Friday, June 18, 2010

ဘောလုံးပွဲကပေးတဲ့ အမြင်


ခုရက်ပိုင်းတွင်းမှာ ဘာစာမှလဲမရေးဖြစ်ခဲ့ဘူး။ ဘာမှလဲရေရေရာရာ လုပ်စရာရှိနေခဲ့တာတော့ မဟုတ်၊ သူများတွေ စာမေးပွဲအတွက် လုံးပမ်းနေချိန်မှာ ကိုယ်က ဘာလုပ်နေတယ်လို့ကို ပြစရာမရှိပဲ ဒီအတိုင်း ကိုယ်ပိုင်အားလပ်ရက်လေး ယူနေမိတော့သည်။ တကယ့်ကို အရေးတကြီး လုပ်ကိုင်စရာဆိုလို့ ပြလို့မရပဲ အပျင်းထူနေမိသည်ဆိုလျှင် ပိုမှန်ပေမည်။

မနေ့ညပိုင်းကတော့ အာဂျင်တီးနားနှင် တောင်ကိုရီးယား ဘောလုံးပွဲလေးကို ပြီးခါနီးလောက်မှာ ကြည့်ဖြစ်၏။ ပျင်းပျင်းရှိတာနဲ့ တီဗီခန်းကို တက်သွားဖြစ်ခြင်းပါ။ သူငယ်ချင်းတွေကတောင် မင်းနဲ့ကွာ ပြီးခါနီးမှ လာရသလားတဲ့။ တကယ်ဝါသနာမပါတာမို့ ဘယ်ပွဲကိုမှလဲ အစအဆုံး ကြည့်ဖြစ်ခဲ့သည်ဟူ၍ မရှိခဲ့။ ခဏသွားကြည့် ပြီးတော့ ပွဲပြီးတာမပြီးတာ အပထား ကိုယ်စိတ်မပါတော့ရင် ပြန်ဆင်းလာဖြစ်သည်သာ။

အဲဒီနေ့ပွဲလေးကတော့ အတော်ကို အသက်ဝင်လေ၏။ ဘောလုံးအားကစားမှာ နောက်ကျနေတဲ့ အာရှအသင်းတစ်သင်း အနေဖြင့် အာဂျင်တီးနားလို့ အင်အားကြီးအသင်းမျိုးကို ကစားသွားတာများ အံ့သြလောက်ပါ၏။ အာရှအသင်းများသည်လည်း ခေသူများမဟုတ်ဟု ပြသနေသယောင်ပင်။ သူ့ကစားကွက်နဲ့သူတော့ အံကိုဝင်လို့။ သဘာကိုမယှဉ်နိုင်၍သာ ရှုံးခဲ့ရပေမဲ့ သတ္တိအရာမှာတော့ စံတင်လောက်ပေ၏။

မဆီမဆိုင် အတိက်ကို ပြန်လည်စိတ်ရောက်မိသေးရဲ့၊ တစ်ချိန်က တောင်ကိုးရီးယားဟာ ဘောလုံးဆိုတာကို အလုံးမှန်းအပြားမှန်းမသိတက်ခဲ့ချိန်ကပေါ့။ ကိုယ့်မြန်မာဘောလုံးအသင်းဟာ ရွှေခေတ်ကိုထူထောင်နေချိန်။ အနောက်ဂျာမဏီ(ယခင်အရှေ့အနောက်ကွဲနေစဉ်) မှ ဖိတ်ခေါ်ပွဲများ၊ ဆိုဗီယတ်ပြည်ထောင်စု၊ နောက် ယူဂိုဆလားဗီးယားစတဲ့ ဘောလုံးအင်အားကြီး နိုင်ငံတွေနဲ့အပြိုင်ကြဲနေခဲ့ချိန်မှာပေါ့။ ဥရောပမှ အပြန် ခရီးတစ်ထောက်နားရင်းနဲ့ တောင်ကိုရီးယား သမတဖလားပွဲကို ၀င်နွဲဖူးပြီး ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ သတင်းလေး ဖတ်ဖူးတာကို အမှတ်ရမိသေးတော့၏။ တောင်ကိုရီးယားသားများကိုတိုင် လိုလိုချင်ချင် လေးလေးစားစား ဖိတ်ခေါ်ပြီး ဘောလုံးပညာယူရတဲ့အထိ ကိုရွှေမြန်မာများဟာလဲ အောင်မြင်ခဲ့ဖူးလေ၏။

