Saturday, June 12, 2010

နယ်လ်ဆင်မင်ဒဲလားရဲ့ အပြုံးကိုတွေ့ရှိခြင်း



နွေရာသီပူလောင်မှုကိုတော့ စာမဖွဲ့ချင်တော့ပါဘူး။ ပူလောင်မှုကို မချိမဆံ့ခံစားခဲ့ရဖူးတယ်။ ထားပါ ဒါတွေက မကြာခင်မှာ အတိက်အဖြစ်နဲ့ နေရစ်ခဲ့တော့မှာ။ လုပ်စရာရှိတာက ဘာလဲ၊ ရှေ့ဆက်ရမှာက ဘာလဲ ဒါပဲစိတ်ဝင်စားမိတယ်။ အတိက်ဆိုတာမှာ ခါးသည်းမှုလဲပါမယ်၊ ပျော်ရွှင်ကြည့်နူးခဲ့ရတာလဲ ရှိမယ်။ ဒါဟာ လောကဓံပဲလေ။ ကိုယ်ဆက်လုပ်စရာရှိတာကို လမ်းမှန်ရွေးပြီးဆက်လုပ်ဖို့ပါပဲ။

ငယ်စဉ်ဘ၀က ရွာမှာနေစဉ် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွာဦးကျောင်းဘုရားပွဲလေးကို သတိရတမ်းတမိသေးရဲ့။ မှတ်မှတ်ရရပေါ့ အဲဒီနှစ်က ရွာသားတွေစုစပ်ပြီး တင်ဆက်ကြမဲ့ အရပ်ပြဇာတ်လေး ပါတဲ့နှစ်ပါပဲ။ ကြိုတင်ဇာတ်တိုက်မှုကို ရွာသူရွာသားတွေမသိစေချင်ကြတော့ ပါဝင်ကပြမည့်သူတွေဟာ သူတို့နဲ့ဝေးရာမှာ လူသူကင်းရှင်းရာနေရာလေးရှာပြီး ဇာတ်တိုက်ကြတယ်။ ဘယ်သူက ဘယ်နေရာ၊ စသဖြင့် ဇာတ်ဆောင်နေရာလေးတွေခွဲဝေပြီး ကိုယ်ကျရာဇာတ်ရုပ်ကို အပီအပြင်ဖော်ထုတ်ပြသနိုင်ဖို့ ကြိုးစား အားထုတ်ကြတယ်ပေါ့။

အဖြစ်အပျက်ကတော့ ရဲအတွက်နေရာတော်တော်များများမှ ဇာတ်ကောင်အဖြစ် တာဝန်ယူရမည့်သူများလဲ သူတို့ ကျရာကို လေ့ကျင့်လျှက်ရှိတယ်။ ညဘက် လူခြေတိက်ချိန်မှာ ဒါရိုက်တာက ညွှန်ကြားတဲ့ အတိုင်းလေ့ကျက်မှတ်ပြီး ကိုယ်အားတဲ့အချိန်တွေမှာ ပြန်လည်လေ့ကျင့်ကြ ဒိုင်ယာလော့ဂ်တွေ ကျေညက်အောင် ပြောကြနဲ့ပေါ့။ ပျော်စရာအတိပါပဲ။ ရဲနောက်လိုက်လုပ်မဲ့ ရွာသားတစ်ယောက်ကတော့ ဒီလိုအရပ်ပြဇာတ်လေးလုပ်တဲ့အချိန်မှာ သူအစွမ်းလေးပြဖို့ အချိန်ရသည်နှင့် သူပြောရမဲ့ စကားပြောခန်း လေးကို အသေလေ့ကျင့်တော့တာပါပဲ။

