Sunday, May 23, 2010

ကိုရင်လေး နေမကောင်းလို့ပါ ဒကာကြီး


ဦးဒတ္တသည် ရန်ကုန်နှင့်သိပ်မဝေးသော မြေလတ်မြို့လေးတစ်မြို့ရှိ စာသင်တိုက်လေးတစ်ခုတွင် စာချအဖြစ်တာဝန် ထမ်းဆောင်နေ၏။ စာချတာဝန် ဦးဇင်းကိုရင်များကို ထိန်းသိမ်းရေး တာဝန်တို့ကို ယူလျှက် သီတင်းသုံးနေ၏။ စာသင်သားများ၏ ကျန်းမာရေးစတာကိုလည်း သူပင် တာဝန်ယူစောင့်ရှောက်လေ့ရှိ၏။ ဆေးခန်းပို့၊ ဆေးတိုက် စသည့်ဖြင့် ဂိလာနုပဋ္ဌက ၀တ်ကို သူကျေပွန်၏။

တစ်နေ့
အသစ်ရောက်လာသော ကိုရင်ငယ်လေးတစ်ပါး နေမကောင်းဖြစ်သည်ကို ခေါ်၍ ရပ်ကွက် ဆေးခန်းလေးသို့ သွားတော့၏။ သူသွားနေကျ ဆေးခန်းသည် ထိုနေ့မှပင် ပိတ်ထားသည်နှင့်ကြုံရတော့၏။ ဒါနဲ့ လမ်းသွား လမ်းလာများ၏ လမ်းညွှန်လိုက်သည်ကို မှတ်သား၍ နောက်ဆေးခန်းတစ်ခုရှိသည်ဟုပြောသော လမ်းသွယ် တစ်ခုသို့ သွားလေတော့၏။

ဟိုရောက်တော့ လူများနေသည်ဖြစ်၍ တိုကင်ယူကာ အလှည့်ကျသည်ကိုစောင့်လျှက် ထိုင်နေတော့၏။ ကိုရင်လေးသည် ခေါင်းမထောင်နိုင် လောက်အောင် ဖျားနေတော့ ဦးဒတ္တ၏ညွှန်ကြားချက်မကြားမချင်း ထိုင်ခံပေါ်တွင်မှိန်းနေလေ၏။ အလှည့်ကျတော့မှာ ကိုရင်လေးကိုခေါ်ကာ အခန်းအတွင်းသို့ဝင်သွားလေ၏။

ဆရာ။ ။ အရှင်းဘုရား ဘာဖြစ်တာလဲဘုရား၊ ဘာကူညီရမလဲဘုရား။

ဦးဒတ္တ။ ။ ဒကာကြီး ကိုရင်လေးနေမကောင်းလို့ လာပြတာပါ။

ဆရာ။ ။ အရှင်ဘုရား ဆေးခန်းက ဟိုဘက်မှာပါဘုရား။ ဒါဆေးခန်းမဟုတ်ပါဘူး အရှင်ဘုရား မှားဝင်လာမိတာပါ ဘုရား။

ဦးဒတ္တ။ ။ အော် ဟုတ်လားဒကာ၊ ဦးဇင်းလဲ လူများနေတော့ ဆေးခန်းအောက်မေ့ပြီး တိုကင်ယူ စောင့်နေတာ၊ ကျေးဇူးတင်ပါတယ်ဒကာ။

အမှန်ကား ထိုဆရာသည် ကွယ်လွန်ပြီးသူများကို ကွယ်လွန်သူ၏ နေ့သားအလိုက် နောက်ဘ၀ ဖြစ်နေသည်ကို ဟောပြ၊ ၀ိညာဉ်ခေါ်ပြသော ရှေ့ဖြစ်ဟောဆရာပင်ဖြစ်၏။ အတော်နာမည်ကြီးပြီး နေ့စဉ်မေးသူများဖြင့် စည်ကားလေ့ရှိ၏။ သူဟောခန်းနှင့်ကပ်လျှက်မှာ ဆေးခန်းတွင် လူနည်းနေ၍ ဆေးခန်းရှိနေခြင်းကို ဦးဒတ္တမသိပဲ ဆေးခန်းအမှတ်ဖြင့် တစ်ညနေကုန်အောင် အလှည့်ကျသည်အထိ စောင့်နေမိခြင်းဖြစ်၏။

ဖြစ်ရလေ ဦးဒတ္တရယ်၊ ကိုရင်လေးက နေမကောင်းပါဘူးဆိုမှ ရှေ့ဖြစ်ဟောဆရာဆီ သွားပို့ရက်တယ်။ နေမကောင်းနေသော ကိုရင်လေးကား အဖျားပျောက်ချင်သလိုဖြစ်ကာ ကြက်သီးထ၍ပင်သွားလေတော့၏။


No comments:

Post a Comment