Monday, May 31, 2010

ဦးဒတ္တ အမွေတောင်းခန်း



ဦးဒတ္တ မန္တလေးမြို့၌ စာသင်နေစဉ်ဖြစ်၏။ တစ်ရွာတည်းသား စီနီယာနောင်တော်ဦးဇင်း တစ်ပါးနှင့်အတူ တစ်တိုက်တည်း၌ သီတင်းသုံးရင်း ပိဋကတ်စာပေးများ လေ့လာလိုက်စားလျှက် ရှိ၏။ တစ်နေ့တော့ ဦးဒတ္တဆွမ်းခံကြွနေစဉ် သူ့ရွာမှဖုန်းဆက်၍ ဦးဒတ္တ၏ အဘိုးကွယ်လွန်သွားသည်ကို အကြောင်းကြားလေ၏။ စာဝါများအရေးကြီးနေချိန် ဖြစ်၍ ဦးဒတ္တအား ပြန်မလာလျှင်လည်းရကြောင်း၊ စာကိုသာ ကြိုးစားသင်စေ လိုကြောင်း မှာထားခဲ့လေ၏။

နောင်တော်ဦးဇင်းသည်လည်း ဦးဒတ္တရိုးလွန်းသည်ကို ငယ်စဉ်ကတည်းက သိထားသူပီပီ ဦးဒတ္တ ဆွမ်းခံပြန်ကြွ လာသည်နှင့် ကြပ်ပေးလေတော့၏။

နောင်တော်ဦးဇင်း။ ။ “ကိုယ့်တော့ ဒကာကြီးတော့ ဖုန်းဆက်တယ်၊ အဘိုးဆုံးပြီးပြောတာပဲ၊ ကိုယ့်တော်ကို ပြန်မလွတ်ပါနဲ့၊ စာဝါတွေအရေးကြီးနေတယ်ဆိုပြီး အကြောင်းပြတာပဲ၊ တကယ်တော့ ကိုယ်တော်ဖခင်ကြီးဟာ အဘိုးကျန်ခဲ့တဲ့ အမွေတွေ အပိုင်စီးဖို့ ကိုယ်တော်ကို ပြန်မလာစေချင်တာပဲ”

ဦးဒတ္တ။ ။ “ဟုတ်လား ဦးဇင်း၊ တပည့်တော် ဘာလုပ်သင့်လဲ”

နောင်တော်ဦးဇင်း။ ။ “ဟာ ကိုယ်တော်ပြန်ရမှာပေါ့။ ကိုယ်တော့ ဒကာကြီး လူလည်ကျတာကို ဒီအတိုင်းငြိမ် ခံမလား”

ဦးဒတ္တ။ ။ “ဒါဆို ဒီညနေပဲ တပည့်တော်ပြန်မယ်”

ဦးဒတ္တသည်ကား အဘိုးဆုံးလို့ ၀မ်းနည်းဖို့ဝေးစွ၊ အမွေမရမှာ တွေးရင်း ထိုညနေမှာပဲ မှီရာကားဖြင့် ဇာတိမြို့လေးသို့ ချီတက်လေတော့၏။

ရွာ၌ကား သက်တော်ရှည် ပညာတက်ဆရာတော်သည် ကျောင်းထိုင်လျှက် သာသနာပြုနေလေ၏။ ထိုဆရာတော်ကြီးအား ဦးဒတ္တတို့ တပည့်ကြီးငယ် အားလုံးသည် ကြောက်ကြရလေ၏။ စကားပြန်ပြောဖို့ အသာထား ဆရာတော်မြင်လောက်ရာ အရပ်မှ ဖြတ်လျှောက်ဖို့ပင် မရဲကြပေ။ ထို့နေရွာရောက်လျှင်ပဲ ဦးဒတ္တသည်ကား ဆရာတော်ကို ဦးခိုက်၍ ဆရာတော်မှ ဘာကားနဲ့ ဘယ်လိုပြန်လာသလဲ၊ နေကောင်းကျန်းမာရဲ့လား ဆိုသော အမေးကိုပင် ပြန်လည်ဖြေကြား မလျှောက်တင်နိုင်ဘဲ အိမ်သို့ ပြန်သွားလေတော့၏။ ဆရာတော်လည်း “အော် ဒီဦးဇင်းခမျာ သူ့အဖို့ဆုံးသွားတော့ ၀မ်းနည်းနေရှာရော့မည်” ဟုသဘောပိုက်လျှက် နေလေ၏။

