Wednesday, May 5, 2010

ဆန့်ကျင်ဘက်



နေရာလေးကား အေးချမ်းလှ၏။ အချိန်ကား ညနေစောင်း။ တောင်စွယ်နေကွယ်ချိန်ဆိုတာ ဒီလိုအချိန်ကိုများ ပြောခဲ့လေသလား။ စေတီတော် ဆီမှ ဆည်းလည်းသံတို့ပျံ့လွင့်လျှက်။ ဗောဓိပင်စိုက်ပျိုးထားရာ နေရာလေး၌ အေးဆေးစွာထိုင်နေမိခြင်းပင်။ ညနေတိုင်း ဒီနေရာလေးမှာ လာရောက် ကွန်းခိုနေကျပင်၊ တစ်ခါတစ်ရံ သူငယ်ချင်းများနှင့် တစ်ခါတစ်ရံ တစ်ယောက်တည်း။ အပူပင်ကင်းစွာ စကားပြောကြ၏။ အေးချမ်း၏၊ ငြိမ်းချမ်း၏၊ ယာယီအားဖြင့်ပေါ့။

အနောက်ဆီမှာ နေမင်းကြီးငုတ်လျှိုးပျောက်ကွယ်နေပုံ၊ အိပ်တန်းဝင်ကျေးငှက်များရဲ့ တေးသီသံ၊ နောက် တောသဘာဝကို တစိမ့်စိမ့်ခံစားရင် တခဏတာ နားခိုရတဲ့ အရသာဟာ ဘာနဲ့မှ ဖော်ပြလို့မရနိုင်ပေ။ တဒင်္ဂသုခလေးပင်ဖြစ်ပေတော့သည်။ ကျောင်းတည်ရှိရာသည် မြို့အစွန် တောကျကျအရပ်မှာဖြစ်၍ မြို့တွင်းမှာလိုတော့ ဆူညံခြင်းသိပ်မရှိလှပေ။ ရွာအကြောင်းစဉ်းစား ချင်စဉ်းစားမည်၊ အမေအိုအကြောင်းလဲ ပါမည်။ စိတ်ကို ကြိုက်သလိုရွက်လွှင့်ခွင့်ရနိုင်လေသည်။ တရားမှတ်ချင်မှတ်မည်လို့တော့ မပြောချင်ပေ။ လုပ်နိုင်တာမဟုတ်ပဲနဲ့တော့ ဇာမချဲ့ချင်ပေ။ တရားမမှတ်ပေမဲ့ ထိုအချိန်လေးအတွင်းမှာ ငြိမ်းချမ်းမှုလေးတော့ ရရှိနေသည်။

......................................

ခွမ်း ဂလုံ.. ဂလွမ်း ..

အိုးခွက်များ ပစ်ပေါက်ခွဲသံနဲ့ ကြည်နူးစရာ ညနေခင်းလေးကို ခပ်ကြမ်းကြမ်း စတင်ခြင်းဖြင့် ညစ်နွမ်းစေခဲ့ပြီ။

ဟိုက် သွားပြီ။ စိတ်ချမ်းသာမှုလေး၊ ထိုင်နေမိသည်က ရပ်ကွက်နှင့်အနီးဆုံးနေရာမှာ။ ခပ်လှမ်းလှမ်း ရပ်ကွက်စုလေးဆီက အသံများ။ လက်လုပ်လက်စား မိသားစု အများနေထိုင်ရာ ရပ်ကွက်လေးပင်။ လက်သမားဆရာရှိသည်၊ ကြုံရာကြပန်းလုပ်ကိုင်စားသောက်သူရှိသည်။ ကလေးတွေအများကြီးနှင့် မိသားစုလဲ ပါသည်။ မိန်းမသားတွေက အိမ်တွင်းမှုအဖြစ် ဆေးလိပ်ခုံမှ အလုပ်ကို အိမ်ယူပြီး တစ်ဖတ်တစ်လမ်းမှ အပိုဝင်ငွေရှာကြသည်။ ပြေလည်သည်ဆိုတာတော့ ထီပေါက်သလိုပင်။ တစ်ခါတစ်ရံ ငွေကြေးအကူအညီလေး တက်နိုင်သလောက်ပေးဖူး၏။