အလုပ်လုပ်ရင်းလဲ လေကျက်၊ ရေချိုးရင်းလဲလေ့ကျက်နဲ့ မအားနိုင်အောင် အလုပ်များနေတယ်။ တစ်နေ့တော့ သူ့မှာထန်းတက်ရမဲ့အလုပ်လုပ်ရင်း ပွဲကလဲနီးလာတော့ သူ့တာဝန်မကျေပွန်မှာစိုးရိမ်ပြီး လှေခါး (အညာစကားနဲ့ဆို ရင်းထောင်) ပေါ့ အဲဒါကို ထန်းပင်မှာ အသင့်ထောင်ထားလိုက်ပြီး ထန်းပင်ကို သူနဲ့ပြဇာတ်ထဲမှာပြောရမဲ့ ရဲဗိုလ်အဖြစ်ထားပြီး စကားပြောလေ့ကျင့်နေမိတော့တာပဲ။ သူ့အဖေကလည်း ထန်းတဲထဲကနေ သူ့သားထန်းပင်ပေါ်တက်ရမှာကို မတက်သေးပဲ ဘာများလုပ်နေလဲလို့ အကဲခက်နေတယ် ။ တော်တော်ကြာလာတဲ့အထိ စောင့်ကြည့်ပြီး မနေနိုင်တော့တာနဲ့ ဟိတ်ကောင် ထန်းပင်ပေါ်မတက်သေးပဲ ဘာလုပ်နေလဲလို့ လှမ်းအော်လိုက်တယ်ဆိုရင်ပဲ ရဲသားနေရာက သရုပ်ဆောင်ရမဲ့ သားတော်မောင်က ဟုတ်ကဲ့ပါ ဗိုလ်ကြီးဆိုပြီး ပြန်ပြောလိုက်တာ ရွာမှာ ဟာသအဖြစ်ပြောစရာကို ဖြစ်ရော။

တကယ်တော့ သူဟာ သူကျမဲ့တာဝန်ကိုကျေပွန်ဖို့လေ့ကျင့်နေတာပါပဲ။ အများရှေ့ရောက်လို့ ကမောက်ကမဖြစ်ခဲ့ရင် သူ့တာဝန်မကျေခဲ့ရင်ဆိုတဲ့ အသိနဲ့ လေ့ကျင်နေမိတာပါ။ ကြည့်ရင်တော့ ဟာသလေးပါပဲ။ တကယ်တွေးကြည့်တော့မှာ သူလဲ သူ့လုပ်ရမည့်အလုပ်ကို လေးစားစွာ တာဝန်ကျေဖို့ သူတက်နိုင်သလောက် လုပ်နေတာပဲလေ။ တကယ်ပြဇာတ်ကပြကြတော့လဲ သူ့တာဝန်ကို သူကျေပွန်စွာ ကပြသွားနိုင်တာပါပဲ။ သူအပြင်မှာလွဲခဲ့တဲ့အဖြစ်လေးဟာတော့ အတိက်မှာ ဟာသအဖြစ်နဲ့သာ ကျန်ရစ်ခဲ့တော့တယ်။

ဒီနေ့အချိန်မှာတော့ တစ်ချိန်က လူမျိုးရေးပဋိပက္ခတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေများခဲ့တဲ့ တောင်အဖရိကနိုင်ငံမှာ တစ်ကမ္ဘာ့လုံးကို ကိုယ်စားပြုတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပနေကြတယ်။ ဘောလုံးအင်းအားကြီးနိုင်ငံ တော်တော်များများဟာ သူတို့အောင်မြင်မှုရရေးအတွက် အားကျိုးမာန်တက် ကြိုးစားနေကြလေတယ်။ တစ်ချိန်ကဖြစ်ပျက်ခဲ့တဲ့ ခါးသီးမှုတွေကပဲ ဒီပြိုင်ပွဲကို ပိုပြီးအသက်ဝင်စေသလား အောင့်မေ့ရတယ်။ ဟုတ်လဲဟုတ်မှာပါ။ တစ်ချိန်မှာ ဘာဖြစ်ခဲ့ဖဖြစ်ခဲ့ ခုချိန်မှာတော့ ကမ္ဘာမှာ တောင်အဖရိကဟာ ငါတို့တိုင်းပြည်ဟာ ဒီလိုပါဆိုတာကို ပြသနိုင်နေကြပြီလေ။