နာရေးကား မြေကျပြီးပေပြီ၊ ရက်လည်ဆွမ်းသွပ်ဖို့စောင့်စားနေချိန်၊ ဆွေးမျိုးဉာတိများ ပူဆွေးသောက်က ရောက်နေချိန်။ ဦဒတ္တကား အိမ်သို့ရောက်သည်ဆိုလျှင်ပဲ --

ဦးဒတ္တ။ ။ ဒကာကြီး(ခမည်းတော်ကိုခေါ်လိုက်ခြင်းပင်) လာပါဦးဗျ၊ ဒကာကြီး ဘာသဘောလဲ၊ ဦးဇင်းကို ဘာလို့ပြန်မလာခိုင်းတာလဲ အဲဒါရှင်း.

ဒကာကြီး။ ။ ဦးဇင်းမှာ စာမေးပွဲနီးလို့ စာဝါတွေအရေးကြီးချိန်ဖြစ်နေလို့ပါ၊ ဒီမှာလဲ သေပြီးမှတော့ ဘာမှဖြစ်မလာနိုင်ဘူးမဟုတ်လား ဦးဇင်း၊ ဒါကြောင့် ပြန်မလာဘို့ပြောတာပါ။

ဦးဒတ္တ။ ။ ဦးဇင်းသိတယ် ဒကာကြီး၊ အဘိုးကျန်ခဲ့တဲ့ အမွေတွေ အပိုင်စီးချင်လို့မဟုတ်လား၊ ဦးဇင်းကို မပေးချင်လို့ ပြန်မလာစေချင်တာ မဟုတ်လား

ဒကာကြီး။ ။ ဦးဇင်း ဒီမှာ အားလုံးပူဆွေးသောက ရောက်နေကြပါတယ်၊ အမွေကိစ္စကို ဘယ်သူမှ ခေါင်းထဲမထည့်နိုင်ကြပါဘူး၊ ဦးဇင်းဟာ တပည့်တော်ရဲ့ သားပါပဲ သားသမီးတွေ အားလုံးကို မျှတစွာ ဖြစ်စေရပါ့မယ်။

ဦးဒတ္တ။ ။ မရဘူး ဒကာကြီး ဦးဇင်းသိတယ်။ အမွေကို အခုခွဲပေး မရရင် မြို့ကို မပြန်ဘူး ဒါပဲ

အချီအချပြောလိုက် ငြင်းခုန်လိုက်ဖြင့် ဦးဒတ္တတို့သားအဖ နှစ်ယောက်သည်ကား ညှိနိုင်းလို့မရတော့ပေ။ ဦးဒတ္တ၏ဖခင်သည် စိတ်ဆိုးလာပြီး “ဟာ... ဒီဦးဇင်း ဒီလောက်ပြောပြနေတာတောင် မရဘူး” ဟု ကြိမ်ဆွဲ၍ လိုက်ရိုက်လေတော့၏။ (အညာဒေသမှာ မိဘသည် သားများကို ကိုရင်၊ ဦးဇင်းဖြစ်လင့်ကစား သူတို့၏စိတ်မှာ မကောင်းတာ မသင့်တာမြင်လျှင် ငယ်စဉ်ကလို ဆိုဆုံးမတက်တဲ့ ချစ်စရာ ဓလေ့သည် ရှိလေ၏။)

ဒကာကြီးလည်း ကျောင်းအထိအောင်လိုက်လာပြီး ဆရာတော်ကြီးအား “ဆရာတော်ဘုရား ဒီဦးဇင်းကို အခုမြို့ကိုပြန်ခိုင်းလိုက်ပါဘုရား၊ တပည့်တော် စိတ်ဆိုးပြီးရိုက်မိလျှင် အပြစ်ဖြစ်ပါတော့ မည်ဘုရား” ဟု ပြက်သားစွာလျှောက်တင်လေတော့သည်။ ဆရာတော်ကား အကြောင်းစုံသိတော်မူပြီးလေသော် ဒေါသ ထွက်တော်မူရကား .. “ဦးဒတ္တ အခုချက်ချင်း ကျောင်းပေါ်ကဆင်း မြို့ကိုတန်းပြန်၊ ဘယ်တော့မှပြန်မလာလေ ကောင်းလေပဲ” ဟု ပြင်းထန်သော ဗီတိုအာဏာကိုသုံး၍ နှင်ချလေတော့သည်သာတည်း။

