Friday, April 9, 2010

စိတ်ညစ်တဲ့ကဗျာ



အဘိဓမ္မာ (သို့) ဥပဒေ အသစ်အသစ်တွေနဲ့
ငါ့ကို ထူးမခတ်ပစ်ပါနဲ့
ငါ အသက်၀၀ ရှူပါရစေ
။.................။

ဘ၀တွေ ဘ၀တွေ
ဖြစ်ပျက်နေလိုက်ကြတာ
ဖုတ်လှိုက်မောမော
အလောင်းမင်းတရားကိုပြောလိုက်ချင်တယ်
ဒဂုံကိုသိမ်းပိုက်တဲ့ပွဲ
တဘောင်တနွဲဆိုတာကို
ဟိုချောင်ထဲမှာသိမ်းထားလိုက်လို့
။..............။

တစ်နဲ့ကိုးပေါင်းမှဖြစ်တဲ့ ဆယ့်ကိုးနဲ့
မင်္ဂလာတရားဆိုတာဖြစ်မတဲ့လား
ဝေဒနည်းဆိုတာကို
ငါနားမလည်သေးတော့ခက်တယ်
။...............။

ငါလေ အသုံးမကျတဲ့လူလို့
အပြောခံရတာ ငါနှစ်သက်ပါတယ်
အများအမြင်မှာ
ငါဟာ
ယုတ်မာတက်သူတစ်ယောက်အဖြစ်
ကမ္ဗည်းတွင်ရစ်မှာတော့
ငါအကြောက်ဆုံးပါ
။.............။

အို အရှင်ဘုရား
သနားသောအားဖြင့်
ရိုးသားခွင့်တစ်ခုကိုတော့ဖြင့်
တစ်သတ်တာ ထမ်းရွက်ခွင့်ပေးပါ
တပည့်တော်သေတဲ့အခါ
လိပ်ပြာ သန့်သွားချင်တယ်

ရိုးသားခွင့်ပေးပါ
..............ပါ
.......ပါ

။...............။

ဉာတကာနဉ္စ သင်္ဂဟော


တစ်ခါက ရွာတစ်ရွာမှာ တရားဓမ္မနဲ့အညီလမ်းညွှန်ပြတက်တဲ့ ဆရာတော်တစ်ပါးရယ်၊ နောက် ကျောင်းမှာနေပြီး ကျောင်းဝေယျာဝစ္စတွေကို ပြုတက်တဲ့ ကပ္ပိယကြီးတစ်ယောက်ရယ် ဆရာ ဒကာလက်တွဲပြီး ကျေးလတ်သာသနာကို ပြုနေကြလေတယ်။ ဆရာတော်သည် ကြုံရင်ကြုံသလို ဘုရားဟောတရားတော် တွေကိုးကားပြီး ဆိုဆုံးမလေ့ရှိတော့ သာသာနာစည်ပင်ပြန့်ပွားပြီး ရွာနီးချုပ်စပ်မှာ နာမည်တစ်လုံးနဲ့ ရွာဆိုလည်း မမှားဘူးပေဘူးပေါ့။ အလှူအတန်းရှိရှိသမျှတို့မှာ ဆရာကြွရင် ဒကာပါဆိုသလိုပဲ ပင့်ဖိတ်တဲ့အလှူမှန်သမျှ ကပ္ပိယကြီးပါသပေါ့။

