Monday, October 18, 2010

ညည်းတတ်သော လူခိုများ


(၁)

ဘယ်လိုလဲ နေကောင်းလား အဆင်ပြေလား

ဒီလိုမေးခွန်းမျိုးက လူတစ်ဦးနဲ့တစ်ဦးတွေ့ရင် မေးနေကြ၊ ကြားနေကြ ပဋိသန္ထာရစကားများပါပဲ။ အဖြေကတော့ ရေရာမှုသိပ်မရှိလှဘူး။ ဒီလိုပါပဲ။ ဒီလိုပါပဲဆိုတဲ့ အဖြေရဲ့နောက်မှ မရေရာမှုတွေ၊ မသေချာမှုတွေ ပါနေတတ်တယ်။ (ကိုယ်တိုင်လဲ ပြောဆို သုံးနှုံးဖူးပါတယ်။) ညည်းသံတွေ ညည်းသံတွေ အလွှာပေါင်းစုံကနေ လာတဲ့ညည်းသံတွေ အိမ်ခေါင်မိုးပေါ်က ခိုတွေနဲ့ နင်လားငါလားပါပဲ။ သူတို့ကို လူခိုလို့ပဲ နာမည်ပေးကြပါစို့။

စီးပွားရေးလုပ်ရတာလဲ အဆင်မပြေပါဘူး၊ ကုန်ဈေးနှုံးနဲ့ ကစားရတာ ဖက်ဖက်ကိုမောရောပဲ၊ အခုစီးနေတဲ့ကားက ၀ယ်ထားတာမကြာသေးဘူး ခဏခဏပျက်နေလို့ ၀ါ့က်ရှော့ကို ပို့ထားရတယ်၊ အခုနေတဲ့တိုက်ကလဲ ပတ်ဝန်းကျင်တော့ သန့်ပါရဲ့ ဒါပေမဲ့ မီးမမှန်တာက ခက်တယ်၊ သူဌေးလုပ်ရတာလဲ လွယ်တာမှတ်လို့ သူများအထင်ကြီးအောင် နေရတာဆိုတော့ လူပင်ပန်းစိတ်ပင်ပန်းပဲ၊ ဖြစ်နိုင်ရင် အေးအေးဆေးဆေးပဲ နေချင်တော့တယ်၊ သားသမီးတွေကလဲ အားကိုးစရာမမြင်တော့ နားလို့ကလဲ မရသေးဘူး၊ စတဲ့စတဲ့ ပြည့်စုံခြင်းရဲ့ နောက်ဆက်တွဲ ဒုက္ခတွေအတွက် ၀င်ငွေကောင်းတဲ့လုပ်ငန်း၊ နေစရာတိုက်အိမ် မြောက်များစွာ၊ စီးစရာယဉ်များစွာ ပိုင်ဆိုင်တဲ့ အကြီးစားခိုတွေရဲ့ ညည်းချင်းက တစ်မျိုး။

လခစားလုပ်ရတာလဲ မကောင်းပါဘူး၊ ဖြစ်နိုင်ရင် ကိုယ်ပိုင်စီးပွားရေးလေးဖြစ်ဖြစ် ပြောင်းလုပ်ချင်ပါတယ်၊ အရင်းအနှီးမရှိလို့ ငြိမ်နေတာ၊ အလုပ်သွားအလုပ်ပြန်နဲ့ အချိန်ကုန်ရော မိသားစုအရေး၊ ရပ်ရွာအရေး စတာတွေမှာတောင် လစ်ဟင်းနေတာ ကြာပေါ့၊ အလုပ်သွားရင် လူကြီး(သူဌေး)မျက်နှာကို ကြည့်ရသေးတယ်၊ လစာလေးကောင်းလို့၊ နောင်ရေးအတွက် စိတ်အေးရအောင်လို့သာ ကုတ်ကပ်လုပ်နေရတာ၊ တကယ်ဆိုရင် ဆက်မလုပ်ချင်တော့ဘူး ဒီအလုပ်မျိုးကို၊ ၀င်ငွေကတော့ မိသားစုလောက်ငှပါရဲ့၊ တစ်ခါတစ်လေ ကုန်စရာများကြုံလာရင် ကျွေးပတ်လည်ဝိုင်းပီး လုံးချာကိုလိုက်ရော၊ စတဲ့စတဲ့ လခစား (လူလတ်တန်းစား ခေါ်မလား) ခိုများရဲ့ ညည်းချင်းက တစ်ဖုံ။

ထမင်းတနပ်အတွက် ၀င်ငွေရဖို့က တော်တော်ခက်တယ်ဗျာ ဒီခေတ်ကြီးထဲမှာ၊ အလုပ်ကလဲ ပုံမှန်မရှိ၊ ပန်းရံခေါ်လဲ လုပ်၊ လက်သမားခေါ်လဲလုပ်၊ ကြုံရာကျပန်းလုပ်ကိုင်ပြီး မိသားစုအတွက် ရှိနေတဲ့ ပါးစပ်းပေါက်လေးတွေ ပုံမှန်လှုပ်နိုင်အောင် ကြုံစားနေရတယ်၊ ကျန်းမာရေး မကောင်းတာတောင် နားရတယ်မရှိဘူးလေ၊ ကိုယ်ကနားလိုက်ရင် မိသားစုတွေ ထမင်းငတ်ကုန်မှာပဲ၊ ၀င်ငွေနည်းရတဲ့အထဲ ကုန်ဈေးနှုံးကကြီးသေး၊ ၀မ်းဝဖို့အရေး ရှိတာလေးနဲ့ စားသောက်ရတော့ အသားငါးများ အလှမ်းမမှီပေါင်ဗျာ၊ ဘ၀ကိုက ဆိုးပါတယ်ဗျာ စတဲ့စတဲ့ အသေးစားခိုများရဲ့ ညည်းချင်းက တစ်သွယ်။

