Wednesday, June 23, 2010

နားထား



ဘ၀ဆိုတဲ့ တံခါးတစ်ချပ်
ဖွင့်တက်ခဲ့တယ်ဆိုရုံနဲ့
လူလို့သတ်မှတ်ရမှာလား
လူ့ လူ လူးတဲ့
ဒီသုံးဦးစားရင်းထဲမှာ
ဘယ်အရာဟာ သင့်အတွက်အထိုက်တန်ဆုံးလဲ
ကဲ မေးကြည့်လိုက်
(၀န်းကျင်ကို)

အမှားတွေ ကျူးလွန်လေတိုင်း
အော် သူက ဒီလိုပါလားဆိုတဲ့
နားလည်မှု ငဲ့ငြာမှုတွေကြားမှာ
ရိုးဖြောင့်မှုနဲ့ အမှန်တရားဟာလဲ
ယစ်ပူဇော်ခံရပေါ့
သူ့ထိုက်နဲ့သူ့ကံဆိုတဲ့
စာနာသံတွေနဲ့တင်
သူ့လုပ်ရပ်တွေကို အမှန်လို့ ထင်ပြန်ရော

နားလည်တက်တဲ့လူတွေရှိသမျှတော့
သူ့ဘ၀လဲ ရှင်သန်နေမှာပဲ
သိကြားမင်းလဲ မတက်နိုင်လောက်ဘူး
အရူးတစ်ပိုင်းနဲ့ မိုက်ဇာတ်ခင်းမှုတွေ
စာနာပေးလေ ပိုကဲလေဖြစ်မှာပဲ
ကဲ
သူတို့အတွက် တရားစီရင်ချက်အသစ် ထုတ်ကြစို့

အလိုရမက်ကြောင့်
ဘ၀ကိုရေစုံမျောတာလား
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အတွေးနဲ့
သမိုင်းကိုရေးထိုးရဲ့တဲ့ သတ္တိရူးကိုတော့
သြချလောက်ပါရဲ့
သူလုပ်သလောက် တစ်ဖက်က ခွင့်မပြုလောက်ဘူးဆိုတာ
ထည့်မတွက်ခဲ့တာတော့ ညံ့သေးတယ်

ဒီလိုနဲ့လေ
သူ့နယ်ပယ်လဲ ကျဉ်းကျဉ်းလာလိုက်တာ
မျက်နှာပြောင်တိုက်ပီး
ဟိုလူကိုလိုက် ဒီလူကိုဖားနဲ့
အင်း
သနားဖို့တောင်မှ မသင့်တဲ့လူစားမျိုး
နောင်များတော့
ဟိုးထား စားရင်းထဲမှာပဲ
သူ့ကိုထားပစ်ခဲ့ပြီး
ဒီလိုလူမျိုးများ
နောင်များ ရှောင်ရှားမယ်
ကဲ အေးရော


Friday, June 18, 2010

ဘောလုံးပွဲကပေးတဲ့ အမြင်


ခုရက်ပိုင်းတွင်းမှာ ဘာစာမှလဲမရေးဖြစ်ခဲ့ဘူး။ ဘာမှလဲရေရေရာရာ လုပ်စရာရှိနေခဲ့တာတော့ မဟုတ်၊ သူများတွေ စာမေးပွဲအတွက် လုံးပမ်းနေချိန်မှာ ကိုယ်က ဘာလုပ်နေတယ်လို့ကို ပြစရာမရှိပဲ ဒီအတိုင်း ကိုယ်ပိုင်အားလပ်ရက်လေး ယူနေမိတော့သည်။ တကယ့်ကို အရေးတကြီး လုပ်ကိုင်စရာဆိုလို့ ပြလို့မရပဲ အပျင်းထူနေမိသည်ဆိုလျှင် ပိုမှန်ပေမည်။

မနေ့ညပိုင်းကတော့ အာဂျင်တီးနားနှင် တောင်ကိုရီးယား ဘောလုံးပွဲလေးကို ပြီးခါနီးလောက်မှာ ကြည့်ဖြစ်၏။ ပျင်းပျင်းရှိတာနဲ့ တီဗီခန်းကို တက်သွားဖြစ်ခြင်းပါ။ သူငယ်ချင်းတွေကတောင် မင်းနဲ့ကွာ ပြီးခါနီးမှ လာရသလားတဲ့။ တကယ်ဝါသနာမပါတာမို့ ဘယ်ပွဲကိုမှလဲ အစအဆုံး ကြည့်ဖြစ်ခဲ့သည်ဟူ၍ မရှိခဲ့။ ခဏသွားကြည့် ပြီးတော့ ပွဲပြီးတာမပြီးတာ အပထား ကိုယ်စိတ်မပါတော့ရင် ပြန်ဆင်းလာဖြစ်သည်သာ။