တစ်ရက် ဆရာတော် အလှူတစ်ပွဲမှအပြန် ငှက်ပျောဖီး ရင့်ရင့်လှလှတစ်ပွဲကို ကန်တော့ပွဲအဖြစ် လှူဒါန်းလိုက်တယ်။ ဆရာတော်ကတော့ တစ်ပြုံးပြုံးပေါ့၊ ကျောင်းပြန်ရောက်ရင် ကိုရင်၊ ကျောင်းသားတွေကို ကျွေးရချည်သေးရဲ့ပေါ့။ သူ့တွက်ကိန်းနဲ့သူ ကျေနပ်ပီတိ ဖြစ်နေတဲ့ဆရာတော်လည်း ကျောင်းပြန်ရောက်လို့ ကပ္ပိယကြီး ငှက်ပျောသီးယူခဲ့စမ်းချေ လို့လဲဆိုရော ကပ္ပိယကြီးက ဆရာတော်ဘုရား ငှက်ပျောသီး မရှိတော့ပါဘုရား လို့လျှောက်တယ်။ ဟ. ငှက်ပျောသီးဘယ်ရောက်သွားလို့လဲကပ္ပိယကြီးရဲ့ ဆိုတော့ မှန်ပါ့ဘုရား ဆရာတော်ဟောထားတာပဲဘုရား ဉာတကာနဉ္စ သင်္ဂဟော၊ ဆွေမျိုးဉာတိများအား ပေးကမ်းထောက်ပံ့ ခြင်းသည်လည်း မင်္ဂလာတစ်ပါးလို့ အဲဒါကြောင့် ငှက်ပျောသီးကို တပည့်တော်ရဲ့ အမျိုးတွေကို ပေးလိုက်ပါပြီးဘုရား တဲ့။

မှန်လိုက်လေ ကပ္ပိယကြီးရယ် ကိုယ်ဆွေမျိုးကိုပေးကမ်းထောက်ပံ့တာ ဘုရားဟောမင်္ဂလာနှင့် ပြည့်စုံနေပေ သားပဲ၊ ကျုပ်သာ ပွဲရုံပိုင်ရှင်၊ ကုမ္ပဏီပိုင်ရှင်၊ ဘာပိုင်ရှင် ညာပိုင်ရှင်ဖြစ်ပါလား ညီကို မန်နေဂျာ၊ ဦးလေးကို အကြံပေးစသည့်ဖြင့်ပေါ့ အမျိုးတွေအကုန်ခန့်ပစ်မယ် ကိုယ်တိုင်တော့ သူဌေးဂိုက်နဲ့ စကထရီ ချောချောလေးတစ်ယောက်ခန့်ပြီး ရုံးခန်းမှာ အနှိပ်စားထိုင်နေရုံပ။ ဘာဘွဲ့တွေမှမလိုပါဘူး ကိုယ့်အမျိုးတွေ ဆိုတော့ စိတ်ချရပီးသားပဲလေ။ တိုးတက်တာမတိုးတက်တာအပထား ကိုယ့်စကားကိုတော့ နားထောင်ကြမှာ ပလေ။ နောက် ဉာတကာနဉ္စ သင်္ဂဟောဆိုတဲ့ ဘုရားဟော မင်္ဂလာနဲ့လည်း အံဝင်ဂွင်ကိုက် မဟုတ်ပေဘူးလား ကပ္ပိယကြီးရယ်။ ကပ္ပိယကြီးအားကျလို့ ငယ်ငယ်တည်းကအကြံကြီးကြံထားတဲ့စီမံကိန်းပေပ။ ကိုရင်တွေ၊ ကျောင်းသားတွေမစားရလဲ ဘာဖြစ်တုန်း ဆွေမျိုးတွေကိုထောက်ပံ့ပေးကမ်းတာပဲ မင်္ဂလာတရားကို ကျင့်ပွားရာလဲ ရောက်တာပဲနော။

ဆရာတော်ကတော့ ငြီးမှာပဲ သေဟဲ့ နန္ဒိယလို့၊ မတက်နိုင်ဘူး.. ကိုယ့်အမျိုးကောင်းစားဘို့အတွက်ပဲ .....ပေးမှာပဲ ပေးမှာပဲ ငါ့ကိုနော်မတားနဲ့..... သီချင်းလေးအေးအေးညည်းလို့......

