်နဲ့များလဲ ပစ်လို့ရရင် ဘယ်လောက် ကောင်းလေမလဲဟု စဉ်းစားဖူးခဲ့၏။ သူတို့ကကိုယ့်ကို ခဏခဏရိုက် အပြစ်ပေးနေတော့ ကိုယ့်စိတ်ထဲမှာ ကြာလာတာနဲ့အမျှ ထိုမိဘတို့သည် ဟောင်းနွမ်းနေသည်ဟု ခံစားမိ၏။ မိဘတွေများသိရင် ငမိုက်သားတစ်ယောက်ကို မွေးထားမိပါလားလို့ နောင်တတရားရနေမလား မသိပေ။ မဖြစ်နိုင်တဲ့ အသစ်ကိုမှ လိုချင်မိခဲ့ဖူးသည်။

စာသင်သားဘ၀မှာတော့ စိတ်ကို တစ်မျိုးတစ်ဖုံပြောင်းလဲပစ်နိုင်ခဲ့၏။ မိမိကိုင်ဆောင်ရသော စာအုပ်တွင် မှတ်စုတေးမှတ်ခြင်း၊ အဓိပ္ပါယ်မှတ်သားခြင်း စသဖြင့် စာမေးပွဲနှစ်သက်ဆိုင်သော အရာမှန်သမျှကို မှတ်သားထားလေတော့ ခဲခြစ်ရာ ပရဗွနှစ် စာအုပ်ဟောင်းလေးသည် စာသင်သားဘ၀တစ်လျှောက် မိတ်ဆွေ စစ်စစ်ဖြစ်ခဲ့၏။ ဆင်ခြင်မိသည်ကား အသစ်တိုင်းလဲ မကောင်းဟူ၍ပင်။ မိမိကိုင်ဆောင်နေကြ ထိုစာအုပ် ဟောင်းလေးကို အသစ်တစ်ရာနှင့် မလဲနိုင်ပေ။ ဒါပေမဲ့ အသစ်ကို မြတ်နိုးတဲ့ စိတ်ကတော့ ပျောက်မသွား သေးပေ။ တွေ့လာမြင်လာရရင် စိတ်ဝင်စားတက်သေး၏။

ယခုလဲ ဒီလိုပင်.. ဟန်းစက်လေး၊ ကွန်ပျူတာလေးတွေကို ဟောင်းနွမ်းသွားလျှင် မကိုင်ချင်တော့၊ အသစ်လေးဝယ်လိုက်ရ ကောင်းမလား၊ ဈေးကြီးကြီးပေးရတာလေးကိုလဲ မတန်တရာ နှစ်သတ်မိပြန်ရော။ ဒီနေ့ခေတ်ကြီးထဲမှာတော့ အသစ်အသစ် တို့သည် လိုက်၍ မနိုင်အောင် တစ်နေ့ထက် တစ်နေ့ ပေါ်နေပေသည်။ လိုက်လဲဆုံးမည်တော့ မဟုတ်၊ ဒီနေ့ဝယ်လိုက်တဲ့ ပစ္စည်း နောက်နေ့ ဒိတ်အောက် သွားသည်နှင့် လွင့်ပစ်ချင်စိတ်ပေါက်သွား၏။ အသစ်အသစ်ဝယ်ဖို့ကလည်း မလွယ် ဈေးတွေက သုဒ္ဓ၀ါသ ဗြဟ္မာပြည် ရောက်နေသည်။

ဒါကတော့ ပစ္စည်းအပေါ်မှာ ပြောင်းလဲ နှစ်သက်မြတ်နိုးမိလို့ တော်သေး၏။ အိမ်ထောင်သက် ကြာလာတဲ့ တစ်ချို့တစ်ချို့ ဒကာများလို အသစ်အသစ် (စမော)လေးတွေကို လိုက်ပြီးနှစ်သက် မြတ်နိုးနေလျှင်တော့ ကောင်းသည်ဟု မဆိုသာပေ။ ကိုယ်တော်က မကောင်းဘူးပြောရအောင် ဘာသိလို့လဲဟု အပြစ်တင်လျှင်လဲ ခံရတော့မည်သာ။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့လဲ ဒီလိုစိတ်ဖြစ်ဖူးသည်သာ၊ ကြော်ငြာမှာလာလာနေတဲ့ မင်းသမီးပေါက်စ လေးတွေဆိုလျှင် စစခြင်းတော့ ကြည့်ကောင်းသလိုပင်၊ သူ့ထက်ငယ်တာ လှတာပေါ်လာ တော့လဲ သူလဲ သိပ်ကြည့်ပျော် ရှုပျော်မရှိတော့ပေ။ ဒါကတော့ အာရုံခံစားမှုနှင့်ပတ်သက်တဲ့ မြတ်နိုးမှုပါ။ အော် အသစ် အသစ်။

