Sunday, July 11, 2010

ကိုရီးယားဇာတ်လမ်းတွဲနှင့် မြန်မာလူငယ်များ



ဘုန်းဘုန်း ကျနော်လို့ လက်မှာစာရေးပါလား

ဘယ်လိုရေးရမှာလဲ

ဘရိတ်ဓားနဲ့ထွင်းရေးတာလေ၊ ဒီမှာကြည့် ဘုန်းဘုန်း ဘယ်လောက်မိုက်လဲ

အားပါးပါး၊ သေချာကြည့်မိတယ်။ လက်ဖျံကြွက်သားတွေပေါ်မှာ ဓားရာ ဗရပွနဲ့ အနားဖေးတွေတက်နေ လိုက်တာ။ သူ့ကောင်မလေးရဲ့ နာမည်ကို ရေးထွင်းထားတာတဲ့ ဂုဏ်ယူစွာပြောပြနေလေ၏။ သူမိဘများကို အခြေအနေပြောပြတော့ မိဘတွေကတော့ ဘာမှမပြောသာတဲ့ မျက်နှာလေးတွေနဲ့ မျက်ရည်ဝဲလို့။ သနားစရာ။

သူ့မိဘတွေက လိမ်မာရေးခြားရှိအောင်ဆိုပြီး မိမိနေထိုင်တဲ့ကျောင်းကို နွေကျောင်းပိတ်ရက်မှာ လာရောက်အပ်နှံထားတဲ့ ဆယ်တန်းကျောင်းသားလေးရဲ့ အဖြစ်ပါ။ နွေရာသီမှာ ကိုရင်ဝတ်ပြီး ဘုရားဝတ်ရွတ်စဉ်လေး၊ အခြေခံယဉ်ကျေးမှုလေးတွေကို သင်ကြားပေးလိုက်ရပေမဲ့ ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုရင်ပဲ သူဟာ ကျောင်းနဲ့ကျူရှင်တွေမှာပဲ အချိန်ကုန်စေပြီး တလွဲဆံပင် ကောင်းနေတဲ့ ခပ်ရူးရူး လူငယ်တသိုက်နဲ့ တွဲမိပြန်ရော။

ထိုမြို့ငယ်လေးမှာ ကြားမိသည်ကတော့ စိတ်ကြွဆေးဝါးကို လူငယ်တွေအတွက် လွယ်လွယ်ကူကူ ရနိုင်တယ်ဆိုတာပဲ။ နောက် ဆိုင်ကယ်တွေခေတ်စားလာတော့ ဆိုင်ကယ်တွေတစ်စီးစီနဲ့ လူမိုက်ယောင်ယောင် လမ်းသရဲ ယောင်ယောင် နိုင်ငံခြားကားထဲကအတိုင်း နေထိုင်ကြတဲ့ လူငယ်တွေရှိသည်တဲ့။ ဂိုဏ်းဖွဲ့ထားပြီး လူငယ်ချင်းချိန်းပြီး ရိုက်ပွဲဖြစ်ကြ၊ တက်တူးခေါ်တဲ့ ဆေးမင်ကြောင်ထိုးကြနဲ့ပေါ့။ စောစောက လူငယ်တို့ အဖွဲကတော့ ကျူရှင်တက်ရင်း ဆရာမလာခင် သူငယ်ချင်းတစု ဘရိတ်ဓားနဲ့ ကိုယ့်လက်တွေမှာ ကိုယ်ချစ်တဲ့ ကောင်မလေး တွေရဲ့နာမည် ရေးထိုးကြတယ်ဆိုပဲ။ အမှိုက်ခြင်းဆိုတာ သွေးရဲနေတဲ့ တစ်သျှူးတွေနဲ့ ပြည့်ရောတဲ့။ ကောင်းရော။

ယနေ့မြန်မာပြည်မှာ ကိုရီးယားဇာတ်ကားသည်ခေတ်အစားဆုံးဖြစ်လေ၏။ လူကြီးလူငယ်မရွေး စွဲလန်းအောင် လုပ်နိုင်စွမ်းရှိတဲ့ ဇာတ်ကားဆိုတော့ တီဗီအစီအစဉ်တွေဆိုရင် မပါမပြီးသလို စကားဝိုင်းတွေမှာဆိုရင်လဲ ဘယ်မင်းသား ဘယ်မင်းသမီးက ဘာဆိုတာတွေက ဆွေးနွေးပွဲ ခေါင်းစဉ်အဖြစ် နေရာယူလေ၏။ အရင်ကတော့ ဟောင်ကောင်က လာတဲ့သိုင်းကားကို လူတွေနှစ်ခြိုက်ကြပေမဲ့ ကိုရီးယားဇာတ်လမ်း တွေဝင်လာတော့ ဟောင်ကောင်ဇာတ်လမ်းတွေ နောက်ကိုရောက်ကုန်၏။ ကိုယ်တိုင်လဲ နှစ်ခြိုက်စွာကြည့်ဖူး၏။ တင်ပြပုံ ဇာတ်လမ်းဆင်ပုံကို ရိုးရိုးလေးနဲ့တန်ဆာဆင်ထားပြီး ပရိသတ်ကြိုက်အောင် စွမ်းဆောင်နိုင်တော့ မြန်မာပြည်မှာတင် မဟုတ် အာရှနိုင်ငံတော်တော်များများမှာ ပေါက်တယ်ဟု ဖတ်ဖူး၏။