အဆင်ပြေရဲ့လား..။ ဒီလိုပါပဲ..။

ခိုတွေတင် ညည်းတယ်မှတ်နေတာ။ လူကပိုညည်းတတ်မှန်း ခုမှသိတော့တယ်။ အတန်းစား အသီးသီး အလွာအစုံ နေရာတိုင်းမှာ ညည်းသံလေးတွေနဲ့ ဖက်ရှင်လို့ပြောရင် ရနိုင်ရဲ့။ သူဌေးကြီးကလဲညည်းတယ်၊ အတန်အသင့် ပြည့်စုံသူကလဲ ညည်းတယ်၊ အောက်ခြေ လူတန်းစားကလဲ ညည်းတယ်။ ဒီခေတ်မှာ ခေတ်အစားဆုံး ဖက်ရှင်လိုတောင် ဖြစ်နေပေါ့။

(၂)

ဘုရားရှင်ဟာ သူ့တပည့်သား ရဟန်း၊ ရှင်လူကိုတွေ့ရင်

ကစ္စိ ယာပနီယံ၊ ခမနီယံ လို့ အရင်နှုတ်ဆက်တယ်။ အဓိပ္ပါယ်ကတော့ ငါ့ရှင် အသက်မွေးခြင်း သပ္ပါယ မျှတပါ၏လော၊ ခန့်ကျန်းပါ၏လော (ကျန်းခန့်သာလို့မာပါ၏လော)။ စားဝတ်နေရေး၊ ကျန်းမာရေး အဆင်ပြေပြေ ရှိရဲ့လားလို့မေးတာပါ။ အာမ၊ မှန်ပါ၊ မျှတ ကျန်းမာပါတယ်။ ဒီလောက်ဆိုရင် ပီးပီ။ ယောနိသော မနသိကာရတရားနဲ့ အသင့်အတင့် နေနိုင်ရင်နေ၊ မနေနိုင်ရင် ရလေလိုလေဆိုတဲ့ လောဘ၊ လိုတာမရလို့ ဖြစ်တက်တဲ့ ဒေါသ၊ စတာတွေဟာ ကိုယ်တွင်းကိုဝင်ရောက် ထိုးဖောက်လာမှာပဲ။

ရာထူးတွေ၊ စည်းစိမ်တွေ၊ ရသင့်သလောက် (ကိုယ့်ကျိုးစားသလောက်) ရနေ၊ ရှိနေပါလျှက်နဲ့ စိတ်ရဲ့ မပြည့်စုံခြင်း နောက်ကိုလိုက်ရင်း နဲ့ ညည်းခြင်းဖက်ရှင် လောကထဲ ရောက်မှန်းမသိ ရောက်နေကြတာပါပဲ။ (ကိုယ်လုပ်သလောက် ကျိုးစားသလောက် အကျိုးမခံစားကိုတော့ မဆန်းစစ်တက်ပေ နိုင်ငံရေးသမား၊ ဘောဂဗေဒသမားတွေပဲ သိပေလိမ့်မည်။ ဘာအတွက် ဘာကြောင့်ဆိုတာ)။ ဖြစ်သင့်တာကတော့ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရတာလေးနဲ့ ၀အောင်စားဆိုတဲ့ ဆုံးမစာလေးအတိုင်းပါပဲ။ ဘ၀ဆိုတာ ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကရတာမဟုတ်တော့ ကိုယ်ဖြစ်ချင်တဲ့ ပုံစံခွက်ထဲတော့ ၀င်လာမှမဟုတ်ပေဘူး (၀င်လာအောင်ရေးတဲ့ ဇာတ်ညွှန်းအတုကလဲ ရေရှည်မခံပါဘူး) ။ သတိနဲ့ အထူးဆင်ခြင်မိဖို့ပါပဲ။

(၃)

အရှင်ဘုရား အစအစအရာအရာ အဆင်ပြေရဲ့ လားဘုရား ..။

အင်း ဒီလိုပါပဲ ဒကာ..။ အဆင်ပြေအောင်နေရတာပေါ့..။

အရှင်ဘုရားတို့က ငြိမ်းချမ်းပါတယ်..။ ဒကာ ဒကာမတွေက ထောက်ပံ့တာလေးနဲ့ ပြည့်စုံနေတော့ ကိုယ့်အလုပ်လေးကို လုပ်နေရုံပဲ..။ ဘာလိုတာရှိလဲ ဘုရား..။

ဟုတ်တော့ ဟုတ်ပါတယ် ဗျာ..။ ဒါပေမဲ့ ခက်သားလားဗျ..။ လိုတာက ပြည့်စုံတယ်ဆိုတာမရှိဘူး..။

ဘာတွေများလို့အပ်နေလို့လဲဘုရား...။

တစ်ခါတစ်လေ မပျော်ဘူးဗျာ ဒီဘ၀ကြီးကို။ အဲဒါကြောင့် ဒီဘ၀က ထွက်ပြီး ဇနီးလေးနဲ့၊ သားသမီးလေးနဲ့၊ မိသားစုလေးများ ပိုင်ဆိုင်ရရင် ဘယ်လောက်ကောင်းမလဲ စဉ်းစား နေမိတယ်ဗျာ..။

ဟား ငါကိုယ်တိုင်လဲ ရတဲ့ဘ၀လေးကို မရောင့်ရဲပဲ ညည်းနေတဲ့ ခိုတစ်ကောင်ပါပဲလား..................။



No comments:

Post a Comment