ဖြစ်ရလေ ဦးဒတ္တရယ်၊ ကြပ်လို့ကြပ်မှန်းမသိ၊ အဘိုးဆုံးလို့ ရက်မလည်ရသေးဘူး အမွေတောင်းရက်လှတယ်။ အဘိုးသေရာမှထလာနိုင်လျှင်ကား ဦးဒတ္တ မလွယ်ကြောပင်။ အဘိုးသည်ကား ဒေါသအလွန်ကြီးပြီး ဦးဇင်းသော ဘာသော ထားမည်သူ မဟုတ်ပေ။


Saturday, May 29, 2010

သူ့မွေးနေ့လေး


သူ့ မွေးနေ့လေး
မေမေပေးခဲ့တဲ့ အသက်နဲ့
ဒီရက်မှာ သူ
သူငယ်ချင်းတွေနဲ့အတူပေါ့
ပျော်နေရော့မယ်
ငါ ရှိမနေတာတော့ ၀မ်းနည်းမိတယ်

မင်းဘ၀ရဲ့
လျှောက်လှမ်းမဲ့ ခရီးလမ်းမှာ
ပန်းခင်းလမ်းလေးတွေ
ဖန်ဆင်းပေးချင်လိုက်တာ
ဒါမှလေ
မွေးနေ့လေးတိုင်းမှာ
မင်းဒီလို ပျော်နေနိုင်မှာပေါ့

ဒါပေမဲ့
ရော့ယူ
ငါတက်နိုင်တာတစ်ခု
ဆုတောင်းလေးသက်သက်ပဲ
မင်းအတွက်မွေးနေ့လက်ဆောင်
“ happy birthday to you”

ကျင်းပနိုင်ပါစေ
မင်းရဲ့မွေးနေ့လေးပေါင်းများစွာ
နေနဲ့လ ကမ္ဘာပတ်လေတိုင်း
ထာဝရပျော်ရွှင်ခြင်းများ ပွေ့ဖတ်လို့
ရွှေရတု စိန်ရတုများနဲ့
သက်ဆုံးတိုင်ပေါ့

ငါ မြင်ချင်ပါတယ်
ယုံကြည့်မှုနဲ့ ပြုံးပျော်နေတဲ့
မင်းရဲ့ ဖြူစင်တဲ့ဟန်လေး
ကြည့်ရတာ ရင်ထဲအေးလွန်းလို့ပါ

ငါ့ ဆုတောင်းလေးဟာ
တန်ဘိုးနည်းတာမှန်ပါတယ်
ဒါပေမဲ့
ရင်ထဲကစီးဆင်းတဲ့
ဆန္ဒမွန် ဆုလာဒ်စစ်စစ်ဆိုတော့
မင်းရဲ့နေ့သစ်တွေ
ပျော်ရွှင်ခြင်းနဲ့ လှပနိုင်မှာပါ


Wednesday, May 26, 2010

မဃဒေ၀မှာတမ်းနှင့် အဆုံးစွန်လူသား



ရှေးသရောအခါက မိထီလာပြည်၌ တရားနှင့်အညီမင်းပြုသော မဃဒေ၀မည်သောမင်းသည် ဖြစ်ပေါ်ခဲ့၏။ ထိုမင်းသည် ဥပုသ်နေ့တိုင်း သီလဆောက်တည်လေ့ရှိ၏။ မိမိခေါင်း၌ ဆံပင်ဖြူတစ်ချောင်း ပေါက်ခဲ့သော ပြောပြရန် ဆတ္တာသည် (ဆံညှပ်သမား)အားမှာထားလေ၏။ နှစ်များစွာကြာသောအခါ ဆတ္တာသည်သည် မင်းကြီးခေါင်း၌ ဆံဖြူတစ်ချောင်း ပေါက်နေသည်ကို မွေးညပ်ဖြင့်နှုတ်၍ မင်းကြီးအား ပြသလေ၏။

