Saturday, October 2, 2010

တောရွာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး၏ ရစ်သမ်




(၁)
တောရွာလေးရဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ တစ်နေ့တာ ဘ၀လေးကတော့ ပုံမှန်ပါပဲ။ အရှေ့ကနေထွက်မယ် အနောက်ကနေ၀င်မယ်။ ခေါက်ရိုးကျိုးနေတဲ့ လည်ပတ်မှုတွေအတိုင်း အလိုက်သင့်စီးမျောလို့။ အာရုံဆွမ်းကို ပဲနီပြုပ်၊ ငပိကြော်၊ အရင့်အရင်နေ့တွေက ကျန်တာလေးများကို စုပေါင်းပြီး နွေးထားတဲ့ ဟင်းပေါင်းတစ်ခွက်၊ ဒါနဲ့ပဲ အသက်ဆက် နေရတာကိုက ရွာကျောင်းဘုန်းကြီးရဲ့ဘ၀...............။

နိစ္စဓူဝအလုပ်ဖြစ်တဲ့ တံမျက်စည်းလှည်း၊ ဘုရားသောက်တော်ရေကပ်၊ ပန်းကပ်.... အင်း ကျောင်းထိုင်ဘုန်းကြီး တစ်းပါးရဲ့ ဘ၀က ဥစ္စာစောင့်နဲ့မထူးပါလား..၊ သူများတကာလှူဒါန်းထားတဲ့ ကျောင်းကန်ဘုရားတွေကို စောင့်နေရတာပဲ။ အင်းလေ ဒီလိုနဲ့နေလာတာလဲ ဆယ်စုနှစ် ဟိုဘက်တောင် တော်တော်လေး စွန်းနေပေါ့ကိုး...။

ဘုန်းကြီးဘုရား ချက်စူ တပည့်တော်ကို အနိုင်ကျင့်နေပါတယ်ဘုရား...။

ကဲ ဒီကမြင်းမသားတွေက တစ်မှောင့်၊ ဘုရားဝေယျာဝစ္စ ကောင်းကောင်းမလုပ်ရဘူး။ ဟိုမျောက်မူးလဲ ချက်စူ ဘာမွှေပြန်ပြီလဲမသိဘူး။ ဒီကောင်ကလဲ အတော်ဆိုးတဲ့ကောင် ကျောင်းသားလေး ငါးယောက်ရှိတာ တည့်အောင် မနေဘူး။ ပြဿနာ အလွန်ရှာတက်တယ်။

အဟမ်း.. အရိုက်ခံချင်လို့လားကွ ဟေ...။ ကိုရင်တွေကော ဆွမ်းခံသွားချိန်ရောက်ပြီမို့လား.. ကဲကဲ ခေါင်းလောင်းထိုးကြတော့ (ခေါင်းလောင်းထိုးခြင်းမှာ ရွာတွင်းသို့ ဆွမ်းခံဝင်ခြင်းကို ရှေ့ပြေး အသိပေးခြင်း ဖြစ်၏။) နေမပူခင် ဆွမ်းခံဝင်ကြ...။

အင်း အိမ်မှာ ခိုင်းမရသေးလို့ ကျောင်းလာပို့ထားတဲ့ မျောက်မူးလဲ ငါးကောင်နဲ့ ကိုရင်ပိစိကွေး သုံးပါး။ ရိုက်ပစ်လို့ကလဲ မဖြစ်။ ထွက်ပြေးကုန်ရင် တောက်တိုမယ်ရ ခိုင်းစရာမရှိဖြစ်ပြီး တောရဘုန်းကြီး စစ်စစ်ဖြစ်တော့မယ်။ ဟင်း ခက်ပါတယ်။ စာသင်လို့လဲမရတော့ စာသံကြားရင် တီကို ဆားနဲ့တို့သလို ဖြစ်ကုန်ရော။ နောက်နေ့ ကျောင်းမလာတော့ဘူး။ ဒီတော့ ချော့မော့ ပြီး ပျော်အောင်ထားနေရတယ်..။