အိမ်မှာရှိနေတဲ့ ဇနီးကို ဟောင်းသွားပြီဟု ထင်ပြီးတော့ ပစ်ပယ်လိုက်လျှင်တော့ မကောင်းပေ။ အဲဒီအရာသည် ဘယ်လောက် ဟောင်းဟောင်း ကောင်းနေတဲ့ ပါရမီဖြည့်ဖတ်ပါ။ စကားမစပ် ထိုကိစ္စသည် ကားမောင်းသလို ပြုမူရသည်ဟုတော့ ကြားဖူးသည် ကားမောင်းလျှင် ဂီယာတွေ ဘယ်လောက်ချိန်းချိန်း အချိန်တန်လျှင်တော့ နံပါတ်ဝမ်း ဂီယာလေးကို ပြန်ရောက်ရသည်တဲ့၊ ဘယ်လောက် အသစ်နောက်လိုက်လိုက် ၀မ်းဂီယာလေးကို ပြန်ထိုးဖို့တော့ မမေ့သင့်ပေ။ ၀မ်းဂီယာလေးကို မေ့လျှင်တော့ စလစ်ဖြစ်နိုင်သည်ဟု ကြားဖူးသည်။ အသစ်အသစ်နောက် လိုက်တက်တဲ့ ဒကားများ၏ ဇနီးများသည် ၀မ်းဂီယာနှင့်တူသည်ဟု ဖတ်ဖူး၏။ အသစ်အသစ်ကို မြတ်နိုးတက်တဲ့ ကားမောင်းသမား ဒကာများကို မြှောက်ပေးသည် တော့မဟုတ်ပေ။ အသစ် အသစ်ဆိုတဲ့ စကားနဲ့စပ်၍ ဇာချဲ့နေမိခြင်းပါ။ (ဤကား စကားချပ်)။

အဟောင်းသည် တစ်ခါတရံ ဖတ်တွယ်ထားလို့ကောင်းသလို အသစ်ပြောင်းလဲဖို့ လိုအပ်လာလျှင်လဲ ပြောင်းလဲမှုကို လက်ခံရပေမည်။ ဥပမာ.. မကောင်းတဲ့ အယူအဆ ဟောင်းတွေ၊ ခေတ်နောက်ကျ ကျန်ခဲ့တဲ့ အတွေးအခေါ် ဟောင်းတို့ကို ပြောင်းပစ်နိုင်လျှင်တော့ အကျိုးများပေမည်။ ကောင်းမွန်တဲ့စရိုက်၊ ကောင်းမွန်တဲ့ဝန်းကျင် စတာတွေကိုတော့ ဒီအတိုင်း လက်ခံနှစ်သက် နေနိုင်သည်။ အသစ်ဟူသည် လိုချင်တပ်မက်တိုင်း ကောင်းသည်တော့ မဟုတ်ပေ။ ဒီနေ့ ရှင်သစ္စာမှာ လောဘ၊ ဒေါသ စတဲ့ အကုသိုလ်တရားတွေနဲ့ ဖြစ်နေလျှင် နောက်နေ့ ထိုမကောင်းတဲ့ အရာတွေကို အသစ်ဖြစ်တဲ့ ကုသိုလ်တရားနှင့် ပြောင်းလဲ ပစ်လျှင်တော့ ကောင်းပေလိမ့်မည်။ အကုသိုလ်တရားတွေ ထို့ထက်တိုးပွားအောင် အဟောင်းကြီးကို ဖတ်တွဲမထား သင့်ဘူးပေါ့။

ဖြစ်သင့်တာကတော့ အသစ်ကို ပြောင်းလဲဖို့လိုအပ်လျှင် ရဲရဲကြီးပြောင်းလဲရဲရပေမည်။ ဘာသာအတွက်၊ တိုင်းပြည်အတွက်၊ လူမျိုးစုမှသည် ကမ္ဘာလောကသားအားလုံးအတွက် အကျိုးမရှိတော့ဘူး ထင်လျှင် ထိုအဟောင်းတို့ကို ဖတ်တွယ်မနေပဲ စွန့်ပစ်ရပေမည်။ လူသမိုင်းတိုးတက် ပြောင်းလဲလာသည်မှာလဲ မကောင်းတော့တဲ့ အဟောင်းတွေကို စွန့်ပစ်၊ ကောင်းမွန်တဲ့အရာတွေကို အတုယူပြီး ပုံဖော်ဖန်တီးခဲ့ကြခြင်းပင် ဖြစ်လိမ့်မည်။


