Wednesday, March 3, 2010

ဇနေတိ သဒိသံ ပါကံ



ဇနေတိ သဒိသံ ပါကံ
......... မိမိ(ကောင်းမှု)နှင့်တူသောအကျိုး ပေးလိမ့်မည်။ (ဗုဒ္ဓ)
စာသင်သားဘ၀က ကျက်မှတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခုပေါ့။

အညာဒေသ၏ တပေါင်းလနွေရာသီလွှမ်းခြုံမှုအောက်မှာ ချွေးတလုံးလုံးနဲ့ အတန်းတင်စာမေးပွဲခန်းထဲက ထွက်လာပြီး စာသင်တိုက်တစ်တိုက်ရဲ့ စည်းကမ်းဥပဒေသအရ ဘယ်ကိုမှ ခြေဦးလှည့်ခွင့်မရ၊ ကျောင်းတိုက်ကိုပဲ တန်းတန်းမက်မက်ပြန်လာရမယ်ဆိုတဲ့ ထေရ်ဆရာရှင်တို့ရဲ့ မိန့်မှာချက်တွေကို ဦးထိပ်ပန်ဆင်ရင်း စာသင်ဖော်သူငယ်ချင်းတွေ ဆရာတော်ရဲ့ခြေရင်းကို ၀ပ်စင်းကြရတယ်ပေါ့။

ဆရာတော်။ ။ တပည့်တို့ ဖြေနိုင်ကြရဲ့လား။
တပည့်များ။ ။ မှန်ပါ.. ဖြေဆိုနိုင်းကြောင်းပါဘုရား။

နောက် ဆရာတော်မှ မေးခွန်းလွှာကို ကြည့်ရှုပြီး ဘယ်ပုစ္ဆာကိုဖြင့် ဘယ်ပုံဖြေခဲ့သလဲ စစ်ဆေးတော်မူလေ၏။

ဆရာတော်။ ။ အင်း ဘယ်ပုစ္ဆာကိုဖြင့် ဘယ်လိုဖြေဆိုခဲ့ပါသလဲ။
တပည့်များ။ ။ မှန်ပါ...... ဤသို့ဤပုံဖြေဆိုခဲ့ပါသည်ဘုရား။

ဆရာတော်မှာ မိန့်မိန့်ကြီးပြုံးတော်မူလေ၏။ သူ၏ တပည့်များကိုလဲ ယုံကြည်တော်မူပုံ ရ၏။ တစ်နှစ်လုံး Training ပေးထားတာပဲလေ။ စာနဲ့ပတ်သက်ရင် ကျောသားရင်သားမခွဲခြားတက်တဲ့ဆရာတော်ရဲ့ ညဉ်အရ စာဆိုရာမှာ တုံ့ဆိုင်းထစ်အနေရင် ကျော်ပြင်ကို ကြိမ်တင်(ဗျောတင်)တက်လေ၏။

ဆရာတော်။ ။ အိမ်း.............. ငါ့တပည့်တို့ တစ်နှစ်ပတ်လုံးအကောင်းဆုံး ပြင်ဆင်ကြိုးစားခဲ့ကြတာပဲကွာ.......... အောင်မြင်ကြမှာပါ ကဲ ကဲ ငါ့တပည့်တို့ ခဏတစ်ဖြုတ်နား ရေးမိုးချိုးပြီးရင် နောက်ရက်ဖြေရမဲ့စာကို ကြည့်ကြကွဲ့........... လို့ မိန့်တော်မူ၏။

ဒီလိုနဲ့ အောင်စာရင်းတွေ ကြေငြာတဲ့အချိန်ရောက်။ လက်နှိပ်စက်နဲ့ရိုက်ထားတဲ့ အောင်စာရင်းစာမျက်နှာပေါ်မှာ ကိုဘွဲ့နာမည်ကို ရှာပုံတော်ဖွင့်ပြီး နောက်တစ်တန်းတက်နိုင်ပြီဆိုတဲ့ လက်မလေးထောင်နိုင်ဖိုး တိုးဝှေ့ကြည့်ကြရတယ်ပေါ့။