မင်းကြီးလည်း ထိုဆတ္တာသည်အား ရွာဆုပေး၍ သားတော်ကြီးအိမ်ရှေ့မင်းသားကို ခေါ်ပြီး “ချစ်သား၊ ငါ့အား သေမင်းတမန်များသည် ဖြစ်ပေါ်၍ လာလေပြီ၊ ငါသည် လူ့လောက၌ ကာမဂုဏ်တို့ကို ခံစားပြီးဖြစ်၍ နတ်ကာမဂုဏ်တို့ကို ရှာရန် အချိန်တန်ပြီ၊ သင်သည် နိုင်ငံကိုအုပ်ချုပ် မင်းလုပ်လော့” ဟု မိန့်ကြား၍ ထီးနန်းကို လွှဲအပ်လေ၏။ ခေါင်း၌ ဆံဖြူတစ်ချောင်းပေါက်လျှင် တော်ထွက် တရားရှာမှီးခြင်းဟူသော ကျင့်ဝတ်ကို စဉ်လာမပျက် ဆက်လက်လိုက်နာရန်နှင့် မင်းကျင့်တရားနှင့်အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန်လည်း သွန်သင်ဆုံးမခဲ့လေ၏။

မဃဒေ၀မင်းသည် ထိုနေ့မှစ၍ ဖန်ရည်ဆိုးသော အ၀တ်ကို ၀တ်ဆင်ကာ မဃဒေ၀ဥယျာဉ်တော်၌ အရပ်ဆယ်မျက်နှာတို့သို့ ဗြဟ္မ၀ိဟာရတရားဖြင့် ဖြန့်ကျက်၍ နေထိုင်တော်မူ၏။ ထိုမင်းသည် ကလေးသူငယ်ဘ၀ဖြင့် နှစ်ပေါင်းရှစ်သောင်း လေးထောင်၊ အိမ်ရှေ့မင်းအဖြစ်ဖြင့် နှစ်ပေါင်းရှစ်သောင်း လေးထောင်၊ ပြည့်ရှင်မင်းအဖြစ်ဖြင့် နှစ်ပေါင်းရှစ်သောင်းလေးထောင်၊ ရသေ့ရဟန်းအဖြစ်ဖြင့် နှစ်ပေါင်း ရှစ်သောင်းလေးထောင် နေပြီး ကွယ်လွန်သောအခါ ဗြဟ္မပြည်သို့ လားရောက်ရလေ၏။

သားတော်မင်းမှစ၍ ရှစ်သောင်းလေးထောင်သော မင်းတို့သည် မဃဒေ၀မင်းကြီး၏ နည်းလမ်း၊ သွန်သင်ဆုံးမချက်နှင့်အညီ မင်းပြု၍ မိထီလာပြည်သည် နှစ်ပေါင်းများစွာ စည်ပင်ဝပြောလျှက် ရှိခဲ့ပေ၏။ ဆံဖြူတစ်ပင် ပေါက်သည်နှင့် အိမ်ရှေ့စံကို နန်းလွှဲအပ်၍ မိမိတို့အတွက် သံသရာရိက္ခာထုပ်ကို ကိုယ်စီထုပ်ပိုး သွားနိုင်ကြလေ၏။

လူတို့၏ ပထမအရွယ်သည် ပညာရှာမှီးခြင်းဖြင့် ကုန်ဆုံးစေခြင်းကို ထိုမင်းသားတို့သည် ပြုမူဆောင်ရွက် နိုင်ခဲ့ကြ၏။ အချိန်တန်အရွယ်ရောက်လို့ ဒုတိယအရွယ်မှာ တာဝန်ထမ်းဆောင်ဖို့ အချိန်ကျစဉ်မှာလဲ သူတို့သည် တာဝန်ကျေပွန်ခြင်းဖြင့် မိထီလာပြည်ကြီးကို သာယာဝပြော စေခဲ့၏။ တတိယအရွယ် တရားရှာရမည်အချိန် ဆံပင်ဖြူတစ်ချောင်း ပေါက်တယ်ဆိုရင်လဲ သေမင်းတမန်အမိန့်တော်ဟု ခံယူလျှက် တရားဘာဝနာဘက်၌ စိတ်ကိုညွှတ်စေကာ သားတော်ကြီးကို ထီးနန်းလွှဲအပ်ကာ တောထွက်ရဟန်းပြုခြင်းဖြင့် ဗြဟ္မပြည်သို့ တက်လှမ်းနိုင်ခဲ့ကြ၏။