Thursday, April 8, 2010

ဘေလာ့ဂ္ဂါ ခရီးသြားမ်ား



သူတို့ပြန်ကြတော့မည်၊ သူတို့ဆိုသည်မှာ အဖွဲ့ဦးဆောင်သူများထဲမှ ပုဏ္ဏားဘလော့ဂ်ဂါ သူရဲကောင်းများထဲမှ သူတို့။ ပိဋကတ်နဲ့ စာပေနှံ့စပ်သလောက် အရေးသွက်တဲ့ကိုနော၊ သူ့စာတွေဆို စောင့်ဖတ်ရတာအမောပင်။ နောက် နှလုံးသွေးစက်တို့နဲ့ ရေးစပ်တဲ့ကဗျာတွေ တရစပ်သီခဲ့တဲ့ကိုပိန်၊ ပုဏ္ဏားအဖွဲ့တွေကို ခေတ္တအားဖြင့်ခွဲခွါ သွားကြပေတော့မည်။ ဘလော့ဂ်ဂါခရီးသွားခြင်းလို့ အမည်တပ်ရမည်လား၊ ဓမ္မဂင်္ဂါကတော့ ဘလော့ဂ်ဂါ ထွက်ပြေးခြင်းတဲ့ သူ့ကိုသူအမည်တပ်ဖူး၏။ စောင့်မျှော်နေရပေတော့မည်။ အိုင်တီနဲ့ အဆက်မပျက်ရင် ဆက်လက်ရေးတင်ဖို့ မျှော်လင့်မိသည်။

ဓမ္မဂင်္ဂါ၊ ကိုနော၊ မစ္စတာပါရဂူ၊ ကိုပိန်၊ နောက် ရှင်လေးမော် စတဲ့ ဗာရာဏသီပျော်ပုဏ္ဏားများ၊ သူတို့၏ စာများ၊ ကဗျာများကို ဖတ်မှတ်ရင်းနဲ့ ဘလော့ဂ်ဂါစာရင်းထဲကို နောက်ပေါက်က၀င်ရောက် ကပြနေမိသည်ဆိုလျှင် မမှားပေ။ မတောက်တစ်ခေါက် စာတိုပေစလေးတွေ ရေးတက်ဘို့၊ တွေးတက်ဘို့ သူတို့ပင်မြှောက်ပေးကြ၏။ ဖတ်ရှုပေး၊ ဝေဘန်ပေးရင်းနဲ့ ဆွဲခေါ်ကြ၏။ ဘလော့ဂ်ဂါရှေ့ဆောင်လမ်းပြများပင်။

ဘလော့ဂ်ဂါများသည် လာရာအရပ်ဒေသ ကွဲပြားပင်ကွဲပြားသော်ငြားလည်း တောသားဆိုတဲ့ဝတ်ရုံကိုတော့ တူညီဝတ်စုံအဖြစ် ဆင်မြန်းခဲ့ကြပေ၏။ ကျေးလတ်မှာ မွေးဖွားခဲ့ကြတဲ့ ဘလော့ဂ်ဂါများပင်။ နောက် မြတ်ဗုဒ္ဓ၏ တပည့်သား ရဟန်းများအဖြစ် ရာစုသစ်ရဲ့ စနစ်ထဲကို တိုးဝင်ခဲ့ကြခြင်းလည်း တူညီ၏။ ၁၆ ရာစု ကိုရီးယားစစ်သူကြီးပြောသလို “စစ်မြေပြင်မှာ လက်နက်ခြင်း၊ အသက်ခြင်းမျှဝေကြတာဟာ စစ်သူရဲကောင်း တို့ရဲဝါဒ” တဲ့။ “အိုင်တီခေတ် ဘလော့ဂ်ဂါ ကောင်းကင်ယံမှာတော့ နှလုံးသားခြင်း မျှဝေနေ ကြတာဟာ ဘာဝါဒဖြစ်လေမည်နည်း ? ။

သူတို့ကို လွမ်းနေတော့မည်။ သူတို့နှလုံးသားမှ စီးဆင်းလာတဲ့ သွေးစက်တို့ကို ဖတ်ဖို့ စောင့်နေရပေ ဦးတော့မည်။ have a nice trip .. လို့ပဲ ဘိုဆန်ဆန်ဆုတောင်းပေးရတော့မည်။