သတ္တာနံ ဟိ န၀ န၀ မေ၀ ပီယံ ဟောတိ။
(ပုဂ္ဂိုလ်) သတ္တ၀ါမည်သည်ကား အသစ် အသစ်ကိုသာလျှင် မြတ်နိုးတတ်၏။

လိုအပ်လျှင် ကောင်းသော အတွေးသစ်၊ အပြုအမူသစ် စတဲ့ အသစ်အသစ်ကို ပြောင်းလဲနိုင်ကြပါစေ၊


Wednesday, August 25, 2010

ဖြစ်ချင်ခြင်း အိပ်မက်များ




သတ္တာနံ ဟိ န၀ န၀ မေ၀ ပီယံ ဟောတိ။
(ပုဂ္ဂိုလ်) သတ္တ၀ါမည်သည်ကား အသစ် အသစ်ကိုသာလျှင် မြတ်နိုးတတ်၏။

စာချတန်းစာဝါလိုက်စဉ်က စာချဆရာတော်ပြောပြလို့ ကြားနာခဲ့ရတဲ့ စာသားလေးပါ။ ဆရာကတော့ ကျမ်းညွှန်း၊ စာမျက်နှာ အတိအကျနဲ့ ပြောပြတာပါပဲ။ ကိုယ်တိုင်က မှတ်ဉာဏ် မကောင်းလို့ မေ့နေတာ။ ဒါကလဲ အားနည်းချက် တစ်ခုပေပဲ။ ဆရာကတော့ မင်းတို့လဲ စိတ်ကို ဘာဖြစ်ချင်တယ်ဆိုတာ စီစစ်ဆုံးဖြတ် ပြီးရင် ဖြစ်အောင်လုပ်လို့တော့ သြ၀ါဒပေးခဲ့တာပဲ။

ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိတော့ ငယ်စဉ်ကတည်းက ဖြစ်ချင်တာတွေ လုပ်ချင်တာတွေက အများသားပင်။ စိတ်ထဲမှာ ထင်ရာမြင်ရာကို ဖြစ်ချင်လုပ်ချင်စိတ်တို့ ဖြစ်ခဲ့ဖူးပြီ။ ဥပမာ။ ငယ်စဉ်ကလေးဘ၀က ကြည့်ခဲ့ဖူးတဲ့ ရာဇ၀င်ဇာတ်ကားတွေမှာ ဘုရင့်သားတော် မင်းသားလေးတွေဟာ အထိန်းတော် အချော့တော်တွေနဲ့ မုန့်ချိန်တန်ရင်မုန့်၊ ကစားချိန်တန်ရင် ကစား သူတို့ဘ၀မှာ (ရုပ်ရှင်သဘာဝအတိုင်း) ခန်းခန်းနားနား အဆင်ပြေပြေ နေတာကို တွေ့ရတော့ သူတို့လိုဖြစ်ရင် ငါလဲ မုန့်စားရမှာပဲဆိုတဲ့ အတွေးနဲ့ မင်းသားငယ် ဖြစ်ချင်မိပြန်ရော။ ဒီလိုနဲ့ ကလေးဘ၀မှာ အားကျစရာတွေ့ မြင်လေတိုင်း စိတ်ကူးနဲ့ ဖြစ်ကြည့်ခဲ့တာလဲ အခါခါပင်။

