Monday, October 4, 2010

တောရွာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး၏ ရစ်သမ် (၂)



ဒီနေ့တော့ ဆွမ်းစားခြင်းကိစ္စပြီးလို့. ကွမ်းလေးဝါးလိုက် စာလေးဖတ်လိုက် လုပ်နေတုန်းမှာပဲ ရွာရဲ့ နိဗ္ဗာန်ဆော် (ရွာဆော်) ဒကာတော် ကိုကံစိန် ရောက်လာလေ၏။

ကဲ ဒကာ ဘာကိစ္စလဲကွဲ့............။

မှန်လှပါ.. ဒကာကံစိန် ခြေတော်ဦးခိုက် လျှောက်ထားဝံ့ပါသည်ဘုရား.. လွန်ခဲ့တဲ့ တစ်လခန့်က ကွယ်လွန် သွားရှာသော မောင်(.............. )အား ရည်းစူး၍ ကျန်ရစ်သူမိသားစုမှ လလည်ဆွမ်းတရားတော် နာကြားခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းပြီး သေသူအား ကောင်းရာသုဂတိ ရောက်ပါစေကြောင်း အမျှအတန်းပေးဝေ လိုပါသော ကြောင့် မနက်ဖြန် နံနက် ကိုးနာရီအချိန် မောင်(............)၏ နေအိမ်သို့ ကရုဏာရှေ့ထား ကြွရောက် ချီးမြှင့် သနားတော်မူပါမည့်အကြောင်း လျှောက်ထား ၀ံ့ပါသည် ဘုရား.........။ (ဤသည်မှာ တောရွာတို့၌ ယနေ့တိုင် ကျန်ရစ်သေးသော ရှေးရိုးသမ္ပဇဉ် လျှောက်ထားနည်းပင် ဖြစ်၏။ သာရေး နာရေး ပင့်လျှောက်လိုလျှင် ထိုကဲ့သို့ပင် ရွာဆော်မှာ တာဝန်ယူပင့်လျှောက်လေ့ ရှိ၏။ လျှောက်ခြင်းကိစ္စပြီးမှသာ ပုံမှန်ရိုးရိုးအတိုင်း စကားပြောလေ့ရှိကြ၏။)

အေး အေး ဟုတ်ပါပြီ။ မောင်(..............) ဆိုတာ တစ်လလောက်ကမှ ပိုးထိ(မြွေကိုက်)လို့ ဆုံးသွားတဲ့ ကောင်လေးမဟုတ်လား.........။

မှန်ပါ့ဘုရား..။ ကြားဖူးသမျှဆေးဝါးတွေနဲ့တော့ စုံအောင် ကုတာပါပဲဘုရား..။ ကလေးကိုက ကံဆိုးလွန်းတာပါပဲ။

ကလေးကံဆိုးသည်လား၊ ပညာဗဟုသုတ နည်းသည်လားတော့ မသိ။ ဒီအရပ်ဒီဒေသဟာ မြွေအလွန် ပေါလှသည်။ ပြဿနာဖြစ်ပြီဆိုလျှင် မြို့ပေါ်ဆေးရုံမှာ ခေတ်မှီဆေးဝါးတွေနဲ့ ကုဖို့ပြောသော်လဲ ဘယ်သူ့တုန်း ကတော့ ဘယ်ဆရာ(ဗိန္ဓော)ကုလို့ ပျောက်သွားတာပဲ..၊ အဲဒီဆရာနဲ့ပဲ ကုမည်ဟူသော အတွေးတို့သည် ရွာသားတို့ထံ၌ အယူသီးစွာ ကျန်ရစ်နေပေသေး၏။

ငါပြောသားပဲကွာ..။ အချိန်ရှိတုန်း မြို့ပေါ်ကဆေးရုံကို တင်လိုက်ပါလို့..။ ဆေးပညာဗဟုသုတ ကလဲနည်း ငွေကုန်မှာလဲ ကြောက်ကြထင်ပါရဲ့ကွာ..။ မှတ်ထား ဒကာ ကံစိန်ရေ..။ လူ့အသက်ထက်တော့ ဘာမှ တန်ဘိုး မရှိပါဘူးကွာ...။ ခုပဲကြည့် ဒီကလေးဆိုရင် ငယ်ငယ်ရွယ်ရွယ်လေးပဲ..။ သူ့ဘ၀လေးက ရှေ့ဆက် လူလုပ်ဖို့ အများကြီး ကျန်သေးတယ်..။ ဘယ်လောက် နှမြောဖို့ကောင်းလဲ..။

မှန်ပါ့..။ သနားစရာတော့ ကောင်းတယ်ဘုရား..။ မြို့ပေါ်တက်ရင်လဲ ပိုက်ဆံက ကုန်မယ်ဘုရား..။ တပည့်တော်တို့ တောသားတွေအနေနဲ့ ဆေးတစ်လုံးကို ငါးသောင်းကျော်ဆိုတာ ဘယ်လိုက်လို့ မှီပါ့မလဲဘုရား..။

သေပြီးမှသနားနေလို့လဲ အလကားပဲလေကွာ..။ ပိုက်ဆံဆိုတာလဲ ကုန်သင့်ရင်ကုန်ရမှာပဲ ဒကာ..။ အကောင်းဆုံးလုပ်သင့်တာကို ငါပြောပြခဲ့ပြီပဲ..။ ဆေးရုံကိုသာ အချိန်မှီပို့လိုက်နိုင်ရင် ဒီကလေးအသက်က ဒီလိုလေလွင့် သွားစရာ မရှိဘူးကွ..။ အေးအေး မနက်ဖြန် ကြွခဲ့မယ် ဟုတ်လား..။