အဲဒီနေ့ပွဲလေးကတော့ အတော်ကို အသက်ဝင်လေ၏။ ဘောလုံးအားကစားမှာ နောက်ကျနေတဲ့ အာရှအသင်းတစ်သင်း အနေဖြင့် အာဂျင်တီးနားလို့ အင်အားကြီးအသင်းမျိုးကို ကစားသွားတာများ အံ့သြလောက်ပါ၏။ အာရှအသင်းများသည်လည်း ခေသူများမဟုတ်ဟု ပြသနေသယောင်ပင်။ သူ့ကစားကွက်နဲ့သူတော့ အံကိုဝင်လို့။ သဘာကိုမယှဉ်နိုင်၍သာ ရှုံးခဲ့ရပေမဲ့ သတ္တိအရာမှာတော့ စံတင်လောက်ပေ၏။

မဆီမဆိုင် အတိက်ကို ပြန်လည်စိတ်ရောက်မိသေးရဲ့၊ တစ်ချိန်က တောင်ကိုးရီးယားဟာ ဘောလုံးဆိုတာကို အလုံးမှန်းအပြားမှန်းမသိတက်ခဲ့ချိန်ကပေါ့။ ကိုယ့်မြန်မာဘောလုံးအသင်းဟာ ရွှေခေတ်ကိုထူထောင်နေချိန်။ အနောက်ဂျာမဏီ(ယခင်အရှေ့အနောက်ကွဲနေစဉ်) မှ ဖိတ်ခေါ်ပွဲများ၊ ဆိုဗီယတ်ပြည်ထောင်စု၊ နောက် ယူဂိုဆလားဗီးယားစတဲ့ ဘောလုံးအင်အားကြီး နိုင်ငံတွေနဲ့အပြိုင်ကြဲနေခဲ့ချိန်မှာပေါ့။ ဥရောပမှ အပြန် ခရီးတစ်ထောက်နားရင်းနဲ့ တောင်ကိုရီးယား သမတဖလားပွဲကို ၀င်နွဲဖူးပြီး ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ သတင်းလေး ဖတ်ဖူးတာကို အမှတ်ရမိသေးတော့၏။ တောင်ကိုရီးယားသားများကိုတိုင် လိုလိုချင်ချင် လေးလေးစားစား ဖိတ်ခေါ်ပြီး ဘောလုံးပညာယူရတဲ့အထိ ကိုရွှေမြန်မာများဟာလဲ အောင်မြင်ခဲ့ဖူးလေ၏။

အော်လွမ်းမိပါ၏ ရွှေခေတ်ဆီကို။ တစ်ချိန်က တပည့်ဖြစ်ခဲ့ဖူးတဲ့ ဆင်းဆင်းရဲရဲ နိုင်ငံငယ်လေးဟာ ခုနေအခါမှာတော့ ကမ္ဘာမှာ မော်ကြွားနေနိုင်ပေပြီ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အစစနောက်ကျနေတဲ့ အချိန်ကနေ ယနေ့အောင်မြင်တိုးတက်သည့်တိုင်အောင် မဆုတ်နစ်သော ဇွဲတို့ဖြစ် ချီတက်လာရာ လမ်းကြောင်းသည် နှစ်ငါးဆယ်ဝန်းကျင်ခန့်သာ ရှိပေဦးမည်။ ဒါပေမဲ့ သူတို့သည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဂျပန်နှင် အတူ ပူးတွဲကျင်းပခွင့်ကိုလဲ ရရှိနိုင်ခဲ့သေး၏။ အံ့ချီးဘွယ် အောင်မြင်မှုပါတကား။ တစ်ချိန်က တပည့်ကို ယှဉ်နိုင်ဖို့ဆိုလျှင် ဆရာရွှေမြန်မာတို့သည် ရာစုနှစ်တစ်ခုလောက် လေ့ကျင့်၊ နောက်ရာစုနှစ်တစ်ခုအထိ အတွေ့အကြုံယူရင်တောင်မှ အင်း သုံးရာစုလောက် ရောက်တာတောင် ဂိုးပြက်မရှုံးအောင် ကစားဖို့ပင် လွယ်ဦးမည်မထင်ပေ။