ဟိုးအရင်ရက်များဆီက အသိတစ်ယောက်မေးကနေပို့လိုက်တဲ့ ရှာကီရာဆိုတဲ့ ဘောလုံးပွဲဂုဏ်ပြုတေးလေးကို နားဆင်မိသေးရဲ့။ ဓမ္မဂင်္ဂါကြီး ဘာသာပြန်လေးဖတ်ရတော့မှ သေချာနားလည်မိပြီး ပိုပြီးသွက်သွားသလို ခံစားရတယ်။ အတိက်တွေကိုထားခဲ့ကြပြီး အခုတော့ သူတို့ဟာ သူတို့နိုင်ငံရဲ့ဂုဏ်အတွက်၊ သူတို့ရဲ့လွတ်လပ်မှုနဲ့ ကြိုးစားအားထုတ်မှုကို ဖွင့်လှစ်ပြသခွင့်ရနေကြပြီ။ နယ်လ်ဆင်မင်ဒဲလားကြီးရဲ့အပြုံးကို စိတ်ကူးနဲ့ မြင်ယောင်ကြည့်မိပါတယ်။ သူနှစ်ပေါင်းများစွာ အကျဉ်းကျခံပြီးကြိုးစားအားထုတ်ခဲ့တဲ့ အသီးအပွင့်တွေဟာ ဒီနေ့မှာတော့ တောင်အဖရိကမှာ စည်ဝေနေမှာအမှန်ပဲလေ။ အားကျမိပါရဲ့။

အချိန်ကျပြီး အားထုတ်ကြတော့ ဆိုတဲ့ အာဖရိကသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးတဲ့ သီချင်းလေးပါပဲ။ အခုဆို လူမျိုးရေးတွေ၊ အတိက်ရဲ့ခါးသီးမှုတွေ ဘေးချိတ်ပြီး ပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပနေကြပါပြီ။ လူမျိုးပေါင်းစုံပါတဲ့ ညီညွှတ်ရေးကို သူတို့ရေးထိုးနေကြလေပြီ။ ဆုဖလားကြီး ရမရတော့ မသေချာသေးပေမဲ့ သူတို့ လက်ရှိရနေတဲ့အောင်မြင်မှုကတော့ တန်ဘိုးဖြတ်လို့မရနိုင်ပါဘူး။ လေးစားမိပါတယ် တောင်အဖရိက သားတွေရယ်။ ပျော်ရွင်နေကြမဲ့တောင်အဖရိကသားတွေကို အားကျမိသေးရဲ့၊ သူတို့လို ထိုင်ခုံတစ်နေရာဝယ်ပြီး ဂုဏ်ဆောင်တေးလေးကို သူတို့နဲ့အတူ သံပြိုင်သီဆိုလိုက်ချင်သေးရဲ့။ နယ်လ်ဆင်မင်ဒဲလားကြီးရေ ခင်များကိုတော့ အထူးလေးစားမိတယ်နော်။

အားကစားဟာ မုန်းတီးမှုနဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ခဲ့တာလား၊ အတိက်ကို သင်္ခန်းစာယူပြီး ဖြစ်သင့် လုပ်သင့်တာကို လုပ်ဆောင်ခဲ့တာလားတော့ သူတို့များပဲသိပေလိမ့်မည်။ လက်ရှိဘ၀မှာတော့ အောင်မြင်မှုနဲ့ ပျော်ရွှင်နေကြတာတော့ အမှန်ပင်။ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မဆို ခါးသီးတဲ့အတိက်ကိုယ်စီတော့ ရှိကြစမြဲပင်။ နေမ၀င်အင်ပါယာလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးတို့ပင် ထိုသို့သောခါးသီးမှုများကို ကိုယ်တိုင်ခံစားဖူးခဲ့သည်။ အနာဂတ်လှပဖို့ကို သူတို့အားလုံးလုပ်နိုင်ခဲ့ကြ၍သာ ယနေ့မှာ သူတို့ဟာ မော်ကြွားနေနိုင်ကြတာပါပဲ။ ဒို့များလဲ အားကျပါရဲ့ သူ့လိုပုံကို တောင်ပံလေးများရနိုင်ရင်တော့ လိုချင်သားကွယ်.. ဒါမှ ချစ်တဲ့သူရှိရှာ သူ့လိုပဲ ဒို့လဲ ပျံနိုင်မယ်. ဆိုတဲ့သီချင်းလေးပဲ ဆက်လက်နားဆင်နေမိတော့သည်သာ။


No comments:

Post a Comment