မဃဒေ၀မင်း၏ လမ်းစဉ်နှင့် ထိုလမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက် သော ရှစ်သောင်းလေးထောင်သော မင်းအပေါင်းတို့၏ စိတ်ဓာတ်သည် ချီးကျူးစရာပင် ဖြစ်၏။ နေမိမင်း လက်ထက်အထိ ရှစ်သောင်း လေးထောင်သောမင်းတို့သည် မိထီလာပြည်၏ အစဉ်အလာကို ထိန်းသိမ်နိုင်ခဲ့ကြလေ၏။

နေမိမင်း၏သားတော် ကဠာရဇနက မင်းလက်ထက်တွင်ကား ဘိုးဘေးတို့၏ အစဉ်အလာသည် ပျက်၍သွားတော့၏။ ဆံဖြူတစ်ခေါင်းလုံးပေါက်သော်လည်း ထီးနန်းမစွန့် တောမထွက်ပဲ အသက်ထက်ဆုံး မင်းစည်းစိမ်ကို ခံစားလျှက် နေတော့၏။ ထိုမင်းအား မိထီလာပြည်၏ အဆုံးစွန်သောမင်းဟူ၍ ပိဋကတ်တော်၌ မှတ်တမ်းပြုထားလေ၏။

.............................

မြတ်စွာဘုရားရှင် မိထီလာပြည်၊ မဃဒေ၀သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် ပြုံးရယ်ခြင်းပြုတော်မူရာ အရှင်အာနန္ဒာလျှောက်ထားတောင်ပန်၍ ဟောကြားတော်မူသော မဃဒေ၀ဇာတ်တော်ကို ဖတ်ရှုခံစားမိခြင်းပါ။

မြတ်စွာဘုရား၏ နိဂုံးဟောကြားချက်ကတော့.........

“အာနန္ဒာ၊ ထိုကောင်းမြတ်သော ကျင့်ဝတ်တို့ကို ထားခဲ့သော မဃဒေ၀မင်းကား အခြားသူမဟုတ်၊ ငါပင်ဖြစ်၏။ ငါထားခဲ့သော ထိုကောင်းမြတ်သော ကျင့်ဝတ်ကို နောက် မင်းအပေါင်းတို့သည် လိုက်နာကျင့်သုံးခဲ့၏။ သို့သော် ထိုကျင့်ဝတ်သည် ၀ဋ်ဆင်းရဲမှ ငြီးငွေ့ခြင်း၊ စွဲမက်မှုကင်းခြင်း၊ ကိလေသာချုပ်ငြိမ်းခြင်း၊ အထူးသိခြင်း၊ ထိုးထွင်းသိခြင်း၊ ဆင်းရဲငြိမ်းခြင်းအလို့ငှာ မဖြစ်၊ ဗြဟ္မပြည်သို့ ရောက်ရုံအလို့ငှာသာဖြစ်၏။”

“အာနန္ဒာ၊ ယခုငါထားခဲ့သည် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော အရိယာမဂ်တည်းဟူသော ကျင့်ဝတ်သည်ကား ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်း၊ စွဲမက်မှုကင်းခြင်း၊ ကိလေသာချုပ်ငြိမ်းခြင်း၊ အထူးသိခြင်း၊ ထိုးထွင်းသိခြင်းအလို့ငှာ ဖြစ်၏။ အာနန္ဒာ၊ သင်တို့သည် ဤကျင့်ဝတ်ကို ဆက်၍လိုက်နာကျင့်သုံးကြလော့၊ သင်တို့သည် ငါဘုရား၏ အဆက်အနွယ် အဆုံးစွန်သောသူများ မဖြစ်ကြကုန်လင့်”။

(သုတ္တန္တပိဋက၊ မဇ္ဈိမနိကယ်၊ မဇ္ဈိမပဏ္ဏာသ၊ မဃဒေ၀သုတ္တ)


Monday, May 24, 2010

ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်


တောင့်တတိုင်း ဖြစ်နိုင်၏

“သူကြွယ်တို့ တရားသဖြင့် မျှတစွာကျင့်သူသည် သေလွန်သောအခါ ချမ်းသာကြွယ်ဝသော မင်းမျိုး၌ဖြစ်ရန် လိုလားတောင့်တခဲ့သော် တောင့်တသည့်အတိုင်း ဖြစ်နိုင်၏။ သူကြွယ်မျိုး၌ ဖြစ်ရန်တောင့်တလျှင်လည်း တောင့်တသည့်အတိုင်းဖြစ်နိုင်၏။ နတ်ပြည် ဗြဟ္မပြည်တို့၌ဖြစ်ရန် တောင့်တလျှင်လည်း တောင့်တသည့်အတိုင်း ဖြစ်နိုင်၏။ အာသ၀က္ခယဉာဏ်ကို မျက်မှောက်ပြုရန် တောင့်တလျှင်လည်း တောင့်တသည့်အတိုင်း ဖြစ်နိုင်ပေ၏။”