ဆရာတော်ကတော့ အောင်စာရင်းလာပြီး ဆက်ကပ်ကတည်းက ကြိုတင်ကြည့်ရှုထားတဲ့အတွက် ဘယ်တပည့်အောင်တယ် ကျတယ်ဆိုတာ သိထားနှင့်ပြီးသားလေ။ ဒါပေမဲ့ ပထမပြန်ဆိုတဲ့ စာမေးပွဲလောကကို ဖြတ်သန်းလာခဲ့ဖူးသူပီပီ ကိုယ်တိုင် ကိုယ့်နာမည်(ဘွဲ့)ကို ကြည့်ရှုခွင့်ရပြီး ကိုယ့်ကျိုးစားမှုကို ကိုယ်တိုင်ပျော်ရွှင်ခံစားစေလိုတဲ့အတွက် ဘယ်တော့မှတပည့်တွေကို ကြိုပြောလေ့မရှိတက်ဘူးပေါ့။ ကိုယ့်စာမျက်နှာ ကိုလှန်ကိုအောင်မြင်မှု(ကိုယ့်တက်လမ်း)ကို ကိုယ်တိုင်ရှာဖွေကြနဲ့ စာသင်တိုက်တစ်ခုလုံး အလုပ်ရှုပ်နေကြတယ်ပေါ့။

-----------------------------------

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အနေက ဇာတိ သံသာရံ အစချီတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်တို့ကို အာရုံပြု(သံပြိုင်)ရွတ်ဆိုပြီး ညစဉ် ဘုရားဝတ်ပြုလေ့ရှိတာ သာသနာတော်ရဲ့အခြေခံကျတဲ့ ပရိယတ္တိစာသင်တိုက်တိုင်းရဲ့ ဆည်းဆာဂီတ သံတွေပါပဲ။ စာချနာယက၊ ဦးဇင်း၊ ကိုရင်စတဲ့ ကျောင်းတိုက်သံဃာအားလုံးစုပေါင်းညီညာ ရွတ်ဆိုလေ့ရှိတာလဲ ညီညွတ်မှုရဲ့ပြယုဂ်တစ်ခုပေါ့။ နေစဉ် ၀တ်ပြုပြီးရင် ဆရာတော်မှ မှတ်သားစရာ သြ၀ါဒကထာ တို့ကိုလည်း နေ့စဉ် မရိုးရလေအောင် ဆိုဆုံးမလေ့ရှိတာပေါ့။

အထူးသဖြင့် ၀ါဆိုဝါကပ်ကာနီး အောင်စာရင်းတွေထက်လို့ စာအောင်သံဃာတွေ.. ကြောင်းအမျိုးမျိုးကြောင့် ကျရှုံးခဲ့ရတဲ့သံဃာတွေအတွက် မိန့်ကြားချက်တွေကတော့ တစ်သက်တာ မမေ့နိုင်ဘူးပေါ့။ နှစ်စဉ် အောင်စာ ရင်းကိုလှည့်ကြည့်စရာမလိုအောင် ဖြေဆိုနိုင်ခဲ့တဲ့ အရှင်ဟာ အဲဒီနှစ်မှာပဲ ၀ီရိယယုတ်လျော့ ခဲ့တဲ့အတွက် ပထမလတ်တန်းဆိုတဲ့စာမေးပွဲစစ်မျက်နှာမှာ အရှုံးကြီးရှုံးခဲ့ရပြီး မျက်နှာမဖော်နိုင်အောင် ဖြစ်ခဲ့ရ တယ်ပေါ့။ မှတ်မှတ်ရရ ၂၀၀၀ ခုနှစ်ပါပဲ။ စာဖြေပြန်လာစဉ် ဆရာတော်စစ်ဆေး စဉ်ကတော့ ကြိုတင်စဉ်းစား ထားတဲ့ အတွက် ဆရာတော်စိတ်တိုင်းကျ ဖြေဆိုနိုင်ခဲ့ပေမဲ့ ကိုယ်တိုင်လဲ အားမရတာတော့သေချာတယ်။ ဘ၀ကို ရေးရေးပဲတွေးတက်တဲ့အရွယ်ဆိုတော့လဲ သိပ်ပြီးစိတ်ပထျာမဖြန့်မိခဲ့ဘူးပေါ့။

