Thursday, March 4, 2010

ပုံပြင်တစ်ပုဒ် အတွေးထုတ်ခြင်း



အာမေဇုံ စကားပုံ(သို့)ပုံပြင်
(စာအုပ်ထဲမှဖတ်ဖူးတဲ့ပုံပြင်) ဘယ်စာအုပ်လဲတော့ မမှတ်မိ။

တစ်နေ့...
တရားဟောဆရာတစ်ဦးထံသို့ လူတစ်ဦးရောက်လာလေသည်။ ထိုသူမှာ နိဗ္ဗာန်အကြောင်း၊ နိဗ္ဗာန်၏ အဓိပ္ပါယ်ကို လွန်စွာမှသိလိုလှသူပင်ဖြစ်လေ၏။
ထိုသို့ဖြင့်.........

ထိုလူ။ ။ ဆရာ.. တပည့်တော်အားနိဗ္ဗာန် အကြောင်းကို ထင်ရှားမြင်သာအောင် ဟောကြား ပြသ ပေးတော်မူပါ ဘုရား။

တရားဟောဆရာ။ ။ လာလိုက်ခဲ့လော့ ဒကာ သင့်အား ငါ နိဗ္ဗာန်ဆိုသည်ကို လက်တွေ့ ပြတော်မူမည်။

တရားဟောဆရာသည် ထိုသို့ပြောဆိုပြီးရှေ့မှ ဦးဆောင်၍ ခေါ်ဆောင်သွားလေ၏။ အဆောက်အဦးတစ်ခုထဲမှ ကြီးကျယ်ခန်းနားသော အခန်းကျယ်တစ်ခုရှေ့သို့ရောက်သောအခါ ..

တရားဟောဆရာ။ ။ ကြည့်လော့ ဒကာ.

ပထမဆုံးစတွေ့သော အခန်းကို တံခါးဖွင့်၍ ပြတော်မူလေ၏။ ဤအခန်းအတွင်း၌ အနောက်တိုင်းဆန်ဆန် စားပွဲကြီးတစ်ခုရယ် စားပွဲပေါ်မှာ အသား၊ ငါး၊ စားဖွယ်သောက်ဖွယ်စုံလင်စွာနဲ့ ပုံမှန်ထက်ရှည်လျားတဲ့ ခက်ရင်း ရှည်ကြိးတွေကိုလည်း စားပွဲပတ်လည်မှာပြင်ဆင်ခင်းကျင်းထားပြီး စားပွဲဝိုင်းပတ်လည်မှာတော့ လူတွေဟာ ကုလားထိုင်တွေမှာ မလှုပ်ရှားနိုင်အောင် ကျိုးတည်းခံထားရ၏။ သူတို့မျက်နှာတွေပေါ်မှာတော့ ဆာလောင် မွတ်သိပ်မှုကို မဖုံးနိုင်မဖိနိုင် ပေါ်လွင်နေလေ၏။ လက်တွေကို ကျိုးတုပ်ထားတဲ့အတွက် စားသောက်လို့လဲမဖြစ်၊ ရှေ့မှာလဲ စားသောက်ဖွယ်ရာတွေက ကလဲဆအင်သင့် ဆိုတော့ ဆာလောင် မွတ်သိပ်တဲ့ ဒုက္ခ၊ မြင်လျှက်နဲ့ မစားသောက်ပဲ နေရတဲ့ဒုက္ခကို တစ်ပြိုင်တည်းခံစားရလို့၊ စားချင် လွန်းတဲ့အတွက် စိတ်အလိုမပြည့်မှု၊ ရသတဏှာ အပေါ်မှာတပ်မက်မှုစတာတွေဟာ သူတို့တွေကို အစဉ် နှိပ်စက်လို့နေလေ၏။

ထို့မှတဖန် တရားဟောဆရာလဲ ဒကာတော်အား နောက်တစ်ခန်းသို့ခေါ်ဆောင်သွားပြီး.........