တရားသဖြင့်ကျင့်ခြင်း

“သူကြွယ်တို့ တရားသဖြင့်ကျင်ခြင်း၊ မျှတစွာကျင့်ခြင်းသည်လည်း ကိုယ်အားဖြင့် သုံးမျိုး၊ နှုတ်အားဖြင့်လေးမျိုး၊ စိတ်အားဖြင့် သုံးမျိုးရှိ၏။

“ ကိုယ်အားဖြင့် တရားသဖြင့်ကျင်းခြင်း၊ မျှတစွာ ကျင့်ခြင်းသုံးမျိုးဟူသည်- သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ ဖောက်ပြန်စွာ ကျင့်မှုမှ ရှောင်ကြဉ်ခြင်းတို့ ဖြစ်၏။”

“နှုတ်အားဖြင့် တရားသဖြင့်ကျင့်ခြင်း၊ မျှတစွာကျင့်ခြင်း လေးမျိုးဟူသည်- မုသားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ သိမ်ဖျင်းသောစကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်၏။”

“စိတ်အားဖြင့် တရားသဖြင့် ကျင်ခြင်း၊ မျှတစွာကျင်းခြင်း သုံးမျိုးဟူသည်- သူတစ်ပါးပစ္စည်းကို မိမိသို့ ရှေ့ရှုမကြံခြင်း၊ သူတစ်ပါးကို မပျက်စီးစေလိုခြင်း၊ မဖောက်မပြန် မှန်ကန်ဖြောင့်မတ်သော အယူရှိခြင်းတို့ ဖြစ်၏။”

(မဇ္ဈိမနိကယ်၊ မူလပဏ္ဏာသပါဠိ၊ သာလေယျကသုတ္တ)
ဘုရားရှင် ဒေသစာရီလှည့်လည်စဉ် သာလာရွာသား သူကြွယ်တို့အား ဟောကြားတော်မူသောတရားတော်


Sunday, May 23, 2010

ကိုရင်လေး နေမကောင်းလို့ပါ ဒကာကြီး


ဦးဒတ္တသည် ရန်ကုန်နှင့်သိပ်မဝေးသော မြေလတ်မြို့လေးတစ်မြို့ရှိ စာသင်တိုက်လေးတစ်ခုတွင် စာချအဖြစ်တာဝန် ထမ်းဆောင်နေ၏။ စာချတာဝန် ဦးဇင်းကိုရင်များကို ထိန်းသိမ်းရေး တာဝန်တို့ကို ယူလျှက် သီတင်းသုံးနေ၏။ စာသင်သားများ၏ ကျန်းမာရေးစတာကိုလည်း သူပင် တာဝန်ယူစောင့်ရှောက်လေ့ရှိ၏။ ဆေးခန်းပို့၊ ဆေးတိုက် စသည့်ဖြင့် ဂိလာနုပဋ္ဌက ၀တ်ကို သူကျေပွန်၏။

တစ်နေ့
အသစ်ရောက်လာသော ကိုရင်ငယ်လေးတစ်ပါး နေမကောင်းဖြစ်သည်ကို ခေါ်၍ ရပ်ကွက် ဆေးခန်းလေးသို့ သွားတော့၏။ သူသွားနေကျ ဆေးခန်းသည် ထိုနေ့မှပင် ပိတ်ထားသည်နှင့်ကြုံရတော့၏။ ဒါနဲ့ လမ်းသွား လမ်းလာများ၏ လမ်းညွှန်လိုက်သည်ကို မှတ်သား၍ နောက်ဆေးခန်းတစ်ခုရှိသည်ဟုပြောသော လမ်းသွယ် တစ်ခုသို့ သွားလေတော့၏။

