Tuesday, April 6, 2010

ကြီးရင့်ခြင်း



အခုလို သင်္ကြန်နားနီးတော့
ဥသြတွန်သံကို
လွမ်းမိသလို
ကိုဇော်ဝမ်းကြီးဆိုတဲ့
တူးပို့ တူးပို့သံ
အဖန်ဖန်ပြန်ကြားမိပေါ့
။...............။

ငါ့မှာ ပြန်ရှာဖို့
မနှစ်က လိပ်စာပေးခဲ့သူမရှိ
ဒီလိုနဲ့ပဲ
ရေမစိုပဲ ပျောက်ပျက်ခဲ့ရ
။............။

နှစ်သစ်တစ်ခုထဲ တိုးဝင်ရင်း
သက္ကရာဇ်တွေ ချချနင်းခဲ့တာ
ဒီတစ်ခါပါနဲ့ဆို
ဧကူနတိံသ
ဘ၀ရဲ့ တစ်ဆစ်ချိုးပေါ့။
။..............။

တစ်နှစ်ကြီးလာတာကလွဲရင်
ရင့်ကျက်မှုဆိုတာ ရှာမရ
ဘ၀ကို အဆန်လှော်ရင်း
အင်း
အာသာပြင်းပြင်းရှာဖွေနေတဲ့
အောင်မြင်မှုအတွက်
အပြင်းချီတက်ရဦးမှာပါလား
။..............။

Sunday, April 4, 2010

အမေသို့တမ်းခြင်း



ရထားဥသြသံတွေမကြားမိပါဘူး
အိမ်ပြန်ချင်စိတ်ကတော့
ဘယ်လိုမှထိန်းချုပ်လို့မရ
လွမ်းလှတဲ့ အမေ့အိမ်
။.................။

ဒီအချိန်ဆို
ပြန်လာမယ်ဆိုတဲ့အတွေးနဲ့
အမေမျှော်နေမယ်
သိတယ်
အချိန်နဲ့ဘ၀ကို
ကိုယ်တိုင်ထုဆစ်တာမဟုတ်တော့
သူတို့အလိုကျ
စီးမျောနေရမှာပဲလေ
။..............။

ဘယ်ဆီပဲရောက်ရောက်
မေတ္တာတရားနဲ့လွမ်းခြုံထားတဲ့
အမေ့အပြုံးလှလှကို
လွမ်းတယ်
ကျန်းမာရေးဂရုစိုက်ဖို့
မှာတက်တဲ့
အမေ့ရဲ့ ကရုဏာကိုလဲ
လွမ်းတယ်
ပညာရေးအလေးထားဘို့
အလင်းပြတဲ့အမေ့သြ၀ါဒကိုလဲ
လွမ်းတယ်
။................။

အနုသယကိုဖြတ်ဖို့
ရဟန်းအဖြစ်ဖန်ဆင်းပေးခဲ့ပေမဲ့
(အမြဲတမ်းမဟုတ်ခဲ့တောင်)
အိမ်ပြန်ချိန်တန်ရင်တော့
အမေ့ကိုတမ်းတတက်တာ
အသေအချာပဲ
။.............။

အမေ့ရင်ခွင်နဲ့ ကွဲကွာခဲ့တာ
အနှစ်နှစ်ဆယ်
လွမ်းတယ်
ရထားဥသြသံမကြားလဲ လွမ်းတယ်
။...............။

Saturday, April 3, 2010

မဇ္ဈိမအလှ ကဗျာ


တော၏အလှ
သဘာဝမို့
ချုပ်ညနေရီ
ချိန်ခါမှီ၌
ထမီတိုတို
ရေစိုစိုနှင့်
တေးလေးဆိုကာ
ရေခပ်လာသည်
သူဇာနတ်မယ် ပမာလား။
(နတ်နွယ်၊ - ကနောင်)

တောသဘာဝအလှကို ဖော်ကြူးထားတဲ့ကဗျာလေး၊ ကောင်းလိုက်ဘိခြင်း၊ နတ်နွယ်(ကနောင်)ရေ ရွာကိုပင် ပြန်လွမ်းမိသလို၊ ဘယ်ကိုလွမ်းရမှန်းမသိပေ။

မဇ္ဈိမအလှ
သဘာဝမို့
ချုပ်ညနေရီ
ချိန်ခါမှီ၌
ဆာရီကပိုကရို
ရေခွက်ပိုနှင့်
တေးတိတ်(အသံတိတ်)ဆိုကာ
အပြင်ထွက်လာသည်
အိမ်သာတက်ရန်ပါတကား။
(အမည်မသိ ခေတ်စာဆို)