ဒါပေမဲ့ ဆရာကောင်းတို့မည်သည် တပည့်တို့အပေါ်မှာ တော်သည် ညံ့သည် မရှိတစ်ပြေးညီရှိတက်လေတော့ အားလုံးကိုနှင့်သိမ့်စေမယ့် အဘိုးတန်သြ၀ါဒကိုပဲ မိန့်ချွေတော်မူခဲ့လေတယ်။

ဆရာတော်။ ။ အင်း.............. မှတ်ထားကြတပည့်တို့ ဒီနေ့ ပထမပြန်စာမေးပွဲကြီးဟာဖြင့် အောင်စာရင်းထွက်ပြီ အောင်မြင်တဲ့ စာသင်သားတွေအတွက်လဲ ၀မ်းသာပါတယ်၊ ကျရှုံးတဲ့သူတွေကလဲ ဘာမှစိတ်ဓာတ်မကျပဲ နောင်နှစ် နောင်နှစ်တွေမှာ အောင်မြင်အောင် ကြိုးစားကြ၊ ဒါနဲ့ပတ်သက်လို့ ဥပမာပြောရရင် စာမေးပွဲဆိုတာ တယ်နတ်ကြီးသကိုးကွဲ့ မိဘအမွေဆက်ခံရသလိုပဲ ကိုယ်နဲ့ထိုက်မှ ရနိုင်တာကွဲ့၊ သားသမီးချင်းတူတာတောင် မိဘအမွေကို ရသင့်မှရနိုင်သလို စာမေးပွဲဆိုတာ မိဘအမွေမှ မဟုတ်လေပဲ၊ ကိုယ့်ကြိုးစားမှု၊ အားထုတ်မှု၊ ဉာဏ်ပညာနဲ့လဲဆိုင်လေတော့ ကျရှုံးတဲ့တပည့်တွေလဲ ဘာမှ စိတ်အားမငယ်ကြပဲ ဆက်လက် ကြိုးစားနေကြဘို့ ....... မိန့်ချွေတော်မူလေ၏။

အဲဒီဆရာတော်ရဲ့ သြ၀ါဒတိုလေးဟာဖြင့် အရှင်ရဲ့ ဘ၀တစ်သက်တာအတွက် မှာတမ်းလေးတစ်ခုလို့ ရင်ထဲမှာ စွဲနစ်လို့နေခဲ့ပေါ့။ စာသင်သားတစ်ပါးရဲ့ဘ၀အတိုင်း နေရာဒေသစုံမှာကျင်လည်သွားလာ ပညာဆည်းပူး နေရလေတော့ “ ခေါက်ရှာငှက်ပျံ ခင်ပုတ်ပျံသို့ နိမ့်ပြန်မြင့်ပြန် လောကဓံ” ဆိုတဲ့အတိုင်း ကျရှုံးမှု အောင်မြင်မှု တွေကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခံစားရလေတော့၊ ငယ်စဉ်က ဆရာတော်မိန့်မှာချက်လေးကို သတိယ အောက်မေ့မိရင်ဖြင့် အရာအားလုံးကို ရင်ဆိုင်ဖြတ်ကျော်ရဲတဲ့သတ္တိတွေရှိလာတယ်ပေါ့။
“ဘယ်အရာမဆို ကိုယ်နဲ့ထိုက်မှ ကိုယ်ရနိုင်တယ်.. အတင်းလုပ်ယူလို့လဲမရ၊ ဖန်းတီးယူလို့လဲမရ” ဆိုတာကိုလေ။ ဒါပေမဲ့ ထိုက်တန်ဘို့ဆိုတာတော့ ထိုင်စောင့်နေဘို့မလိုပါဘူး၊ ကိုယ့်လျှောက်ရမဲ့ခရီးကို ဆက်လျှောက်နေဖို့လဲလိုတာပေါ့။ လမ်းဆုံးရင်တော့ရွာတွေ့မှာပဲလေ။

ငယ်စဉ်က ပညာသင်ကြားပေးခဲ့၊ သြ၀ါဒကထာတို့ဖြင့် လမ်းညွှန်ပဲ့ပြင် ထိန်းမက်ပေးခဲ့သော ဆရာသမားကို ဂါရ၀ပြုလျှက်။

No comments:

Post a Comment