ဒီမိန်းမ အိမ်မှာနေပြီး ဘာလုပ်နေလဲ “ ............ ”တဲ့မှာပဲ။ ပြန်လာလို့ စားစရာ အဆင်သင့်မဖြစ်လောက်အောင် ဘယ်အလေလိုက်နေလို့လဲ.. ပြောလိုက်သည့်စကားက မကြားဝံ့မနာသာ။

အသိမိသားစုတစ်ခုမှဖြစ်သည်။ ယောက်ျားဖြစ်သူမူးမူးနဲ့ ပြန်လာ၊ အိမ်မှာ ထမင်းမချက်တာက စတယ်ထင်ပ။ ဖြစ်နေကြတာလေ။ ဒီနေ့ဝင်ငွေသည် နောက်နေ့ဈေးဖိုး၊ ကလေးတွေ ကျောင်းစရိတ်၊ အိမ်အတွက်လိုအပ်ချက် စတာတွေကို ဟန်ချက်ညီအောင်ဖြည့်ဆီးဖို့ဆိုတာ မလွယ်ကူကြပေ။ ရေကို မိမိနေထိုင်ရာကျောင်းမှ နေ့စဉ်ကုသိုလ်ပြုထားလို့ ရေအတွက်မပူပင်ရပေ။ ဒါပေမဲ့ အိမ်ခြေ တစ်ရာနီးပါးဆိုတော့ အချိန်ကန့်သတ် ထားရတဲ့အတွက် လောက်ငှရုံလောက်သာ။

နေ့စဉ်ထိတွေ့ဆက်ဆံနေရတော့ သိနေ၊ မြင်နေ၊ ကြားနေရ၏။ စိတ်မကောင်းစရာ။ ကျေးရွာတွေမှာ လုပ်ကိုင်စားသောက်လို့အဆင်မပြေတော့ မြို့တက် ရရာနေရာလေးမှာ တူရာတူရာ ရပ်ကွက်လေးအဖြစ် စုပြီးနေထိုင်ကြခြင်းဖြစ်၏။ အဆင်မပြေမှုဆိုတာကိုတော့ ဘာကိုအပြစ်တင်ရမှန်းမသိတဲ့ သူများပင်။ ပညာရေး၊ ကျန်းမာရေး၊ စည်းပွားရေး အစစအရာရာ နောက်ကျနေခြင်းကို ခါးစည်းခံနေရ၏။ စိတ်မကောင်းဖြစ်မိရုံ ကလွဲလို့ မတက်နိုင်ပေ။ ချမ်းသာသူများကြတော့လည်း ထားစရာပင်မရှိအောင် ကျိကျိတက်ပင်၊ သူတို့တွေရဲ့ဘ၀နဲ့တော့ ကွာချင်တိုင်းကွာနေပေတော့သည်။ အင်း သံဝေဂရစရာပင်။

သူတို့ရဲ့ ငြီးညူသံ၊ ရန်ဖြစ်သံတွေကို နေ့စဉ်းကြားနေရ၏။ အခုလည်း စိတ်ငြိမ်းချမ်းမှုလေး ရမယ်ကြံသေးတယ် သွားပြီ။ ယောက်ျားဖြစ်သူသည် မသောက်မစားခင်တော့ အကောင်းပင်။ ဖြစ်ခဲ့သမျှအတွက် နောင်တတရားတို့ဖြင့် ရင်ဖွင့်လေ့ရှိ၏။ ကိုယ်တိုင်က မဖြစ်သင့်တဲ့အကြောင်းကိုတော့ သဘာဝယုတ္တိရှိရှိ ဖြစ်အောင် ကျိုးစား၍ ပြောဟော တက်ခဲ့သေး၏။ ဆရာလုပ်မိသောကြောင့် လောကအကြောင်း မသိဘူးဟု အပြောခံရသည် များလည်းရှိ၏။ ဟုတ်တော့လဲ ဟုတ်သည်သာ၊ ဆရာလုပ်ချင်တာပဲသိပြီး လောကအကြောင်း ဃဃနနမှ မသိပေပဲကိုး။ မတက်နိုင် ပြောဖို့ ဖန်လာတော့ပြောပြမိသည်သာ။

...................................

ညနေချမ်းလေးကား ပျက်စီးခဲ့ပြီတကား...... မျိုးကြီးရဲ့ သိချင်းထဲကလို့ “တကယ်ကို ဆန့်ကျင်ဘက်” လို့သာ အော်ဆိုလိုက် ချင်မိတော့သည်။


No comments:

Post a Comment