အိန္ဒိယ၏ ညနေခင်းအလှကို ဖွဲ့ဆိုထားတဲ့ကဗျာ၊ ............ အင်း.......... လိုက်ဘိခြင်း။ (ဆရာနတ်နွယ်ရဲ့ ကဗျာလေးအား ဖြတ်ညှပ်ကပ်လုပ်လိုက်ရာ ကဗျာဖြစ်မလာပဲ ကဗျက်ဖြစ်သွားပါကြောင်း)။

ရာဟုရဲ့မာယာ ရှင်းတမ်း



ဘလော့ဂ် Title လေးမှာရေးထားမိတဲ့ “လမင်းရဲ့အလင်းရောင်နဲ့ ကိုယ့်ကိုယ်ကို ရှာဖွေရင်း ရာဟုရဲ့ မာယာတွင်းကို သက်ဆင်းခဲ့ရသူ” ဆိုတဲ့စာသားလေးနဲ့ပတ်သက်ပြီး အမေး comment လေးတစ်ခု တက်လာတယ်။ “ရာဟုရဲ့မာယာဆိုတာ ဘာပါလဲ” တဲ့။ အမေးရှိတော့လဲ အဖြေပေးရတာပေါ့။

မြတ်စွာဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော်ကိုရလို့ ပဉ္စ၀ဂ္ဂီငါးဦးကိုတရားဦးဟောဘို့ ဂယာမှ ဗာရာဏသီ မိဂဒါဝုန်သို့ကြွအသွား လမ်းခုလပ်မှာ ဥပက ဆိုတဲ့ တက္ကဒွန်းနဲ့ ရင်ဆိုင်တွေ့လေ၏။ မြတ်စွာဘုရား၏ ကြည်ရွှင်ဖွယ်သော အမူအရာ ပသာဒတို့ကိုမြင်ပြီး..

“င့ါရှင် သင်၏ ဣနြေ္ဒတို့သည် အထူးသဖြင့်ကြည်လင်ကုန်၏။ အရေအဆင်းသည် စင်ကြယ်၏၊ ကြည်စင်၏၊ င့ါရှင် သင်သည် အဘယ်သူ့ကိုရည်ညွန်း၍ ရဟန်းပြုသနည်း၊ ငါ့ရှင်၏ ဆရာသည် အဘယ်သူနည်း၊ သင်သည် အဘယ်သူ၏ တရားကို နှစ်သက်သနည်း။ ” ဟုမေးလေ၏။

မြတ်စွာဘုရားလည်း.........

“ဥပက ငါသည် အလုံးစုံကို လွမ်းမိုးနိုင်၏၊ အလုံးစုံကိုသိ၏၊ တရားအားလုံးတို့၌ (ကိလေသာဖြင့်) မလိမ်းကျံ၊ အလုံးစုံကို စွန့်အပ်ပြီ၊ တဏှာ၏ကုန်ရာ နိဗ္ဗာန်ကို အာရုံပြုရသောကြောင့် ကိလေသာမှလွတ်ပြီ၊ ကိုယ်တိုင် အထူးသိမြင်ပြီးဖြစ်၍ အဘယ်သူကို ဆရာဟူ၍ ညွှန်းရအံ့နည်း”
“ဥပက ငါ့အား ဆရာမရှိ၊ ငါနှင့်တူသောသူမရှိ၊ နတ်နှင့်တကွသော လောက၌ ငါ့အားဖတ်ပြိုင်နိုင်သော ပုဂ္ဂိုလ်မရှိ”
“ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည်အတုမရှိသောသူတည်း၊ နတ်လူတို့၏ဆရာတည်း၊ ငါသည်သာလျှင် အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာသိသော တစ်ဆူတည်းသော ဘုရားတည်း၊ ကိလေသာမီးငြိမ်းသည်ဖြစ်၍ ချမ်းမြ၏။”
“ငါသည် ဓမ္မစကြ်ာတရားကို ဟောခြင်းငှာ ကာသိတိုင်း၊ ဗာရာဏသီပြည်သို့သွားအံ့၊ သူကန်းသဖွယ်ဖြစ်သောလောက၌ တရားတည်းဟူသော အမြိုက်စည်ကြီးကို တီးခတ်ပေအဲ့။”

ဥပကလဲ.....