ကောင်းပါတယ်.. အတုယူစရာတွေများတော့.. စကားပြောဟန်၊ သူတို့ရဲလူနေမှုစရိုက်က မြန်မာနဲ့ သိပ်မကွာလေတော့ အတုယူမယ်ဆိုရင် ယူစရာတွေက အများသားပဲ။ ဒဿနဆန်တဲ့ စကားလုံးလေးတွေ၊ နောက်သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဘ၀တက်လမ်းကို ကြိုးစားပြတဲ့ ဇာတ်ကွက်တွေကို အတုယူရင် ဘယ်လောက်များ ကောင်းလေမလဲ။ ပတ်ဝန်းကျင်းနဲ့ဆက်ဆံမှု၊ မိဘနဲ့သားသမီးဆံဆက်ရေး၊ နောက် ကိုယ့်အားကိုယ် ကိုးတက်တဲ့ သူတို့ရဲ့လူနေမှုပုံစံ စတာတွေဟာ တကယ့်ကိုကောင်းတဲ့ စရိုက်လေးတွေပဲ။ ဇာတ်ကားတော်တော် များများမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့ဇာတ်လမ်း တော်တော်ရှား၏။ အကယ်၍ ရှိခဲ့ရင်လဲ အဲဒီဒုက္ခတွေကို မီးမောင်းထိုးပြတဲ့ ဇာတ်းလမ်းမျိုးသာရှိပေလိမ့်မည်။ တကယ့်ကို အတုယူစရာ၊ လေ့လာစရာကောင်းတဲ့ ဇာတ်ကားတွေဖြစ်၏။

ခုတော့ ဇာတ်လမ်းထဲမှာ လမ်းသရဲစရိုက်၊ အုပ်စုဖွဲ့လူမိုက်လုပ်တဲ့စရိုက်၊ နောက် မင်းသမီးက မင်းသားကို ရည်းစားစကားစပြောတဲ့ စရိုက်လေးတွေကတော့ လူငယ်တွေအတုယူထားတာ မကောင်းဘူးထင်သည်။ (ကိုယ့်ကိုလာပြောရင်တော့လဲ ကောင်းသည်ဟု ပြန်ပြင် လက်ခံရပေလိမ့်မည်။ ခုတော့ ကိုယ့်ကို ရည်းစားစရားစလာပြောမဲ့ ကောင်မလေးလဲမရှိတော့ မကောင်းဘူးဟုပဲ ဇွတ်သတ်မှတ်လိုက်မယ်... ဟဲဟဲ) စောစောက လူငယ်ကပြောဖူးသည် ဆိုင်ကယ်ကို ဘီးထောင်ပီးစီးပြရမလား ဘုန်းဘုန်းတဲ့။ ကောင်းရော။ မင်းဟာမင်းစီးနိုင်ရင်လဲ အပြင်မှာစီးပါကွာ ငါ့ရှေ့မှာတော့ လာမစီးပြပါနဲ့။ မျက်စေ့နောက်လို့ပါလို့ ပြောလွတ်ရတယ်။ ကျောင်းစာကို စိတ်မ၀င်စားနိုင်ပဲ ဇာတ်ကောင်တွေလို အစွမ်းအစပြဖို့ပဲ သူတို့ ခေါင်းထဲမှာ ရှိနေသလားမသိ။ သူ့အရပ်နဲ့ သူ့ဇာတ်ကိုက်တာတော့ ကြည့်လို့ကောင်းပေမဲ့ အတုယူမှားပြီး အရူးထကြတာကတော့ မကောင်းပေ။ ထိုလူငယ်လေးသည် စာသင်နှစ် တစ်ဝက်လောက်ကို အလဟသတ် အချိန်ဖြုန်းပစ်လိုက်ပြီး ဆယ်တန်းအောင်စာရင်း ထွက်တော့ ပါမလာဟု ကြားသိရသည်။ စိတ်မကောင်းပေ။


အ၀တ်အစားကို ကိုယ့်ဝန်းကျင်နဲ့သင့်သလိုအတုယူ ကော်ပီးကူးဝတ်ကြ၊ နောက် သူတို့ ဇာတ်ကောင်စရိုက်တွေအတိုင်း (ကောင်းတဲ့ဘက်ကအတုယူပြီး) နေထိုင်ပြုမူ ပြောဆိုကြလျှင်တော့ လူငယ်တွေအတွက် တက်လမ်းရှိနိုင်ပေမည်။ အတုလဲယူစေချင်ပါသည်။ အခုလိုမျိုး ပေးချင်တာကတစ်မျိုး ယူနေတာက တစ်မျိုးဆိုလျှင်တော့ အနာဂတ်မြန်မာ လူငယ်တွေအတွက် ရင်လေးစရာအတိပင်။ ကိုရီးယားဇာတ်ကား တွေဝင်လာတာကို ကောင်းသောလာခြင်းဖြစ်အောင် လုပ်တက်ဘို့တော့လိုပေလိမ့်မည်ဟု ထင်မိသည်။


No comments:

Post a Comment