ငယ်ဘ၀ကို တမ်းတမိသား။ ဆရာတော် ဦးကိတ္တိ လက်ထက်၊ မိမိတို့ငယ်စဉ်ဘ၀မှာတော့ ကျောင်းသားတွေ ကျောင်းသူတွေ ပေါမှပေါ။ နေ့စဉ်စာအံသံ၊ ဆော့ကစားသံတွေနဲ့ ကျောင်းကြီးဟာ အရမ်းစည်ကားခဲ့တာပေါ့။ သင်ပုန်းကြီးကို ကျေညက်အောင်တတ်ပြီးမှ မင်္ဂလာသုတ်၊ ပရိတ်ကြီးစတာတွေ သင်ပေးလိုက်တာ ဒီကျောင်းထွက်ဆိုရင် မြန်မာစာကတော့ ဒေါင်းဒေါင်းပြေးပဲ။ ဂဏန်းသင်္ချာကလဲ မညံ့ပေဘူး။ မိဘတွေကိုယ်တိုင်က သားသမီးတွေကို ပညာတတ်စေချင်လို့ လာရောက်အပ်နှံထားတော့ ဆရာတော်လဲ သင်ကြား ပေးရတော့တာပဲ။ အခုကတော့ ပညာသင်ပေးစေချင်လို့ မဟုတ်ဘူး။ ခိုင်းမရသေးလို့ အိမ်မှာ ရှုပ်လို့ လာပို့ထားတဲ့သဘော။ ကလေးထိန်းကျောင်းလိုကို ဖြစ်လို့...။

ဟိုးအရင်ကတော့ အတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်း နှစ်မျိုးစလုံးကို ထားကြတယ်။ ခေတ်ပညာရော ဘာသာရေးအသိရော စုံတော့ ယဉ်ကျေးကြတာပေါ့။ ခုခေတ်ကတော့ အတန်းကျောင်းက လေးတန်း အောင်ရင်ပဲ စာတတ်ပြီထင်ပြီး မထားတော့ဘူး။ ရပ်ထဲရွာထဲ ဘုန်းကြီးတွေ့လို့ ရိုသေရမှန်းမသိဘူး။ သူငယ်ချင်းတွေ့သလိုပဲ။ ရိုသေသမှုပြုရမယ်ဆိုတာ သိကို မသိတော့တဲ့ခေတ်။ အိမ်မှာ ခိုင်းချင်ရာခိုင်းလို့ ရပြီဆိုရင် ဘုန်းကြီးကျောင်းလဲ လှည့်မကြည့်ချင် ကြတော့ဘူး။ သေစာရှင်စာလေးတောင် တတ်ခွင့် မရကြတော့တာ ရင်နာစရာပဲ။

ကလေးတစ်ယောက်ကို ခိုင်းလို့ လက်ရှိရလာမဲ့ အကျိုးကိုပဲ မြင်တက်တဲ့ မိဘတွေကလဲ အများသားပဲ။ ပညာတတ်တော့ကော ဘာလုပ်မှာလဲ ငယ်တုန်း ထန်းတက်သင်၊ ထယ်ထိုးတာသင်၊ အဲဒါတတ်ရင်တော်ပီပေါ့ ဆိုတဲ့ မိဘမျိုးတွေချည်းပဲ။ ခက်လိုက်တဲ့ ရွာသားတွေ..။ ကလေးတွေကလဲ ရပ်ထဲရွာထဲမှာ လက်ယားလက်ယား နေရတာကိုပဲ ပျော်နေတယ်ဆိုတော့ စာဘက်ကို စိတ်ဝင်စားမှုက နည်းသွားပြီပေါ့။ အရင်ခေတ်တွေကတော့ ဘုန်းကြီးကျောင်းစာ ဘာကုန်မှ ကျောင်းထွက်ရမယ်၊ မကုန်မချင်း အလုပ်မခိုင်းဘူး ဆိုတဲ့ခေတ်က ပြတိုက်ထဲ ရောက်သွားပြီကိုး...။