“င့ါရှင် ၀န်ခံသော အဆုံးမရှိသောဉာဏ်နှင့်ပြည့်စုံသော၊ မာရ်ငါးပါးကို အောင်မြင်သောဘုရား ဖြစ်ထိုက်ပါ သလော” ဟုမေးလေပြန်၏။

“ဥပက အာသဝေါတရားတို့၏ကုန်ခြင်းသို့ရောက်သော ငါကဲ့သို့သောပုဂ္ဂိုလ်တို့သည် စင်စစ် ဇိန မည်ကုန်၏၊ ငါသည် ယုတ်မာသော အလုံးစုံသောအကုသိုလ်တရားတို့ကိုအောင်အပ်သောကြောင့် စင်စစ် ဇိနမည်၏” ဟုမိန့်တော်မူ၏။

ဥပက တက္ကဒွန်းလဲ .. “ငါ့ရှင် ဟုတ်ပေရာ၏” ဦးခေါင်းတညိမ့်ညိမ့်ဖြင့် လမ်းဖယ်၍သွားလေ၏။

ထိုနေရာ၌ ဥပကသည် လည်း တရားကိုရှာဖွေနေသူတစ်ဦးပင်ဖြစ်ပေ၏။ သူကိုယ်တိုင်လဲ အောင်မြင်သူဇိနဟု အထင်ရှိလေ၏။ ဘုရားရှင်တည်းဟူသော လမင်းကိုတွေ့သော်လည်း သူကိုယ်သူမရှာဖွေနိုင်ခဲ့၊ အတ္တဟူသော ရာဟုသည် သူ့အားဖမ်းစားထားလေ၏။ ထိုအတ္တဟူသောရာဟု၏မာယာတွင်းကို သူသည်လည်း သက်ဆင်း ခဲ့ရပေ၏။ ထိုသို့ဘုရားရှင်နှင့် တွေ့ပင်တွေ့ငြားသော်လည်း ရာဂ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ရာဟုရဲ့မာယာ တွေထဲမှာ သက်ဆင်းခဲ့ရတဲ့ ပုဂ္ဂိုလ်တို့သည် အများအပြားပင်။

ကိုယ်တိုင်သည်ပင် ဘုရားရှင်ဟောကြားထားသော (ဘုရားတည်းဟူသောလမင်း၏) သစ္စာအလင်းရောင် ရှိသော်လည်း အသိပညာနည်းခြင်း မောဟတည်းဟူသော ရာဟုမာယာတွင်းမှာ သက်ဆင်း ခဲ့ရကြောင်းကို ဖွင့်ဆိုရေးသားလိုက်ရပါကြောင်း။

Crystal.. ရေ ဒီလောက်ဆိုကျေနပ်လောက်ပါပြီနော်.. ကျေးဇူးတင်ပါတယ်။

Friday, April 2, 2010

ခန္တီစ၊ တပေါစ




ခန္တီစ၊ သီးခံခြင်းသည်လည်းကောင်း။
တပေါစ၊ ခြိုးခြံချွေတာခြင်းသည်လည်းကောင်း။
မင်္ဂလာမည်ပေ၏။