Wednesday, April 7, 2010

အတာသို့ တမ်းခြင်း



နှစ်လုံးရယ်တဲ့ပါဒ်မှီ၊
ရေသွန်းစံပျော်လို့
ငွေကံ့ကော် ပိတောက်ပန်းရယ်
လန်းတဲ့ရာသီ။
။...............။
စိတြာရွှေကြယ်မြတ်ကယ်နှင့်
စန်းသမသတ်ပြည့်ခါမှီ
ညဥ့်နာရီနေခင်း။
။..............။
မျှမပို
လအလို အခါထူးပါတဲ့
တန်ခူး သည်ဂိမှေ၌
ရ၀ိန်နေ မဇ္ဈေနန်းမှာ
မြန်းမည့်အတွင်း။
။...............။
(မဟာဂီတဦးပြုံးချို)

သင်္ကြန်တဲ့.. တစ်ဦးကိုတစ်ဦးရေစင်ဖြင့်ပတ်ဖြန်းကျ၊ အပျိုလူပျို ကြည်ပျော်နူးကျနဲ့ ထူးလှတဲ့ရိုးရာပွဲ၊ နှစ်ဟောင်းထဲက အညစ်အကြေးတွေကို နှစ်သစ်ထဲပါမသွားအောင် အတာရေနဲ့ဆေးကြောပစ်ခဲ့ကြ၏။ အတာရေဟူသည် .. မေတ္တာဓာတ်ကို ပမာပြု၍ “ရေလိုအေးလို့ပန်းလိုလန်းပါစေ”ဟူသော အဓိပ္ပါယ်ဖြင့် ရေပတ်ကစားခြင်းပင်ဖြစ်၏။ “ထုံသင်းနံ့သာ ရေသီတာဝယ် စမ္ပာကရမတ် ပန်းပေါင်းဖက်” သောအမွေးအကြိုင်တို့ဖြင့် ငွေဖလားတွင်ထည့်၍ ရေပတ်လောင်းကြလေ့ရှိ၏။

ကိုယ်စိတ်နှလုံးစင်ကြယ်စေရန်အတွက် တရော်၊ ကင်ပွန်းတို့ဖြင့် ခေါင်းလျှော်ခြင်း၊ ဦးခေါင်းဆေးမင်္ဂလာကိုလည်း ပြုလေ့ရှိကြ၏။ ဥပုသ်သီလဆောက်တည်ခြင်း၊ ရှင်ပြုရဟန်းခံခြင်း၊ စတုဒိသာကျွေးမွေးခြင်းစတဲ့ အလှူဒါန အမျိုးမျိုးကိုလည်း ပြုတက်ကုန်၏။

အမိမြေနဲ့ဝေးပြီး ယဉ်ကျေးမှုကိုမြတ်နိုးတက်သူအဖို့တော့ မမေ့ရက်စရာ အတာပွဲလေးပင်။ ငယ်စဉ်က ကျေးလတ်မှာ သူငယ်ချင်းတသိုက်နှင့် ကြည်နူးပျော်ပါးရေပတ်ကစားခဲ့ကြတာကို တမ်းတမိသည်။ နှစ်လအလီလီ ကြာခဲ့ပါပြီ၊ ဒါပေမဲ့ သတိရစိတ်ဓာတ်ကတော့ ဘယ်လိုမှဖျောက်ဖြတ်လို့မရ။ နေရာဒေသမျိုးစုံမှာ လှုပ်ရှားကျင်လည်နေရပေမဲ့ အမိမြေရဲ့ အတာပွဲနဲ့ ပျော်မွေ့ဖွယ်ဓလေ့လေးကိုတော့ဖြင့် တသက် မမေ့ရက်စရာ။ လွမ်းမိပါ၏။

ရောက်လာတော့မဲ့ အတာလေးရေ
စိုချင်စိုပါစေတော့
ဗြဟ္မစိုရေတစ်ခွက်နဲ့
ဖြန်းပတ်ပါတော့
။...............။