(၂)

အရဟတာဒိ န၀ဂုဏေဟိ အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့် ..........။

အင်း ကိုရင်ကျောင်းသားတွေတောင် ဘုရားဆွမ်းတော်ကပ်နေပြီ။ နေ့ဆွမ်းစားချိန်တောင် ရောက်ပြန်ပေါ့။ အင်း ဆွမ်းစား ကျောင်းကို ကြွမှပဲ။

ဆွမ်းပွဲကြည့်လိုက်တော့ သုံးနှစ်မိုးခေါင်ထားတဲ့ အရပ်လိုပဲ ခြောက်ကပ်ကပ်။ ဆွမ်းဝတ်ကျတဲ့ အိမ်ကလှူလိုက်တဲ့ ကြက်ဥဟင်း၊ ငရုပ်ကြော်၊ သရက်ချဉ် သုံးခွက်။ အသားဟင်းလေး တစ်ခွက်ပါဘို့က တော်တော်မလွယ်တဲ့ကံပဲ။ ဒီလိုပါပဲလေ ဖြစ်သလို ဘုဉ်းပေးလာရတဲ့ ရက်တွေကလဲ ထပ်နေပေါ့။ ကျေးလက်မှာ သံဃာတွေမပျော်တာ အစားအသောက် ချို့တဲ့တာလဲ ပါလိမ့်မယ် ထင်ရဲ့။ ခေတ်သစ်ရဟန်းလေးတွေက မြို့ပြထဲကို တိုးဝင်ဖို့ပဲ စိတ်ကူးတော့တယ်။ ရွာရဲ့ ပံ့ပိုးမှုကလည်း အရင်ကလို့ မဟုတ်တော့ဘူးလေ။ ကိုယ်တိုင်တောင် မျက်စေ့လည်ပြီး ကျောင်းထိုင်ဘုန်းကြီး လာဖြစ်နေတာ။ ကိုယ့်ရပ် ကိုယ့်ရွာလဲဖြစ်။ မြို့ကိုလဲ မပြန်ချင်တော့တာနဲ့ ကိုယ့်ရွာမှာကိုယ်ပဲ သောင်တင် နေတော့တာ။

သာရေးနာရေးအတွက် လိုအပ်ချက်လေးကြောင့် ပင့်ထားရသလိုဖြစ်နေတဲ့ တောရွာကျောင်းထိုင် ဘုန်းကြီးဘ၀က တကယ့်တကယ်တော့ ခုတ်ဖြတ်ထားတဲ့ သစ်တုံးကြီးလိုပဲ။ အညွန့်မထွက်နိုင်တော့ပဲ ဆွေးဆွေးလိုက်လာမှာ သေချာနေတယ်။ အထက်မဂ်လဲ မရ အောက်မဂ်လဲဆုံး ဆိုတဲ့ကိန်းဆိုက်ရတာပဲ (ဤနေရာတွင် အထက်မဂ် အောက်မဂ်ကို အကျယ်မရှင်းတော့ပါ သင့်သလိုယူဆပါကုန်)။ အင်း ဒီလိုနဲ့ပဲ တစ်ဖြးဖြေး အိုပြီးသေရမှာပေါ့လေ။ ဒါတွေဟာ တောရွာ ကျောင်းထိုင်များရဲ့ မထူးခြားတဲ့ ဖြစ်တည်ခြင်းတွေပါပဲ။

်ဒီလိုနဲ့ နေ့ဆွမ်းကိစ္စပြီးလို့ ပုတီးလေးစိတ်၊ စာလေးဖတ်၊ တရားလေးမှတ်ရင်း ခေါက်ရိုးကျိုး ဘ၀ကြီးကို ၀တ်ရုံနေရတာပါပဲ။


(၃)
ဂျိန်း..