အဓိကပြောပြချင်တာကတော့ ပေါ်ပင်အရ ဖြစ်ချင်ခြင်းသာဖြစ်ပြီး၊ တကယ်ကြိုးစားအားထုတ်ဖို့ စိတ်မပါတော့ ဖြစ်ချင်ခြင်းတို့သည် စိတ်ကူးအဖြစ်သာ ပေါ်လာခဲ့ပြီး အငွေ့အဖြစ် ပျောက်ပျက်သွားသည်သာ။ အညာမြို့လေး တစ်မြို့မှာ စာသင်သားဘ၀စတင်တော့ ဆရာ့ဆရာတွေ ပြောပြောနေတဲ့ ဘယ်ဆရာတော်ကတော့ စာဘယ်လိုတော်တာ ဘာဘွဲ့ထူး ဂုဏ်ထူးတွေ ရတာစသဖြင့် ကြားရဖန်များတော့ ထုံးစံအတိုင်း မတန်ရာကို ဖြစ်ချင်မိပြန်ရော။ ဆရာတွေကတော့ ထောပနာပြုလေရဲ့.. ရပါလိမ့်မယ် အဘိဝံသ၊ ရပါလိမ့်မယ် သာမဏေကျော်၊ ရပါလိမ့်မယ် ဂုဏ်ထူး၊ နင်လို စိတ်ရူးပေါက်မှ ထလုပ်တက်တဲ့ ၀ီရိယမျိုးနဲ့တော့ တဲ့။ ဟုတ်လဲဟုတ်ပေမည်။ သူများတွေဖြစ်နေလို့ ဖြစ်ချင်တာပဲသိသည် တကယ်စိတ်ထဲက အားကျိုးမာန်တက် ကြိုးစားလိုက်မည် ဟူသော အတွေးသည် စိုးစဉ်းမျှပင်မရှိခဲ့။ အပျင်းမှာတော့ ချန်ပီယံတွင် လောက်သည်သာ။

ဒါတင်လားဆိုတော့ မဟုတ်သေးပေ။ ဘောလုံးအကြောင်း စာစောင်တွေ ဖတ်တော့ ဘောလုံးသမားက ဖြစ်လိုက်ချင်သေးသည်။ ရိုးရိုးတော့မဟုတ် ကမ္ဘာကျော်ဘောလုံးသမား။ ကွင်းထဲမှာတော့ ဘောလုံးကို တည့်အောင်ကန်တက်ဖို့ မပြောနဲ့ အပင်ပန်းမခံနိုင်တာနဲ့ပဲ ဘောလုံးပွဲဆို အတန်းကျောင်းသားဘ၀မှာ အရွေးခံရတာတောင် ဝေးဝေးရှောင်ခဲ့၏။ သူများကန်ကြတာကိုတော့ အားပေးတက်၏။ ကိုယ်မှ မပင်ပန်းတာကိုး။

သိုင်းစာအုပ်တွေ၊ သိုင်းကားတွေကြည့်မိတော့လဲ သူတို့လိုဖြစ်ချင်မိပြန်၏။ မှတ်မှတ်ရရ စာသင်တိုက်မှာ စာချဆရာတော်များကို နွေကျောင်းပိတ်ရက်တစ်ခုမှာ မိမိမွေးရပ်ကို အလည်ပင့်သွားဖူး၏။ ကိုယ့်အရပ်မှာ နာမည်ကြီးတဲ့ ရှင်မတောင်ဆိုတာကို သူတို့တက်ကြည့်ချင်၊ ရောက်ဖူးချင်သည်ဆိုတော့ စားစရာသောက်စရာ (ဆွမ်းကိစ္စ) စုံအောင်စီစဉ်ပြီးလိုက်ပို့ဖြစ်၏။ တကယ့်တောင်တက် သမားကြီးများလို ဂိုက်ဖမ်းတဲ့သူက ဖမ်း၊ တောကစား ထွက်ဟန် ပြုတဲ့သူကပြုနဲ့ သူငယ်ချင်းတစ်စုလဲ ပါ၏။ ကိုယ်ကတော့ သိုင်းရူးရူးသူဆိုတော့ တောင်တက်လမ်းမှာ တွေ့တဲ့လှိုင်ဂူတိုင်းကို ၀င်ဝင်ကြည့်ဖြစ်၏။ မင်းဘာဝင်ကြည့်တာလဲဟူသော စာချဆရာ၏ အမေးကို တပည့်တော် သိုင်းကျမ်းများတွေ့မလားလို့ ၀င်ကြည့်မိကြောင်း ဖြေလိုက်တော့၊ ...........မသား၊ သိုင်းကျမ်းတော့တွေ့မှာ မဟုတ်ဘူး မြွေကိုက်လို့သေနေမှ ဟုတ်ပေ့ ဖြစ်နေမယ်ဟု ကြိမ်းမောင်ခံရဖူး၏။ မျက်နှာတစ်ဘက်သို့ လှည့်၍ တော်တော် ရူးတဲ့ကောင်ဟု မှတ်ချက်ပြုရင်း ပြုံးနေသည်ကိုတော့ မသိဟန်ဆောင်နေလိုက်မိသည်။