တရားဟောဆရာ။ ။ ဒီတစ်ခန်းကိုလည်းကြည့်လေလော့ ဟုဆိုလေပြီး ဒုတိယအခန်းကို ဖွင့်ပြတော်မူလေ၏။

ထိုအခန်းတွင်းမှာလဲ ပထမအခန်းထဲကလို အလားတူ ပြင်ဆင်မှုတွေ၊ စားသောက်ဖွယ်ရာတွေနဲ့ပြည့်နှက်လို့။ ဒါပေမဲ့ထူးခြားတာတစ်ခုက ဒုတိယအခန်းကလူတွေဟာ ကျိုးတည်းခံထားရပေမဲ့ ပထမအခန်းကလူတွေလို ဆာလောင်မှု၊ အလိုမပြည့်မှုတွေကိုတော့ မခံစားရပဲ၊ သူတို့ဟာ အလိုဆန္ဒပြည့်ဝနေတဲ့ပုံတွေဟာ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ အထင်းသားပေါ်လွင်လို့၊ စားပွဲပေါ်မှာပြင်ဆင်ထားတယ်ဆိုတဲ့ စားသောက်ဖွယ်ရာ တွေဟာလဲ ပြောင်သလင်းခါလို့နေလေ၏။

ထိုလူ။ ။ အရှင်ဘုရား တပည့်တော်ကို ပြတော်မူမည့် နိဗ္ဗာန်ဆိုတာဟာ ဘယ်အရာပါလဲ။

ဆရာဟောဆရာ။ ။ ဒကာ ပထမ သင်မြင်ခဲ့ရတဲ့ အခန်းကလူတွေဟာ ငရဲသားတွေပဲ၊ ဒုတိယ သင်မြင်ခဲ့ရတဲ့လူတွေဟာဖြင့် နိဗ္ဗာန်လောကသားတွေ၊ နိဗ္ဗာန်ဆိုတာကိုသိသူတွေပဲ ဒကာတော်.. လို့ပြောဆို မိန့်ကြားတော်မူ၏။

ဒါလေးကတော့ ဖတ်ဖူးတဲ့ပုံပြင်(သို့) စကားပုံလေးတစ်ခုပါပဲ။

ဖတ်ပြီးတော့ စာအုပ်ကို ပိတ်လိုက်မိ၏၊ ဒါပေမဲ့ နှလုံးသားထဲမှာ စွဲထင်ကျန်နေခဲ့တာကတော့ အတွေး ရှည်တစ်စပါပဲ။ ဟုတ်တယ်လေ၊ ရှုပ်ထွေးပွေလီလှတဲ့ လူ့ဘောင်လောက လူ့ဘ၀မှာ အတ္တ၊ မာနတွေက ကြီးစိုးထားတယ် ဆိုတော့ ပုံပြင်ထဲမှာပါတဲ့ အထမအခန်းထဲက လူတွေလိုပဲ လက်ရှိဘ၀ကို ဘယ်လို ချမ်းသာ ပျော်ရွှင် သာယာဖွယ်ကောင်းအာင် ပြုမူဆောင်ရွက် ရမယ်ဆိုတာကို မတွေးနိုင်ပဲ၊ စိတ်ဆန္ဒတွေရဲ့ သွေးဆောင် ရာနောက်ကို တစ်စိုက်မတ်မတ် လိုက်နေရင်းနဲ့ အချိန်တွေကို ဖြုန်းတီးပစ်နေကြတာ အရှင်အပါအ၀င် အန္ဓ ပုထုဇဉ်လူသားအားလုံးပါပဲ။ တစ်ဦးကိုတစ်ဦး တစ်ယောက်ကိုတစ်ယောက် ဘယ်လို အနိုင်ယူရမလဲ၊ ဘယ်လို လူပေါ်လူဇော်လုပ်ရမလဲဆိုတဲ့ မောဟနတ်ဆိုးတွေကပဲ ကြီးစိုးနေတော့ လောကဟာ အကျည်းတန်ပြီး မလှ မပနဲ့ခရီးဆက်နေရတာပဲ။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ အကြမ်းဖတ်မှု၊ ဗိုလ်ကျစိုးမိုးမှု၊ စည်းပွားရေးအရ လက်ဝါး ကြီးအုပ်မှုစတာတွေပဲ နေ့စဉ်နှင့်အမျှ မကြားချင်မမြင်ချင်အဆုံး တွေ့နေမြင်နေ ရတော့တာပဲ။

နောက် စဉ်းစာမိတာကတော့ ပထမအခန်းကလူတွေက ဇွန်ခက်ရင်းရှည်ကြီးတွေ ရှိပါလျှက်နဲ့ ဒုတိယအခန်းထဲက လူတွေလို တစ်ဦးကိုတစ်ဦး (ပါးစပ်နဲ့ဇွန်းတွေကိုကိုက်ပြီး) ခွံ့ကြွေးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်၊ ကူညီပြီး ကိုယ်ပိုင် ဘ၀တွေကို သာယာအောင် တည်ဆောက်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်ကို ဘာလို့များ မစဉ်းစားမိ လေသလဲ။ အားလုံးဟာ ဒုက္ခလူသား သံသရာခရီးသွား တွေပဲဆိုတာကို မတွေးမိပဲ သင့်မြတ်မှန်ကန်တဲ့၊ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းရမယ်ဆိုတဲ့ အတွေးကို ဘာကြောင့်များ မတွေးမိသလဲပေါ့ (ကိုယ်တိုင်ညံ့ဖျင်း နေမှုကို မတွေး၊ မမြင်မိပဲ) အပြစ်တင်မိလေ၏။