ငယ်စဉ်ဘ၀ ကျောင်းသားငယ်အဖြစ် ရွာဦးကျောင်း၊ မူလတန်းကျောင်းတွေမှာ ပညာသင်ဖို့အတွက် အပ်နှံပြီး သားတစ်ယောက်ရဲ့ပညာရေးကို မိဘတွေက ဖြည့်ဆည်းပေးခဲ့ကြ၏။ ငယ်ရွယ်သူတို့ထုံးစံအတိုင်း ကျောင်းတက်၊ စာကျက်ဖို့အလွန်ပင် ပျင်းရိမိခဲ့၏။ ဒါပေမဲ့မရ မိဘရဲ့စေတနာအဖြစ် ကြိမ်လုံးက တ၀ဲဝဲ၊ ကျောင်းသွားပြန်ရင်လဲ စာမရတဲ့အတွက် ဘုန်းတော်ကြီးကျောင်းမှာဆို ဆရာတော်၊ အတန်းကျောင်းမှာဆို ဆရာ၊ ဆရာမတွေရဲ့ ကြိမ်လုံးနဲ့ ပေတံစောင်းတွေကလဲ ခပ်ထက်ထက်ဖြစ်၏။ စာမသင်ချင်တာကို ဘယ်လို့မှ အကြောင်းပြလို့မရခဲ့ သည်းခံပြီး ကျောင်းမှန်မှန်တက်ခဲ့ရ၏။ ခန္တီစ ဂုဏ်နှင့်ပြည့်စုံခဲ့တယ်လို့ မိုက်မိုက်ကန်းကန်း ယုံကြည့်မိ၏ (ကိုယ့်အတွက်မှန်းမသိပဲကိုး)။ တစ်ရက်.. ကျောင်းသားတွေစာစုကျက်နေတုန်း စာသင်ပေးတဲ့ ဆရာတော် ချက်ချင်းပဲရောက်လာပီး ဘာမပြောညာမပြောနဲ့ ညီဝမ်းကွဲတစ်ယောက်နဲ့အတူ ကြိမ်ဖြင့် ဆော်ခံရ၏။ (အင်း မှတ်) အကြောင်းသော်ကား.. စာမကျက်လို့ဟူလိုသော်။ ခက်၏ ဘာမှ ဖြေရှင်းပြခွင့်မရလိုက် သူလာမှန်းသိလို့ စာကျက်နေရာကနေ အခြားဆော့နေသူတွေကို သတိလှန်းပေး မိမှန်း တကယ်ပင်မသိ၊ ရှင်းပြခွင့်မရခဲ့။ ကံဆိုးလိုက်လေခြင်း။ ကိုယ့်ဟာကို ခန္တီစ၊ မနိုင်၍ သည်းခံခြင်း သည်လည်းကောင်း၊ လို့ပဲ အဓိပ္ပါယ်ပြန်ပြင်မိ၏။ ဟုတ်သည်လေ ရှင်းပြခွင့်တောင် မနိုင်ခဲ့တာကလား။ သနားစရာ။ ထိုသို့ပင် မနိုင်၍ သည်းခံရခြင်းတို့သည် နေရာတော်တော်များများပင်ရှိလေ၏။ (မတော်၍သည်းခံခြင်းလည်း ပါကောင်း ပါပေမည်။)

၂၀၀၅ ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့သို့ ပညာသင်ရောက်ရှိခဲ့၏။ ဘ၀ရဲ့တစ်ဆစ်ချိုးကွေ့ပင်။ ပထမနှစ်ဖြေဆိုပြီးလို့ ဒုတိယနှစ်အရောက် ပါလာသည့်ငွေ (ဒေါ်လာလေးမဖြစ်စလောက်)လေးသည် ကုန်လေ၏။ ဆရာဆီလှန်းမှာထား သော်လည်း လူကြုံကမရှိသေး၍ ရောက်မလာသေး၊ သူငယ်ချင်းတွေကတော့ မေး၏ ပိုက်ဆံပြက်နေရင် ယူသုံးတဲ့၊ ကျေးဇူးအထူးတင်မိ၏။ ခြွေတာရေးစရတော့သည်ပေါ့။ ထိုနေ့မှစ၍ အပိုကုန်စရာတွေကို အားလုံးစည်းကမ်း (ကိုယ်ပိုင်နော်) ဖြင့်ထိန်းချုပ်ပစ်ခဲ့၏။ အတော်ဒုက္ခ ရောက်သည့် ဖြစ်ခြင်း။ နှလုံးသွင်းမိသည်းကား.... တပေါစ၊ မရှိ၍ ခြိုးခြံချွေတာခြင်းသည်လည်း မင်္ဂလာတစ်ပါးလို့ (ဟုတ်မဟုတ် တော့မသိဘူး၊ ကိုယ့်အတွေ့အကြုံနဲ့ကိုယ်)။

အင်း ......
ခန္တီစ၊ မနိုင်၍(မဖြစ်နိုင်၍)သည်းခံခြင်းသည်းလည်းကောင်း။ တပေါစ၊ မရှိ(သေး)၍ ချွေတာခြင်းသည် လည်းကောင်း၊ မင်္ဂလံ၊ မင်္ဂလာမည်၏ဟူ၍၊ တွံ၊ အသင်စာဖတ်သူများသည်၊ ဂဏှာဟိ၊ မှတ်ကြပါကုန်။

တစ်လုံးတစ်ပါဒမှစ၍ သင်ကြားပြသပေးခဲ့သော ဆရာသမားများ၊ ဆရာ၊ ဆရာမများကို လေးစားအပ်ပါသည်။