ဆရာတော်မှ မေးဖူး၏ မင်းဘာဝါသနာပါလဲတဲ့။ ဟိုစပ်စပ်ဒီစပ်စပ် အစုံလုပ်နေတော့ တစ်ခုခုကို အာရုံစိုက်ဇောက်ချ လုပ်စေချင်သည့်သဘောပင်။ စာအုပ်လဲ(ပြဋ္ဌာန်းစာအုပ်ကလွဲလို့) ဖတ်လိုက်သည်၊ ကျောင်းမှာ အလှူရှင်ကမ္ဗည်း လာလာရေးပေးတဲ့ ပန်းချီဆရာနဲ့တွေ့တော့လဲ စာအုပ်ထဲမှာတောင် ခြစ်မြောက်ခြစ် လုပ်တော့သည်၊ ဗိန္ဓောဆရာနဲ့တွေ့တော့လဲ ဆေးအကြောင်းတွေ လေ့လာလိုက်သေးသည်၊ သူများတွေ တရားဟောဓမ္မကထိက အဖြစ်အောင်မြင်နေတော့လဲ ကိုယ့်အသံကိုယ်မှ အားမနာ ကိုယ်လဲဖြစ်လိုက်ချင် သေးတော့ သည်သာ။ တကယ်ရင်ထဲ အသည်းထဲက ဖြစ်ချင်စိတ်မပါတော့ ၀ီရိယလဲ အိပ်ပျော်နေတော့သည်။ ဘယ်အရာကိုမှ ဖြစ်မြောက်အောင် လုပ်ဖို့တော့ မတက်နိုင်ခဲ့ပေ။ အသစ်အသစ်ကိုသာ မြတ်နိုးမိတဲ့ သတ္တ၀ါစစ်စစ် ဖြစ်နေတော့သည်။ တပည့်တော် ကောင်းတာမှန်သမျှ ၀ါသနာပါပါတယ်ဘုရား ဟုသာ ဖြေလိုက်မိတော့သည်။

အခုလဲကြည့်တော့ သူများတွေ ဘလော့ဂါဆိုတော့ ကိုယ်လဲ လော့ဂ်ချင်မိသေး၏။ ဒီလိုနဲ့ စပြီးကတည်းက ရေးမိရေးရာတွေရေးရင်း အခုဆိုနားထားတာ အတော်ပင်ကြာပေပြီ။ ဓမ္မဂင်္ဂါကြီး အတင်းခိုင်းလို့ ဟာသာ စာစုလေးကို ဘာသာပြန်နေ၍ တော်သေးသည်။ အင်္ဂလိပ်ဘာသာပြန်ဖို့ လေ့ကျင့်ပြီးသား ဖြစ်သွားလိမ့်မယ် အဲဒါလေးတွေပြန်ကြည့်ကွာတဲ့။ သူကစေတနာနဲ့ ခိုင်းခြင်းပင်။ မစ္စတာပါရဂူကတော့ ဘလော့ဂ်စဖွင့် ကတည်းက ကူညီပေး လမ်းပြပေးတဲ့ သူပင်။ တစ်နေ့တော့ သူကမေး၏ မင်းဘာတွေ ရေးနေလဲတဲ့၊ ရေးစရာမရှိတော့ မရေးတာကြာပီလို့။ ......ရှိးတဲ့မှပဲ အလေ့အကျင့်ရအောင် ဖတ်မိ၊ တွေးမိတာ လေးတွေရေးပေါ့ကွတဲ့။

ဓမ္မဂင်္ဂါ၊ မစ္စတာပါရဂူတို့၏ အားပေးမှုအရ.. ကိုယ့်အကြောင်းကိုပြန်ပြောပြရင်း.. ဟိုစပ်စပ်ဒီစပ်စပ် အသစ်အသစ် တွေကိုသာ လိုက်နေမိတဲ့ သတ္တ၀ါစစ်စစ်ဖြစ်ပါကြောင်း။

(စိတ်ကို ဧကဂ္ဂတာကျအောင် စုစည်းပြီး ဖြစ်ချင်တာမှန်သမျှဖြစ်နိုင်ကြပါစေ)