ဟိုရောက်တော့ လူများနေသည်ဖြစ်၍ တိုကင်ယူကာ အလှည့်ကျသည်ကိုစောင့်လျှက် ထိုင်နေတော့၏။ ကိုရင်လေးသည် ခေါင်းမထောင်နိုင် လောက်အောင် ဖျားနေတော့ ဦးဒတ္တ၏ညွှန်ကြားချက်မကြားမချင်း ထိုင်ခံပေါ်တွင်မှိန်းနေလေ၏။ အလှည့်ကျတော့မှာ ကိုရင်လေးကိုခေါ်ကာ အခန်းအတွင်းသို့ဝင်သွားလေ၏။

ဆရာ။ ။ အရှင်းဘုရား ဘာဖြစ်တာလဲဘုရား၊ ဘာကူညီရမလဲဘုရား။

ဦးဒတ္တ။ ။ ဒကာကြီး ကိုရင်လေးနေမကောင်းလို့ လာပြတာပါ။

ဆရာ။ ။ အရှင်ဘုရား ဆေးခန်းက ဟိုဘက်မှာပါဘုရား။ ဒါဆေးခန်းမဟုတ်ပါဘူး အရှင်ဘုရား မှားဝင်လာမိတာပါ ဘုရား။

ဦးဒတ္တ။ ။ အော် ဟုတ်လားဒကာ၊ ဦးဇင်းလဲ လူများနေတော့ ဆေးခန်းအောက်မေ့ပြီး တိုကင်ယူ စောင့်နေတာ၊ ကျေးဇူးတင်ပါတယ်ဒကာ။

အမှန်ကား ထိုဆရာသည် ကွယ်လွန်ပြီးသူများကို ကွယ်လွန်သူ၏ နေ့သားအလိုက် နောက်ဘ၀ ဖြစ်နေသည်ကို ဟောပြ၊ ၀ိညာဉ်ခေါ်ပြသော ရှေ့ဖြစ်ဟောဆရာပင်ဖြစ်၏။ အတော်နာမည်ကြီးပြီး နေ့စဉ်မေးသူများဖြင့် စည်ကားလေ့ရှိ၏။ သူဟောခန်းနှင့်ကပ်လျှက်မှာ ဆေးခန်းတွင် လူနည်းနေ၍ ဆေးခန်းရှိနေခြင်းကို ဦးဒတ္တမသိပဲ ဆေးခန်းအမှတ်ဖြင့် တစ်ညနေကုန်အောင် အလှည့်ကျသည်အထိ စောင့်နေမိခြင်းဖြစ်၏။

ဖြစ်ရလေ ဦးဒတ္တရယ်၊ ကိုရင်လေးက နေမကောင်းပါဘူးဆိုမှ ရှေ့ဖြစ်ဟောဆရာဆီ သွားပို့ရက်တယ်။ နေမကောင်းနေသော ကိုရင်လေးကား အဖျားပျောက်ချင်သလိုဖြစ်ကာ ကြက်သီးထ၍ပင်သွားလေတော့၏။


Saturday, May 22, 2010

ဆောင်းနှင်းမျှော်



ကြမ်းတမ်းတဲ့ နွေလမ်းမှာ
ရာသီပန်းတွေ မလန်းတော့ဘူး
ဒီလိုပါပဲ
ငါလည်း အဲဒီနွေထဲမှာ
နှင်းပန်းကိုမျှော်မိပေါ့

လွမ်းလိုက်တာလို့ မပြောချင်ဘူး
သတိရခြင်းတွေကို
နှလုံးသားရဲ့
ဟိုး.. အနက်ရှိုင်းဆုံးတစ်နေရာမှာ
မြှုပ်နှံလိုက်တော့မယ်

ဆောင်းကို မြတ်နိုးသလို
နှင်းပန်းကို ချစ်တာလဲ
မင်းသိမှာပါ
ငါဟာ
အေးချမ်းတာလေးကိုပဲ
မျှော်လင့်တယ်

တွေ့ကြဦးမှာပါ
နွေဆိုတာကို ငါအရင်နှုတ်ဆက်
ပြီးရင် မိုးကိုလက်ပြလို့
မင်းဆီအရောက် ငါလာခဲ့တော့မယ်
မင်းရင်ခွင်မှာ ခဏနားနေဖို့တော့
မင်းခွင့်ပြုပါ


Friday, May 21, 2010

ဦးဒတ္တ၏ ထောက်ခံချက်


ဦးဒတ္တနှင့် သူ့သူငယ်ချင်းတို့သည် ငယ်စဉ်အချိန်က ