Saturday, October 23, 2010

တရားပြဆရာ ဦးဒတ္တ



ဦးဒတ္တသည် ဘုရားဝတ်ပြု၊ တရားထိုင် စတဲ့ ကုသိုလ်ကောင်းမှုကို အချိန်မှန်မှန် ပြုလေရှိသူဖြစ်၏။ ဘုရားပန်းအိုး၊ သောက်တော်ရေ ကပ်တာကအစ ကိုယ်တိုင်ကိုယ်ကျ ပြုတတ်လေ၏။ ပရိတ်၊ ပဋ္ဌာန်းကိုလဲ အသံနေ အသံထားနဲ့ ရွတ်ဖတ်လေ့ရှိသူဖြစ်၏။

တစ်နေ့တော့ သူသီတင်းသုံးရာ ကျောင်းတိုက်သို့ လယ်တီတရားပြ ဆရာတစ်ယောက်ကို ပင့်ခေါ်ပြီး သင်္ကြန်တွင်း တရားပွဲလေးကျင်းပဖြစ်၏။ ကျောင်းရှိသံဃာများ ကမ္မဋ္ဌာန်းရစေရန် ရည်ရွယ်တဲ့ပွဲမို့ အကြီးအကျယ် မဟုတ်သော်လဲ နီးစပ်ရာ ဒကာဒကာမတို့လည်း စုပေါင်းအားထုတ်နိုင်၏။ ယောဂီ ဆယ့်ငါးယောက်ခန့်ဖြစ် ဆယ်ရက်စခန်းလေးကို အောင်မြင်စွာ ကျင်းပဖြစ်၏။

ယောဂီများထဲတွင် ဦးဒတ္တလဲ တစ်ပါးအပါအ၀င်ဖြစ်ပြီး နည်းနာကျကျဖြင့် တရားအားထုတ် လိုက်ရ၍ အတော်ပင် သဘောခွေ့ကာ နေလေ၏။ ထိုနေ့မှစ၍ တွေ့သည့်လူတိုင်းကိုလည်း တရားထိုင်ဘို့ချည်း တိုက်တွန်းတော့၏။ ကာလံဒေသံ ဆိုတာကို သိပ်မသိ၊ မပါးလေတော့ ကိုရင်လေးတွေ့လဲ တရားထိုင်ခိုင်း၊ ဒကာ ဒကာမတွေ့လဲ တရားထိုင်ဖို့ တိုက်တွန်းနဲ့ ဟန်ကျနေပေတော့၏။ သူကတော့ တရားအကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ ပြောဟောပေမဲ့ အများကတော့ သူ့ကိုတွေ့လျှင် ဝေးဝေးကပင်ရှောင်သွား တက်ကြလေတော့၏။ သူကတော့ ဇွဲမလျှော့ပေ ဟောစရာ၊ တိုက်တွန်းစရာ မတွေ့လျှင်လိုက်ရှာပြီး တိုက်တွန်းတတ်၊ တရားထိုင်ခိုင်းတတ်၏။

တစ်နေ့တော့ ကျောင်းမှာ အလုပ်လုပ်နေသော ပန်းရန်ဆရာတစ်ယောက်ကို တရားဟောရန် အကွက်ဆိုက် လေတော့၏။ အရင့် အရင်လဲ သူဟောပြောချက်ကို ထိုပန်းရန်ဆရာသည် အလူးအလဲခံဖူး၏။ ထိုနေ့တွင်တော့ အလုပ်ခွင်ထဲ ရောက်နေသောကြောင့် ထွက်မပြေးသာ။ လှိမ့်ခံရုံသာရှိသည်ဟု သဘောပိုက်၍ အလိုက်ထိုက် ပြန်ပြော၊ ပြန်လျှောက်မိတော့၏။ ဦးဒတ္တလည်း အကွက်ဝင်တုန်း တရားထိုင်ဖို့ ၀ါသနာအရင်းခံဖြစ် စည်းရုံး သိမ်းသွင်းလေတော့၏။

''ဒကာ ခင်းဗျာ အချိန်လဲရှိ၊ အရွယ်လဲရတုန်း တရားလေးအားထုတ်ပေါ့ဗျာ၊ ဒါမှ ကိုယ့်နောက်ပါမှာဗျ.."

''တင့်ပ တပည့်တော်လဲ သဘောပေါက်ပါတယ်ဘုရား၊ ဒါပေမဲ့ မိသားစု စားဝတ်နေရေးကလဲ ရှိ၊ တစ်နေ့လုပ်မှ တစ်နေ့စားဆိုတော့ တရားထိုင်ဖို့အချိန်မပေးနိုင်ဘူးဘုရား''

ဒကာသည် တော်တော်ညစ်ဟန်တူ၏။ အလုပ်လုပ်ရင်းမို့ အပေါ်စီးက ဖိဟောသမျှ ပြန်ပြောနေရလေ၏။

''ဟား ဒကာနဲ့ ခင်ဗျား ညဘက်ကောဗျာ၊ ညဘက်အားရင်ထိုင်လို့ရတာပေါ့ဗျ''

''အရှင်ဘုရားက ပြောတော့ လွယ်တယ်ဘုရား၊ တပည့်တော်က တစ်နေကုန် အလုပ်ကြမ်းလုပ်ရတယ် ညဘက် အလုပ်သိမ်းတော့ လူတစ်ကိုယ်လုံးကိုင်ရိုက် ထားသလိုဖြစ်ပြီး လှုပ်တောင် မလှုပ်ချင်အောင်ဖြစ်နေတာ ဘယ်လိုလုပ် တရားထိုင်လို့ရမလဲဘုရား၊ ကိုယ့်သံသရာအတွက်ပဲ ဘယ်မလုပ်ချင်ပဲ ရှိပါ့မလဲဘုရား''

''အဓိကကတော့ စိတ်ပါဗျာ ဦးဇင်းဆိုရင် တစ်နေကုန် စာချတယ်၊ ညဘက်ဆိုရင် အချိန်ရတာနဲ့ တရားထိုင်တာပဲ''

''တပည့်တော်လဲ အရှင်ဘုရား နေရာမှာဆိုရင် လုပ်ကောင်း လုပ်နိုင်လိမ့်မယ်ဘုရား၊ အခုတော့ ၀မ်းဝဖို့အတွက်လုံးပမ်းနေရတော့ မလွယ်ဘူးဘုရား၊ ဖြစ်နိုင်ရင် ပင်းပန်လို့ အိပ်နေချင်တာ၊ အလုပ်မလုပ်ရင် ငတ်မှာမို့လုပ်နေရတဘုရား''

ဦးဒတ္တသည်ကား ဟောရှိန်တတ်လျှက်ရှိ၏။ တစ်ဖက်သား ဘာဖြစ်နေသည်မသိ၊ အကွက်ဝင်တုန်း လိပ်ခေါင်းပင်ထွက်ထွက် ဟောမည်ဆိုသောသူ ဖြစ်လေ၏။ အခုတရားထိုင် အခုပင် သောတာပန် ဖြစ်မည့်ဟန်ဖြင့် ဆက်လက် တိုက်တွန်းလေ၏။

''ခင်ဗျား နောက်ဘ၀အတွက် မကောင်းဖြစ်မယ်နော်၊ ဦးဇင်းကတော့ နောက်ဘ၀အတွက် ပါရမီပါအောင်ပဲ လုပ်တယ်''

ဒကာတော်သည်ကား သီးခံနိုင်မှုကုန်ပြီထင်၏။ အလုပ်လုပ်ရလို့ မော၊ နားကိုအဓမ္မ လာကျင့်သူနဲ့ပါ တိုးတဲ့ကိန်း ဆိုက်နေတော့ ဘယ်လိုဘုတော လွတ်လိုက်သည်မသိ ဦးဒတ္တလဲ ချွတ်မရတဲ့ဒကာ ဟု သဘောပိုက်ကာ တစ်ချိုးတည်း လစ်ပြေးလေတော့၏။

နောက်မှ ဒကာတော် ဘာပြန်ပြောလိုက်သည်ကို သိချင်၍ ကပ်မေးကြည့်မိ၏။ ဒကာ ပြန်ပြောလိုက် သည်းကား..........

အရှင်ဘုရား တပည့်တော်ကို တရားဒီလောက်ထိုင်စေချင်ရင် တပည့်တော် မိန်းမနဲ့ကလေးတွေကို ခဏလောက် လုပ်ကျွေးထားပေးပါဘုရား၊ အရှင်ဘုရားရဲ့ မိန်းမလိုသဘောထားပီး လုပ်ကျွေးပေးပါ။ တပည့်တော် သင်္ကန်းဝတ်ပြီး တရားထိုင်ပါ့မယ် .. ဟူ၏။

ဦးဒတ္တသည်ကား ကာလံဒေသံကို ရိပ်ပါးမိကာ နောက်ဆိုလျှင် လူထူထူ တရားထိုင်ကြောင်း မပြောရဲတော့ပေ။



No comments:

Post a Comment