Saturday, August 21, 2010

ဘယ်လိုသိလဲ


ဘယ်လိုသိလဲ

သား။ ။ အဖေ၊ ရုံးမှာဘာလုပ်ရလဲ။

အဖေ။ ။ ဘာမှ မလုပ်ဘူး။

သား။ ။ ဒါဆို အဖေ အလုပ်ပြီးတယ်လို့ ဘယ်လိုသိလဲ။


ပြန်လှည့်မယ်

ဒရိုက်ဘာ။ ။ ကားက ရှေ့ဆက်သွားလို့မရတော့ဘူး၊ ဆီပျက်သွားပြီ။

ပိုင်ရှင်။ ။ ဒါဆို အိမ်ကိုပဲပြန်မောင်းတော့။


မပို့နဲ့ပေါ့

အမေ။ ။ ဒုက္ခတွေနဲ့ ကင်းအောင်နေပါ ငါ့သား။

သား။ ။ ဒါဆို ဘာဖြစ်လို့ သားကို ကျောင်းကိုပို့သေးလဲ အမေ။


ပြောပြမိလို့

ရာဂျိဗ်။ ။ မင်း ရီတုကို လက်ထပ်ချင်ခဲ့တယ် မဟုတ်လား။

ဆန်ဂျီဗ်။ ။ ဟုတ်ပါတယ်၊ ဒါပေမဲ့ သူက သူဌေးတစ်ယောက်ကို စိတ်ဝင်စားခဲ့တာလေ။

ရာဂျိဗ်။ ။ မင်းက သန်းပေါင်းများစွာချမ်းသာတဲ့ ဦးလေးတစ်ယောက်ရဲ့ တူဆိုတာ ဘာလို့ သူ့ကို ပြောမပြခဲ့လဲကွာ။

ဆန်ဂျိဗ်။ ။ ပြောပြခဲ့မိတာ ငါ့ရဲ့အမှားပဲ၊ အခု သူက ငါ့ရဲ့အန်တီဖြစ်နေပြီလေ။


သူတို့ကိုကြည့်

ဆရာ။ ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်က မျက်လုံးကို ဘယ်လိုအကျိုးပြုတယ်ဆိုတာကို မင်းဘယ်လို သက်သေပြနိုင်မလဲ။

ကျောင်းသား။ ။ မျက်မှန်တပ်ရတယ်ဆိုတဲ့ နွားနဲ့ ဆိတ်ကို ဘယ်သူမှ မမြင်ဘူးသေးပါဘူး ဆရာ။


Sunday, August 15, 2010

အိပ်မပျော်လို့



အိပ်မပျော်လို့

အေ။ ။ မင်း အစိုးရအလုပ်ကို ဘာလို့ လုပ်ချင်ရတာလဲ။

ဘီ။ ။ မိန်းမနဲ့ ကလေးတွေကြောင့် အိမ်မှာ အိပ်မပျော်လို့။



ဂေါ်မစွံ

ရာဝိ။ ။ ငါတို့ ကောလိပ်မှာ လက်မထပ်ချင်တဲ့ ကောင်မလေးတွေများတယ်ကွ။

ဆန်ဂျေး။ ။ မင်းဘယ်လိုသိလဲ။


ရာဝိ။ ။ သူတို့ထဲက အများကြီးကို ငါလိုက်ပြောဖူးတယ်ကွ။



တူတူပဲ

ကလေးတစ်ယောက်သည် အရုပ်ရောင်းသောဆိုင်ထဲသို့ ကလေးကစားတဲ့ပိုက်ဆံယူပြီး လေယဉ်ပျံရုပ်ဝယ်ရန်ဝင်လာလေ၏။

အရောင်းစာရေး။ ။ မင်းပိုက်ဆံက အစစ်မှမဟုတ်တာ။

ကလေး။ ။ ဟုတ်၊ ကျနော်ကလဲ လေယဉ်ပျံအစစ်ကို မဆိုလိုပါဘူး။


သေတမ်းစာ

သား။ ။ အဖေ့ရဲ့ သေတမ်းစာထဲမှာ ဘာတွေရေးထားလဲ အဖေ။

အဖေ။ ။ ငါ့ရဲ့အကြွေးတွေကို ငါ့သားဆက်လိမ့်မယ်လို့ရေးထားတာပေါ့။


သူမသိဘူး

ဆရာဝန်။ ။ ဘာဖြစ်တာလဲ။

လူနာ။ ။ ခွေးကိုက်လို့ပါ။

ဆရာဝန်။ ။ ခုနှစ်နာရီကျော်ရင် လူနာမကြည့်ဘူးဆိုတာ မသိဘူးလား။

လူနာ။ ။ သိပါတယ်၊ ဒါပေမဲ့ ခွေးက အဲဒါကို မသိလို့ပါ။