မိုးချိန်းသံတွေ၊ အလို မိုးတွေတောင် ညို့နေပါပေါ့လား။

ဟေး ကိုရင်တွေ၊ ကျောင်းသားတွေ တံခါးတွေလိုက်ပိတ်စမ်း၊ မိုးရွာတော့မယ်ထင်ရဲ့..။

အင်း ဒီမိုးလေးရွာရင်တော့ ရွာသူရွာသားတွေ ကောက်ပဲသီးနှံ အဆင်ပြေတန်ကောင်းရဲ့။ မနှစ်က ဒီလမှာပဲ မိုးချိန်းပြီး မရွာတော့ ထွန်ချပြီး ကြဲပတ်ထားတဲ့ မျိုးလေးတွေ အကုန်ဆုံးရောမို့လား။ ဂီတနတ်သန် ကိုစောညိမ်းသီချင်းလိုပေါ့.. ဘာတဲ့.. အနောက်တောင်ဆီက ရွာမည်ဟန်ပြင် မိုးသက်လေနှင့် မုန်းတိုင်းဆင့်လျှင် စစ်မျက်နှာဖွင့် တိမ်ခိုးလွင့်ကာနှင်.. ဆိုလား။ ရွာမဲ့မိုးတိမ်တွေလဲ လွင့်ကုန်တယ်ဆိုပါလား။ ချိန်းပြီး မရွာတာတော့ ဆိုးတာပေါ့။

ငယ်ငယ်က ကျက်မှတ်ခဲ့ဖူးတဲ့ ကဗျာလေးကလဲ တစ်မျိုးပဲ .. မရွာပဲ မဲလိုက်ပါနဲ့ မိုးမိုက်မောင် ပိန်းပိတ်လို့မှောင် ရွာမယောင် ဟန်ဆောင်နှင့် သူမြူး ရွှေမိုးညို မြောက်ကို ယိမ်းတယ် ချိန်းသင့်ပါဘူး.. တဲ့ (မှားနေလျှင်ပြင်ဖတ်ပါ)။ အနောက်ကလဲ ချိန်းတာပဲ၊ တောင်ကလဲ ချိန်းတာပဲ ဒီအချိန်ရောက်ရင် အရပ်လေးမျက်နှာက ချိန်းနေတာပဲ။ မရွာတာပဲရှိမယ် ချိန်းတော့ ချိန်းနေတာပဲ။ ရွာသားတွေတော့ ပြောထားရသေးတယ် မသေချာပဲ မျိုးမချမိဖို့ မနှစ်က ဒီလမှာပဲ မျိုးစေ့တွေ ဆုံးပြီးပြီလေ။

အင်းလေ ဘယ်တတ်နိုင်မလဲလေ၊ နေ၀င်လို့ ညရောက်ပြီဆိုတော့လဲ ဘုရားလေးဝတ်ပြု၊ ဂုဏ်တော်လေးပွား ရွာသူရွာသားများ အပေါ် မေတ္တတရားလေးပို့လွှတ်ပေးရတော့မှာပေါ့။ ရွာသူရွာသာတွေ အဆင်ပြေနေတာ မြင်ရမှ ကိုယ်လဲ စိတ်ချမ်းသာမှာလေ။ ရွာသူရွာသားတွေ စိတ်ချမ်းသာမှလဲ ကိုယ်လဲ နှစ်နှစ်ကာကာ ပျော်ရွှင်နိုင်မှာလေ။

ယဿာ နုဘာဝတော ယက္ခာ

နေ၀ ဒေဿန္တိ ဘီသနံ

ယဥှိစေ၀ နုယုဉ္ဇန္တော

.......................


1 comment:

Crystal said...

ရိုးရိုးရှင်းလေစွ၊ ကောင်းလေစွ။

Post a Comment