သတိရခြင်းတွေ လွှမ်းခြုံထားတဲ့
အမိမြေနဲ့ ရိုးရာဓလေ့ကို
ချစ်နေတက်သူတစ်ယောက် အတွက်
သပြေခက်နဲ့ဝေးနေမယ်ဆိုလဲ
လွမ်းမြဲလွမ်းမိတယ်
။................။

ရောက်လာတော့မယ် အတာလေးရေ
ပူလောင်ပြင်းတဲ့နွေရက်အတွင်းမှာ
အေးမြခြင်းတွေ မျှဝေပါတော့
။...................။


မှတ်ချက်။........။ ကဗျာရဲ့စကားလုံးအချို့ကို ဂင်္ဂါဂျီး၊ စာသားအချို့ကို မောင်ထင်၏ ဆယ့်နှစ်လရာသီမှ ကူးချမိပါကြောင်း။ အဟမ်း... ခွင့်လွတ်စေလိုကြောင်း။

နာမည်မရှိတဲ့ကဗျာ(သို့) ကဗျာမဟုတ်တဲ့ကဗျာ



ပို့စ်အသစ်တင်ဘို့ စဉ်းစားလိုက်တိုင်း ဘယ်အကြောင်းအရာကို ဘယ်ကစရေးရမှန်းမသိ ဖြစ်နေတယ်။ အားနည်းလှတဲ့ ဗဟုသုတနဲ့ ဖန်တီးမှုက လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုကို နှောင်နှေး တွန့်ဆုတ် ကြန့်ကြာစေတော့ ဘာကို ဘယ်လိုရေးရမှန်း မသိတော့။ တော်၏ မတော်၏မစဉ်းစား ကဗျာလား စကားပြေလား ဘာလားလားပေါ့။ လက်ဆော့တာပါဆိုမှ။ စိတ်ထဲရှိရာကိုသာ ရေးချလိုက်တယ် မကောင်းဘူး ဆိုတာတော့ ရှေ့ထွက် စာတွေကသက်သေပေါ့။ ဖတ်ရင်းနဲ့ ကဗျာနာမည်လေးပေးကြပါ.. လို့ .............


ဘုရားကို ကိုးကွယ်ပါ၏
ထိုဘုရား၏ ဟောကြားချက်
တရားတော်မြတ်ကိုလည်း
မြတ်နိုးပါ၏
ဘုရား၏ တပည့်သား
ထေရ်သံဃာအများကိုလည်း
ရိုကျိုးပါ၏
။...............။

ယုံကြည်မှုနဲ့ စွမ်းအား
ဘုရားကမွေးဖွားပေးတယ်
ရောင့်ရဲခြင်းနှင့် နှိမ့်ချရိုကျိုးမှု
ငါပြုမူတက်ဘို့
တရားက လမ်းပြလို့
အဖွဲ့အစည်းနဲ့ယထာဘူတကျဘို့
နှစ်ထောင့်ငါးရာအလွန်တည်ရှိမှုနဲ့
သံဃာမြတ်တို့ သင်ပြတယ်
။.............။

ငါ့ကိုယ်ငါပြုပြင်
ယုံကြည်မှုနဲ့ လွန်းတင်လို့
ခိုင်မာအောင် ကျစ်ထုံး
ဒုက္ခလမ်းဆုံးကိုလျှောက်ဖို့
ငါဖိနပ်စီးနေတယ်
။.................။

ဗုဒ္ဓဘုရားကို ယုံကြည်ကိုးစားမှု
တရားတော်များကျင့်ပွားမှု
သံဃာတော်အား အားထားမှုတို့အတွက်
အခြားဘာသာတွေရဲ့စည်းကမ်းချက်မှာတော့
ငါဟာ
ငရဲသားတံဆိတ်ကပ်ပြီးသားဖြစ်မှာပါ
အယူဝါဒ ဆန့်ကျင်မှုနဲ့ပေါ့
။............။