အော်လွမ်းမိပါ၏ ရွှေခေတ်ဆီကို။ တစ်ချိန်က တပည့်ဖြစ်ခဲ့ဖူးတဲ့ ဆင်းဆင်းရဲရဲ နိုင်ငံငယ်လေးဟာ ခုနေအခါမှာတော့ ကမ္ဘာမှာ မော်ကြွားနေနိုင်ပေပြီ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အစစနောက်ကျနေတဲ့ အချိန်ကနေ ယနေ့အောင်မြင်တိုးတက်သည့်တိုင်အောင် မဆုတ်နစ်သော ဇွဲတို့ဖြစ် ချီတက်လာရာ လမ်းကြောင်းသည် နှစ်ငါးဆယ်ဝန်းကျင်ခန့်သာ ရှိပေဦးမည်။ ဒါပေမဲ့ သူတို့သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဂျပန်နှင် အတူ ပူးတွဲကျင်းပခွင့်ကိုလဲ ရရှိနိုင်ခဲ့သေး၏။ အံ့ချီးဘွယ် အောင်မြင်မှုပါတကား။ တစ်ချိန်က တပည့်ကို ယှဉ်နိုင်ဖို့ဆိုလျှင် ဆရာရွှေမြန်မာတို့သည် ရာစုနှစ်တစ်ခုလောက် လေ့ကျင့်၊ နောက်ရာစုနှစ်တစ်ခုအထိ အတွေ့အကြုံယူရင်တောင်မှ အင်း သုံးရာစုလောက် ရောက်တာတောင် ဂိုးပြက်မရှုံးအောင် ကစားဖို့ပင် လွယ်ဦးမည်မထင်ပေ။

ယုန်နှင့်လိပ်အပြေးပြိုင်သလိုဖြစ်ခဲ့လေရော့သလားမသိ။ တစ်ချိန်က ယုန်တစ်ကောင်လို လျှင်မြန်မှုမျိုးနဲ့ အဟုတ်ပြင်းပြင်းပြေးနိုင်ခဲ့ဖူးပေမဲ့ ယနေ့ခေတ်မှာတော့ လိပ်ကိုရှုံးလိုက်ရလို့ မကျေနပ်တဲ့ယုန်လို နောက်တစ်ခါ ပန်းတိုင်မရောက်ခင် အိပ်မနေတော့ဘူးလို့များ နောင်တတရားမရှိသေးပဲ ခရုထက်နှေးတဲ့ ခြေလှမ်းတို့ဖြင်သာ ပြေးနေလို့ကတော့ အင်း.. ပျင်းတောင်ပျင်းသေးတယ်လို့ပဲ အဖွင့်ပွဲသီချင်းကို ဆိုကြလေမလားပဲ။ သူများတွေ ကမ္ဘာ့ဖလားပြိုင်ပွဲထဲဝင်နွဲနေချိန်မှာ ဒို့အသင်းကတော့ ရုံဝမှာတောင်မရှိသေးပါလား။ ယုန်နှင့်လိပ်လို့ပင် အပြေးမြန်တိုင်း ပန်းတိုင်အရင်ရောက်သည် မဟုတ်ဆိုတာကိုတော့ သင်္ခန်းစာယူမိသေးတော့၏။ တစ်ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ အသင်းသည် နောက်တစ်ကြိမ်ထပ်ဖြစ်ဖို့ ကြိုးပမ်းနေကြသည်သာ။ အကြိမ်အများဆုံး ချန်ပီယံရထားတဲ့ ဘရာဇီးအသင်းလဲ ပြေးနေသည်။ အာဂျင်တီးနားလဲ အနားမနေ၊ ပြင်သစ်လဲ မရပ်၊ တရစပ်ပြေးနေကြသည်သာ။

အတိက်သည် အတိက်တစ်ခုအဖြစ်သာထားခဲ့ပြီး။ ဒီနေ့သူတို့အောင်မြင်နေတာဟာ ဘာကြောင့်လဲ၊ ဘာအဆောင်ကောင်းတွေ၊ ဘာတွေလုပ်ခဲ့လို့လဲဆိုတာကို လေ့လာရင်းဖြင့်၊ ပစ္စုပ္ပန်မှာ တည့်တည့် လုပ်စရာရှိတာကို သိမြင်ဆင်ခြင်နိုင်လျှင် တော့ဖြင့် ဒို့အသင်းလဲ ကမ္ဘာ့အလည်မှာ တင့်တယ်နိုင်ကောင်းရဲ့လို့ မ၀ံမရဲ မိုက်မိုက်ကန်းကန်း မျှော်မှန်းနေမိသည်သာ။ အတိက်ဆိုတာ အတိက်တစ်ခုပါ။

ကိုမျိုးကြီးရေ ဟစ်ရအောင်.. ဒီလူဟာ ဒီနေရာကိုလဲ ဒီအချိန်မှာ ပြန်မလာနိုင်တော့ပါ. တစ်ချိန်မှာရွှေပါပဲ ဒီအချိန်မှာ သူဟာ နောက်ချေးပါ.. မဖြစ်နိုင်တဲ့ဘ၀မှာ အရှုံးသာအထိုက်ဆုံးပဲမို့လား.. အခုတော့လေ အတိတ်တစ်ခုပါ (အခုတော့လေ ငပြိန်းတစ်ယောက်ပါ) .....................


No comments:

Post a Comment