မှန်ပါ့ဘုရား.. တပည့်တော်ကို ခွင့်ပြုပါဦးဘုရား...။

အေး အေး...။

ခက်တော့လဲခက်သား..။ မြို့နဲ့သိပ်ဝေးလှတာ မဟုတ်ပေမဲ့ ရွာသူရွာသားတွေဟာ စားဝတ် နေရေးကို လုံးပမ်း နေရလေတော့၊ ပညာလိုက်စားခွင့်မရှိ၊ မရှိတော့ ဗဟုသုတကနည်း၊ ဖြစ်ပေါ့ဟေ့ဆိုရင် ပိုက်ဆံမကုန်တဲ့နည်းနဲ့ ကြိတ်ကု..။ ပြီးတော့ အသက်ပေါင်းများစွာ အလဟသတ် ဆုံးရှုံးရတာလဲ မနည်းတော့ဘူး။

မိမိကျောင်းထိုင်ကတည်းက ဒီနေ့အထိဆိုလျှင် ရွာလေးသည် တိုးတက်လာသည်မရှိပဲ ဆုတ်ယုတ်လာသည်သာ တွေ့ရတယ်။ ကိုယ်တိုင်လဲ သိသမျှ တက်သမျှနဲ့တော့ ဦးဆောင်တာပဲ။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကိုက ပညာဥာဏ် နည်းတယ်လို့ ဆိုရမလား မသိဘူး။ တော်တော်ဝေးတဲ့ လူတွေ..။

မှတ်မိသေးရဲ့ တစ်နှစ်သားဟာ ကလေးငယ်လေးတွေ သေလိုက်တာ မနည်းဘူး..။ ကပ်ရောဂါတစ်ခုခု ဖြစ်တာနေမှာပါ..။ ဆရာဝန်နဲ့ ပြကြည့်ဆိုတော့ ပြလဲမထူးပါဘူးတဲ့ ဒါဟာ ဘီးလူးစားတာတဲ့။ ကဲ မခက်ပေဘူးလား..။ ဘယ်သူက ပြောလိုက်တယ် မသိပါဘူး.. ကလေးရှိတဲ့ အိမ်တိုင်းရဲ့ အိမ်ခါးပမ်းတွေမှာ ရေးထားလိုက်ကြတာ.. ''ကလေးအသား ခါးသည်'' ဆိုလား။ ခါးမခါးတော့ မသိဘူး သေလိုက်ကြတဲ့ ကလေးငယ်တွေ။

တစ်ခါတရံ ရွာကျောင်းထိုင်ဘုန်းကြီးလုပ်ရတာ ဒီလိုစိတ်မချမ်းသာစရာတွေ ကြားကြားနေရတော့ သိပ်တော့ မနိပ်လှပေဘူး။

ရွာသူရွာသားတွေ ပညာ ဗဟုသုတနည်းခြင်းဟာ ဘယ်သူ့မှာ အဓိက တာဝန်ရှိလဲတော့ မသိပါဘူး..။ ကျောင်းထိုင်ဖြစ်တဲ့ ဘာသာရေး ခေါင်းဆောင် ကိုယ့်မှာလား..။ ကိုယ်လဲ တက်နိုင်သလော ပြောဟော လမ်းပြတာပါပဲ..။ စာထဲမှာတော့ ဖတ်ဖူးတာပဲ ခရာဇ်ယန်ဘာသာတွေ သာသနာပြုရင် တရားဟောဆရာ၊ ကျောင်းဆရာ(ခေတ်ပညာအတွက်)၊ ဆရာဝန် (ကျန်းမာရေးအတွက်) စတဲ့ လူတွေရဲ့ အခြေခံလိုအပ်ချက်တွေ ပါပြီး ဝေးလံခေါင်းပါးတဲ့ အရပ်တွေအထိ သွားရောက်သာသနာ ပြုတယ်ဆိုလားပဲ..။ ဒါကြောင့်လဲ အောင်မြင်တာဖြစ်မှာပါ..။

နောက်တစ်ခုက ပညာလိုလားမှု(ပညာအကျိုးကို မသိမှု) အားနည်းတဲ့ ရွာသူရွာသား တွေမှာလား..။ သူတို့မှာ ဆေးပညာပေး၊ ဘ၀နေနည်းပညာပေး၊ စတဲ့ ပညာဗဟုသုတ မရကြလေတော့.. ဖြစ်လိုက်ရင် ဓမ္မဓိဋ္ဌာန်ကျကျ မစဉ်းစားတော့ပဲ ရှေးရိုးစွဲ အယူအဆတွေကိုသာ ဖတ်တွယ်ရင်း ဘ၀တွေဆုံးနေကြတာပဲ..။

ဘယ်သူ့မှာ တာဝန်ရှိလဲ..။ ကိုယ့်မှာလား..။ သူတို့ကိုယ်တိုင်လား..။ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတဲ့ သူတို့ကံလား။ ........ လား။ လားပေါင်းများစွာနဲ့။ အော် မလွယ်လှတဲ့ တောရွာ ကျောင်းထိုင်ဘုန်းကြီးဘ၀..။

သတ္တ၀ါခပ်သိမ်း ဘေးရန်ငြိမ်းကြပါစေ............။
ကျေးရွာ တိုးတက်ရာ တိုးတက်ကြောင်း ဦးဆောင်လုပ်နိုင်မဲ့ ပညာတက်တွေပေါများ ကြပါစေ...............။
လိမ်မာယဉ်ကျေးတဲ့ သားကောင်းရတနာများ ထွန်းကားကြပါစေ..............။


ယဿာ နုဘာဝတော ယက္ခာ

နေ၀ ဒေဿန္တ ဘီသနံ

ယဥှိစေ၀ နုယုဉ္ဇန္တော


No comments:

Post a Comment