ယုန်နှင့်လိပ်အပြေးပြိုင်သလိုဖြစ်ခဲ့လေရော့သလားမသိ။ တစ်ချိန်က ယုန်တစ်ကောင်လို လျှင်မြန်မှုမျိုးနဲ့ အဟုတ်ပြင်းပြင်းပြေးနိုင်ခဲ့ဖူးပေမဲ့ ယနေ့ခေတ်မှာတော့ လိပ်ကိုရှုံးလိုက်ရလို့ မကျေနပ်တဲ့ယုန်လို နောက်တစ်ခါ ပန်းတိုင်မရောက်ခင် အိပ်မနေတော့ဘူးလို့များ နောင်တတရားမရှိသေးပဲ ခရုထက်နှေးတဲ့ ခြေလှမ်းတို့ဖြင်သာ ပြေးနေလို့ကတော့ အင်း.. ပျင်းတောင်ပျင်းသေးတယ်လို့ပဲ အဖွင့်ပွဲသီချင်းကို ဆိုကြလေမလားပဲ။ သူများတွေ ကမ္ဘာ့ဖလားပြိုင်ပွဲထဲဝင်နွဲနေချိန်မှာ ဒို့အသင်းကတော့ ရုံဝမှာတောင်မရှိသေးပါလား။ ယုန်နှင့်လိပ်လို့ပင် အပြေးမြန်တိုင်း ပန်းတိုင်အရင်ရောက်သည် မဟုတ်ဆိုတာကိုတော့ သင်္ခန်းစာယူမိသေးတော့၏။ တစ်ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ အသင်းသည် နောက်တစ်ကြိမ်ထပ်ဖြစ်ဖို့ ကြိုးပမ်းနေကြသည်သာ။ အကြိမ်အများဆုံး ချန်ပီယံရထားတဲ့ ဘရာဇီးအသင်းလဲ ပြေးနေသည်။ အာဂျင်တီးနားလဲ အနားမနေ၊ ပြင်သစ်လဲ မရပ်၊ တရစပ်ပြေးနေကြသည်သာ။

အတိက်သည် အတိက်တစ်ခုအဖြစ်သာထားခဲ့ပြီး။ ဒီနေ့သူတို့အောင်မြင်နေတာဟာ ဘာကြောင့်လဲ၊ ဘာအဆောင်ကောင်းတွေ၊ ဘာတွေလုပ်ခဲ့လို့လဲဆိုတာကို လေ့လာရင်းဖြင့်၊ ပစ္စုပ္ပန်မှာ တည့်တည့် လုပ်စရာရှိတာကို သိမြင်ဆင်ခြင်နိုင်လျှင် တော့ဖြင့် ဒို့အသင်းလဲ ကမ္ဘာ့အလည်မှာ တင့်တယ်နိုင်ကောင်းရဲ့လို့ မ၀ံမရဲ မိုက်မိုက်ကန်းကန်း မျှော်မှန်းနေမိသည်သာ။ အတိက်ဆိုတာ အတိက်တစ်ခုပါ။

ကိုမျိုးကြီးရေ ဟစ်ရအောင်.. ဒီလူဟာ ဒီနေရာကိုလဲ ဒီအချိန်မှာ ပြန်မလာနိုင်တော့ပါ. တစ်ချိန်မှာရွှေပါပဲ ဒီအချိန်မှာ သူဟာ နောက်ချေးပါ.. မဖြစ်နိုင်တဲ့ဘ၀မှာ အရှုံးသာအထိုက်ဆုံးပဲမို့လား.. အခုတော့လေ အတိတ်တစ်ခုပါ (အခုတော့လေ ငပြိန်းတစ်ယောက်ပါ) .....................


Saturday, June 12, 2010

နယ်လ်ဆင်မင်ဒဲလားရဲ့ အပြုံးကိုတွေ့ရှိခြင်း



နွေရာသီပူလောင်မှုကိုတော့ စာမဖွဲ့ချင်တော့ပါဘူး။ ပူလောင်မှုကို မချိမဆံ့ခံစားခဲ့ရဖူးတယ်။ ထားပါ ဒါတွေက မကြာခင်မှာ အတိက်အဖြစ်နဲ့ နေရစ်ခဲ့တော့မှာ။ လုပ်စရာရှိတာက ဘာလဲ၊ ရှေ့ဆက်ရမှာက ဘာလဲ ဒါပဲစိတ်ဝင်စားမိတယ်။ အတိက်ဆိုတာမှာ ခါးသည်းမှုလဲပါမယ်၊ ပျော်ရွှင်ကြည့်နူးခဲ့ရတာလဲ ရှိမယ်။ ဒါဟာ လောကဓံပဲလေ။ ကိုယ်ဆက်လုပ်စရာရှိတာကို လမ်းမှန်ရွေးပြီးဆက်လုပ်ဖို့ပါပဲ။

ငယ်စဉ်ဘ၀က ရွာမှာနေစဉ် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွာဦးကျောင်းဘုရားပွဲလေးကို သတိရတမ်းတမိသေးရဲ့။ မှတ်မှတ်ရရပေါ့ အဲဒီနှစ်က ရွာသားတွေစုစပ်ပြီး တင်ဆက်ကြမဲ့ အရပ်ပြဇာတ်လေး ပါတဲ့နှစ်ပါပဲ။ ကြိုတင်ဇာတ်တိုက်မှုကို ရွာသူရွာသားတွေမသိစေချင်ကြတော့ ပါဝင်ကပြမည့်သူတွေဟာ သူတို့နဲ့ဝေးရာမှာ လူသူကင်းရှင်းရာနေရာလေးရှာပြီး ဇာတ်တိုက်ကြတယ်။ ဘယ်သူက ဘယ်နေရာ၊ စသဖြင့် ဇာတ်ဆောင်နေရာလေးတွေခွဲဝေပြီး ကိုယ်ကျရာဇာတ်ရုပ်ကို အပီအပြင်ဖော်ထုတ်ပြသနိုင်ဖို့ ကြိုးစား အားထုတ်ကြတယ်ပေါ့။

အဖြစ်အပျက်ကတော့ ရဲအတွက်နေရာတော်တော်များများမှ ဇာတ်ကောင်အဖြစ် တာဝန်ယူရမည့်သူများလဲ သူတို့ ကျရာကို လေ့ကျင့်လျှက်ရှိတယ်။ ညဘက် လူခြေတိက်ချိန်မှာ ဒါရိုက်တာက ညွှန်ကြားတဲ့ အတိုင်းလေ့ကျက်မှတ်ပြီး ကိုယ်အားတဲ့အချိန်တွေမှာ ပြန်လည်လေ့ကျင့်ကြ ဒိုင်ယာလော့ဂ်တွေ ကျေညက်အောင် ပြောကြနဲ့ပေါ့။ ပျော်စရာအတိပါပဲ။ ရဲနောက်လိုက်လုပ်မဲ့ ရွာသားတစ်ယောက်ကတော့ ဒီလိုအရပ်ပြဇာတ်လေးလုပ်တဲ့အချိန်မှာ သူအစွမ်းလေးပြဖို့ အချိန်ရသည်နှင့် သူပြောရမဲ့ စကားပြောခန်း လေးကို အသေလေ့ကျင့်တော့တာပါပဲ။

အလုပ်လုပ်ရင်းလဲ လေကျက်၊ ရေချိုးရင်းလဲလေ့ကျက်နဲ့ မအားနိုင်အောင် အလုပ်များနေတယ်။ တစ်နေ့တော့ သူ့မှာထန်းတက်ရမဲ့အလုပ်လုပ်ရင်း ပွဲကလဲနီးလာတော့ သူ့တာဝန်မကျေပွန်မှာစိုးရိမ်ပြီး လှေခါး (အညာစကားနဲ့ဆို ရင်းထောင်) ပေါ့ အဲဒါကို ထန်းပင်မှာ အသင့်ထောင်ထားလိုက်ပြီး ထန်းပင်ကို သူနဲ့ပြဇာတ်ထဲမှာပြောရမဲ့ ရဲဗိုလ်အဖြစ်ထားပြီး စကားပြောလေ့ကျင့်နေမိတော့တာပဲ။ သူ့အဖေကလည်း ထန်းတဲထဲကနေ သူ့သားထန်းပင်ပေါ်တက်ရမှာကို မတက်သေးပဲ ဘာများလုပ်နေလဲလို့ အကဲခက်နေတယ် ။ တော်တော်ကြာလာတဲ့အထိ စောင့်ကြည့်ပြီး မနေနိုင်တော့တာနဲ့ ဟိတ်ကောင် ထန်းပင်ပေါ်မတက်သေးပဲ ဘာလုပ်နေလဲလို့ လှမ်းအော်လိုက်တယ်ဆိုရင်ပဲ ရဲသားနေရာက သရုပ်ဆောင်ရမဲ့ သားတော်မောင်က ဟုတ်ကဲ့ပါ ဗိုလ်ကြီးဆိုပြီး ပြန်ပြောလိုက်တာ ရွာမှာ ဟာသအဖြစ်ပြောစရာကို ဖြစ်ရော။

တကယ်တော့ သူဟာ သူကျမဲ့တာဝန်ကိုကျေပွန်ဖို့လေ့ကျင့်နေတာပါပဲ။ အများရှေ့ရောက်လို့ ကမောက်ကမဖြစ်ခဲ့ရင် သူ့တာဝန်မကျေခဲ့ရင်ဆိုတဲ့ အသိနဲ့ လေ့ကျင်နေမိတာပါ။ ကြည့်ရင်တော့ ဟာသလေးပါပဲ။ တကယ်တွေးကြည့်တော့မှာ သူလဲ သူ့လုပ်ရမည့်အလုပ်ကို လေးစားစွာ တာဝန်ကျေဖို့ သူတက်နိုင်သလောက် လုပ်နေတာပဲလေ။ တကယ်ပြဇာတ်ကပြကြတော့လဲ သူ့တာဝန်ကို သူကျေပွန်စွာ ကပြသွားနိုင်တာပါပဲ။ သူအပြင်မှာလွဲခဲ့တဲ့အဖြစ်လေးဟာတော့ အတိက်မှာ ဟာသအဖြစ်နဲ့သာ ကျန်ရစ်ခဲ့တော့တယ်။

ဒီနေ့အချိန်မှာတော့ တစ်ချိန်က လူမျိုးရေးပဋိပက္ခတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေများခဲ့တဲ့ တောင်အဖရိကနိုင်ငံမှာ တစ်ကမ္ဘာ့လုံးကို ကိုယ်စားပြုတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပနေကြတယ်။ ဘောလုံးအင်းအားကြီးနိုင်ငံ တော်တော်များများဟာ သူတို့အောင်မြင်မှုရရေးအတွက် အားကျိုးမာန်တက် ကြိုးစားနေကြလေတယ်။ တစ်ချိန်ကဖြစ်ပျက်ခဲ့တဲ့ ခါးသီးမှုတွေကပဲ ဒီပြိုင်ပွဲကို ပိုပြီးအသက်ဝင်စေသလား အောင့်မေ့ရတယ်။ ဟုတ်လဲဟုတ်မှာပါ။ တစ်ချိန်မှာ ဘာဖြစ်ခဲ့ဖဖြစ်ခဲ့ ခုချိန်မှာတော့ ကမ္ဘာမှာ တောင်အဖရိကဟာ ငါတို့တိုင်းပြည်ဟာ ဒီလိုပါဆိုတာကို ပြသနိုင်နေကြပြီလေ။

ဟိုးအရင်ရက်များဆီက အသိတစ်ယောက်မေးကနေပို့လိုက်တဲ့ ရှာကီရာဆိုတဲ့ ဘောလုံးပွဲဂုဏ်ပြုတေးလေးကို နားဆင်မိသေးရဲ့။ ဓမ္မဂင်္ဂါကြီး ဘာသာပြန်လေးဖတ်ရတော့မှ သေချာနားလည်မိပြီး ပိုပြီးသွက်သွားသလို ခံစားရတယ်။ အတိက်တွေကိုထားခဲ့ကြပြီး အခုတော့ သူတို့ဟာ သူတို့နိုင်ငံရဲ့ဂုဏ်အတွက်၊ သူတို့ရဲ့လွတ်လပ်မှုနဲ့ ကြိုးစားအားထုတ်မှုကို ဖွင့်လှစ်ပြသခွင့်ရနေကြပြီ။ နယ်လ်ဆင်မင်ဒဲလားကြီးရဲ့အပြုံးကို စိတ်ကူးနဲ့ မြင်ယောင်ကြည့်မိပါတယ်။ သူနှစ်ပေါင်းများစွာ အကျဉ်းကျခံပြီးကြိုးစားအားထုတ်ခဲ့တဲ့ အသီးအပွင့်တွေဟာ ဒီနေ့မှာတော့ တောင်အဖရိကမှာ စည်ဝေနေမှာအမှန်ပဲလေ။ အားကျမိပါရဲ့။

အချိန်ကျပြီး အားထုတ်ကြတော့ ဆိုတဲ့ အာဖရိကသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးတဲ့ သီချင်းလေးပါပဲ။ အခုဆို လူမျိုးရေးတွေ၊ အတိက်ရဲ့ခါးသီးမှုတွေ ဘေးချိတ်ပြီး ပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပနေကြပါပြီ။ လူမျိုးပေါင်းစုံပါတဲ့ ညီညွှတ်ရေးကို သူတို့ရေးထိုးနေကြလေပြီ။ ဆုဖလားကြီး ရမရတော့ မသေချာသေးပေမဲ့ သူတို့ လက်ရှိရနေတဲ့အောင်မြင်မှုကတော့ တန်ဘိုးဖြတ်လို့မရနိုင်ပါဘူး။ လေးစားမိပါတယ် တောင်အဖရိက သားတွေရယ်။ ပျော်ရွင်နေကြမဲ့တောင်အဖရိကသားတွေကို အားကျမိသေးရဲ့၊ သူတို့လို ထိုင်ခုံတစ်နေရာဝယ်ပြီး ဂုဏ်ဆောင်တေးလေးကို သူတို့နဲ့အတူ သံပြိုင်သီဆိုလိုက်ချင်သေးရဲ့။ နယ်လ်ဆင်မင်ဒဲလားကြီးရေ ခင်များကိုတော့ အထူးလေးစားမိတယ်နော်။

အားကစားဟာ မုန်းတီးမှုနဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်ခဲ့တာလား၊ အတိက်ကို သင်္ခန်းစာယူပြီး ဖြစ်သင့် လုပ်သင့်တာကို လုပ်ဆောင်ခဲ့တာလားတော့ သူတို့များပဲသိပေလိမ့်မည်။ လက်ရှိဘ၀မှာတော့ အောင်မြင်မှုနဲ့ ပျော်ရွှင်နေကြတာတော့ အမှန်ပင်။ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မဆို ခါးသီးတဲ့အတိက်ကိုယ်စီတော့ ရှိကြစမြဲပင်။ နေမ၀င်အင်ပါယာလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးတို့ပင် ထိုသို့သောခါးသီးမှုများကို ကိုယ်တိုင်ခံစားဖူးခဲ့သည်။ အနာဂတ်လှပဖို့ကို သူတို့အားလုံးလုပ်နိုင်ခဲ့ကြ၍သာ ယနေ့မှာ သူတို့ဟာ မော်ကြွားနေနိုင်ကြတာပါပဲ။ ဒို့များလဲ အားကျပါရဲ့ သူ့လိုပုံကို တောင်ပံလေးများရနိုင်ရင်တော့ လိုချင်သားကွယ်.. ဒါမှ ချစ်တဲ့သူရှိရှာ သူ့လိုပဲ ဒို့လဲ ပျံနိုင်မယ်. ဆိုတဲ့သီချင်းလေးပဲ ဆက်လက်နားဆင်နေမိတော့သည်သာ။


Tuesday, June 8, 2010

ဂ ငယ်ကွေ့ရှိသည်



အနိစ္စ၊ ဒုက္ခ၊ အနတ္တ တဲ့
နေ့စဉ် ဆင်ခြင်မှုကင်းမဲ့စွာ
နှုတ်က တစာစာ ထွေးအံချရဲ့
အတ္တမီးလောင်ပြင်ထဲက စိတ်ဓာတ်ကို
ကယ်တင်ဖို့ကျတော့ နောက်တွန့်ချင်သေး
လက္ခဏာယဉ်ဆိုတာ
နိဗ္ဗာန်ယဉ်လိုလား ဘာလဲ
မသိဘူး မသိဘူး

တစ်ကိုယ်ရေ ချမ်းသာမှုအတွက်
မြှုပ်နှံသင်္ဂြိုဟ်ပစ်ခဲ့တဲ့
ငယ်ဘ၀တွေရဲ့ ဖြူစင်ခြင်းများ
ကျေးဇူးရှင်လား နားထား
သူငယ်ချင်းဆို ပစ်ခဲ့
အမြီးကျက်ပလား အမြီးစားမယ်
ခေါင်းကျက်ရင် ခေါင်းဖဲ့
ဒီလိုနဲ့ လေ
ဘနှဖူးကိုတောင် သိုက်တူးခဲ့ပြန်ရော


ဟန်ဆောင်မှုလိမ်းကျံထားတဲ့
ဖြောင့်မတ်မှုအတုတွေနဲ့တော့
ဘ၀ကိုတည့်တည့်ရပ်ကြည့်လို့မရဘူး
ရိုးသားခြင်းဟာ လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလေ
တစ်ချိန်မှာ ၀ိုက်လက်သီးတွေနဲ့
ထိုးသတ်လှဲချပစ်မှာပဲ
ပြန်လည်ထူမဖို့
အချိန်းနည်းနည်းတော့ရမယ်
မထနိုင်ရင် သေပေါ့
ဘ၀ကြိုးဝိုင်းမှာ သရေဆော့တယ်ဆိုတာ
သေချာတယ် မရှိဘူးနော်

အမှတ်စဉ်ရေတာ ပြည့်တော့မယ်
ငါသာဆိုရင်လေ
အမှန်တရားရဲ့ လက်တစ်ဖတ်ကိုတွဲလိုက်မယ်
သူလည်းခွင့်လွတ်ခြင်းနဲ့ ဖေးမမယ်လို့
သေချာယုံကြည်တယ်
..
စိုင်းစိုင်းသီချင်းထဲကလိုပေါ့
လာပါလက်ဆွဲနှုတ်ဆက်ကြစို့
ဘယ်လိုလဲ စူးစမ်းချင်လား တဲ့
အဲဒီနေရာမှာ
ရိုးသားခြင်းအလှတရားတွေရှိနေမယ်
ဒါဟာသေချာတယ်လေ


Monday, June 7, 2010

မျှော်လင့်ခြင်း သစ္စာ


ငါ့ လက်မှာ သွေးစွန်းခဲ့ဖူးပါတယ်
လူဖမ်း လက်ဖြတ်ခြင်းနဲ့
ဆရာရဲ့စေခိုင်းချက်ကို လုပ်ပေးရင်းပေါ့
သတ်ခဲ့မိတယ် ရာပေါင်းများစွာသော အသက်တွေ
တော်ပါသေးရဲ့
အမေရင်းတောင် သတ်မိတော့မလို့ပဲ
နည်းနည်းလေးပဲ လိုသွားတယ်
ဘုရားရှင်ကယ်ပေလို့ပေါ့
ငါ့နာမည်ကိုတောင်
လက်ချောင်းများကို ပန်းကုံးအဖြစ်ပန်ဆင်သူလို့
လူတိုင်းကရေးထိုးကြတယ်
လှတော့ လှသလိုပဲ
အင်္ဂုလိမာလ တဲ့လေ

ချစ်နှမ
အရိယာဖြစ်ပြီးကတည်းက
ငါဟာ
ညှင်းပန်းနှိပ်စက်ခြင်း အလျှဉ်းကင်းခဲ့ပါပြီ
မေတ္တာတွေနဲ့ နေသားကျခဲ့ပါပြီ
ဒေါသတွေ ကင်းလွတ်ရာကို
ရောက်ခဲ့ပါပြီ
ဘ၀ရဲ့အဆုံးကို သွားနေပါပြီ
သံသရာဘက်ကို ကျောခိုင်းခဲပါပြီ
အမိုက်တွေနဲ့ လူးခဲ့တာကိုလဲ
နောင်တအဖြစ်နဲ့ပဲ သိမ်းထားလိုက်ပါပြီ
သွေးစွန်းခဲ့တဲ့လက်ကို
တရားရေနဲ့ စင်စင်ဆေးခဲ့ပါပြီ
အမှားဆိုတာကို
အချိန်မှီ ပြင်နိုင်ခဲ့ပါပြီ

ချစ်နှမ
မင်းရဲ့ မျိုးဇာတ်သွေး
လွယ်ကူစွာမွေးဖွားနိုင်ပါစေတော့
သစ္စာတွေနဲ့ ငါ ဆုမြတ်ချွေပါတယ်
အနာဂတ်ရဲ့ သားကောင်းရတနာတစ်ပါးအတွက်
ငါ့ မေတ္တာဓာတ်တွေ စူးရောက်ပါစေသား
ငါမှားယွင်းစွာ ချွေထားခဲ့မိတဲ့ အသက်တွေအတွက်
အခု ငါ့သစ္စာတရားနဲ့အကြွေးဆပ်ပါရစေ

အနာဂတ်သားကောင်းတွေ တိုးတက်ပါစေသား
ကြယ်ပွင့်လေးတွေ ကြွေလွင့်ခြင်း
အလျှင်းကင်းပါစေသား
အနာဂတ်ကောင်းကင်မှာ
ထာဝရ လင်းလတ်နိုင်ပါစေသား
လူချွန်လူကောင်းတွေ များပြားပါစေသား
လွတ်လပ်စွာ ပျံသန်းနိုင်ကြပါစေသား

Sunday, June 6, 2010

မြစ်တစ်စင်းရဲ့ ဒိုင်ယာရီ



အဖြောင့်စီးဆင်းခဲ့တာပါပဲ
ကျောက်ဆောင်နဲ့ သောင်ကိုမြင်တော့
သူ့လမ်းကို ရှောင်ဖောက်မိရဲ့
တဲ့တဲ့တိုးခြင်းကိုမှ မလိုလားခဲ့တာ
မြစ်ကျဉ်းလဲရှိ မြစ်ကျယ်လဲပါ
အချို့အမြင်မှာတော့
စီးကြောင်းက ကောက်ကွေ့တယ်ထင်မှာပဲ
မြစ်တစ်စင်းရဲ့
အဖြူထည်မာယာကိုမှ မသိကြတာ
ကျောက်ဆောင်နဲ့ သောင်ဟာ
တရားခံစစ်စစ်ဆိုတာမေ့နေမှာပေါ့
ဒါဟာ ဘာဆန်းလဲ

မြစ်တွေ မြစ်တွေ စီးဆင်းနေတယ်
ပင်လယ်ရောက်အောင် အားစိုက်လို့
ဘယ်သူ့မှတော့ မထိခိုက်ဘူးထင်တာပဲ
ကောင်းလိုက်တာ
သူ့လမ်းကြောင်းသူဖောက်
ကောက်ကွေ့ခြင်းဆိုတာတော့ရှိမယ်
သူ အလဲထိုးခဲ့တာတော့ မရှိဘူး
ဟော မယုံရင် သေချာကြည့်
ရိုးသားခြင်းအတိနဲ့
မေခ မလိခရဲ့သား ဧရာဝတီရှိတယ်

သူဟာ
သူ့ကမ္ဗည်းသူရေးစပ်
သူ့သွေးတွေနဲ့ အသက်ဆက်လို့
အဆက်မပြက်စီးဆင်းစေတယ်
သူ့ဟာ ကမ္ဘာတည်သရွေ့
နာမည်ကောင်းနဲ့ တည်စေ့မည့်သူပါ


Friday, June 4, 2010

တက်ခေါက်သံများ၏ ဦးတည်ရာ



တောက်
.................
အလိုမကျမှုနဲ့ မသင့်တော်တာတွေမြင်လေတိုင်း
မခံချင်စိတ် ဒေါသလှိုင်းနဲ့
ငါ့ နှုတ်က ထွက်ကျခဲ့တဲ့ တက်ခေါက်သံ
လျှာမှာသာ အသားမာတက်ခဲ့တယ်
ဘာမှတော့ ဖြစ်မလာခဲ့ပါဘူး

စိတ်ရူးနဲ့တွေးကြည့်ဖူးရဲ့
ငါ့ရွာကိုပြန်
နွားကြန်စုံကို တက်ခေါက်မောင်းလိုက်ရင်
အသားမာတက်တာချင်း တူတူပေမဲ့
ထွန်ရေးတော့ ကောင်းကောင်းညက်နိုင်ရဲ့
အခုတော့
ကျွဲပါးမှာတီးမိတဲ့ စောင်းသံလို
ငါ့ နှုတ်ထွက် တက်ခေါက်သံတောင် နှမျောမိ

တောက်..
တက်ခေါက်သံများ
နေရာတိုင်းမှာ ကြားနေတယ်
ဘာကိုဦးတည်လို့ ဒေါသမုန်တိုင်းဆင်ပါလိမ့်

မခံချင် အလိုမကျစိတ်
သည်းခံအောင့်အီးခဲ့မှုနဲ့
အားမတန်မာန်လျှော့ခြင်းများ
တစ်စ တစ်စ ပိုပိုများလာတော့
မေတ္တာတရားသံတွေတိက်လို့
တက်ခေါက်သံတွေပဲ
နေရာအနှံ့ ယိုဖိတ်နေပေါ့


Thursday, June 3, 2010

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများ



ရာဇ၀င်နဲ့ သမိုင်းစာမျက်နှာတွေပေါ်မှာ
အကောင်းတကာ့ အကောင်းဆုံး
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအစုံ
ခပ်ရဲရဲရေးထိုးခဲ့ကြသူတွေရဲ့
အမည်နာမများ
ဟော ကြည့်လိုက်
ဘယ်လောက် လှပနေလိုက်သလဲ

ခေတ်တွေခေတ်တွေထဲမှာ
တောင်းဆိုချက်အရ
သူတို့တွေ ကိုယ်ပိုင်စာမျက်နှာတွေဖွင့်လို့
ရိုးသားခြင်းနဲ့ ရေးခဲ့တဲ့
သူတို့တွေရဲ့ ဘ၀ဒိုင်ယာရီများ
ဖတ်ရင်းနဲ့
ငါ ဖျားတောင်ဖျားချင်တယ်

အနော်ရထာ၊ ဘုရင့်နောင်
နောက် အလောင်းဘုရားစတဲ့
ပြည်ထောင် မင်း(ခေါင်းဆောင်)များရဲ့
ရာဇ၀ံသ သင်ခန်းစာတွေ
ဖတ်မှတ်လေ လေးစားလေပဲ
ငါလဲ သူတို့လိုဖြစ်ချင်လိုက်တာ

မမှီမကန်း လှမ်းဖတ်မိတာက
ဂျော့ဝါရှင်တန်အကြောင်း
နောက်
လင်ကွန်း၊ ရုစဘဲ့စတဲ့ စတဲ့
ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုနဲ့
သူတို့ ခုတ်ထွင်ရှင်းလင်းခဲ့တဲ့ ခရောင်းခင်းများ
ဟော ကြည့်လိုက်ကြစမ်း
အခု ပန်းတွေဝေနေတဲ့ ဥယျာဉ်ကြီးကိုဖြစ်လို့
အပြုံးတွေနဲ့ ကလေးတသိုက်
လွတ်လပ်စွာ ကစားနေလိုက်ကြတာ
ငါ ထိုင်ကာကြည့်နေရပေါ့

ငါလည်းရေးထိုးလိုက်မယ်
လက်ရေးမလှတဲ့ ကိုယ်တိုင်ရေးသမိုင်း
ခပ်ရိုင်းရိုင်းပဲပေါ့
စာကြည့်တိုက်မှူး တိုင်းကိုတော့ မှာခဲ့ပါရစေ
ငါ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို
ဘယ်သူမှ မဖတ်မိအောင်
ဟိုး ချောင်ကျကျမှာပဲ သိမ်းထားပေးပါလို့
ရာဇ၀ံသနဲ့ သမိုင်း လေ့လာသူတွေရဲ့ ဟားတိုက်ခြင်းနဲ့
ထွီလို့ထွေးထုတ်လိုက်မဲ့ ရွံမုန်းမှုများ
မကြားဝံ့ဘူးနော်
ကြောက်လိုက်တာ လွန်ရော
သမိုင်းဟာ ရိုင်းခဲ့လေမှကိုး