နောက် ပုံပြင်ထဲမှ ဒုတိယအခန်းထဲကလူတွေဟာဖြင့် အတ္တ၊ မာနဆိုတဲ့ အရေခွံတွေကို ခွါချွတ်ဖယ်ရှားနိုင်ပြိး အချင်းချင်း ကူညီတက်တဲ့စိတ်၊ ကိုယ့်ဘ၀ကို ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်စေပြီး ဘယ်လိုချမ်းသာအောင် ပြုလုပ်နိုင်မလဲ ဆိုတဲ့အတွေးကို ကြံဆတက်တဲ့ သူတို့ရဲ့သန့်စင်တဲ့ စိတ်ကူးဆန္ဒတွေကိုတော့ဖြင့် (ကိုယ်တိုင် မပြုမှုနိုင်၊ မကျင့်နိုင်သည့်တိုင်အောင်) အတုယူအားကျမိသည်မှာ အမှန်ပင်ဖြစ်လေ၏။

ယနေ့လူသားအားလုံးသည် ဗုဒ္ဓဘုရား၏ အယူဝါဒအရ ဒုက္ခသည်များပင်ဖြစ်လေ၏။ ဘုရားသည် ဒုက္ခနှင့် ပတ်သက်ပြီး အမေရိကန်၊ အင်္ဂလန်၊ သူဌေး၊ အရာရှိဟူ၍ ဘယ်လူမျိုး ဘယ်သတ္တ၀ါဟူ၍ ခွဲခြားဟောကြား ခဲ့ခြင်းအလျှင်းမရှိပေ။ သုံးဆယ့်တစ်ဘုံးသား သတ္တ၀ါအားလုံးသည်ပင် ဒုက္ခသည်ဟူ၍ တစ်ပြေးညီ ဟောကြား တော်မူခဲ့လေ၏။ ဒုက္ခ၏ထွက်ရပ်လမ်းကို သစ္စာဉာဏ်ဖြင့် မလှမ်းနိုင်သမျှ ကာလပတ်လုံး အားလုံးသော သတ္တ၀ါ တို့သည် သံသရာသမုဒ်ပြင်ဝယ် ကူးခတ်နေရသူချည်းဟုပင် ဟောကြားတော်မူခဲ့လေ၏။

နိဗ္ဗာန် အစစ်ကိုမရှာနိုင်ကြသေးတဲ့ အရှင်တို့လိုလူသားတွေဟာ ပုံပြင်ထဲကလို လောကနိဗ္ဗာန်ဆိုတာ ကိုတော့ဖြင့် ယောနိသော မနသိကာရဖြင့် ဆင်ခြင်ဉာဏ်ပွားကာ ကိုယ့်ဝန်းကျင်လောက သာယာအောင် ဖန်းတီး ပေးနိုင်းကြလျှင်ဖြင့် ဘယ်လောက်များ အကျိုးများလေမလဲ၊ ကမ္ဘာလောကကြီး၏ ငိုးကြွေးမှုတွေကို ဘယ်လိုများ နှင့်သိမ့်ပေးနိုင်မလဲ၊ စသည်စသည်ဖြင့် အတွေးတစ်စဟာဖြင့် အရှင်ရဲ့စိတ်သန္တာန်ဝယ် ကြီးထွားရင့်သန် လို့နေလေတယ်ပေါ့။

အသင်ရော ဤပုံပြင်ကိုဖတ်ပြီး ဘယ်လိုများတွေးနေသလဲ၊ ဘာများလောက ကောင်းကျိုးအတွက် လုပ်ပေး နိုင်မလဲ ဆိုတာတော့ အရှင်လဲမသိနိုင်ပါ။

ဖတ်ရှုမှတ်သားပြီး တစ်စုံတစ်ခုသော စိတ်ကူး၊ အတွေးများရပါစေဟုသာ အရှင်ဆန္ဒပြုမိသပေါ့။........


No comments:

Post a Comment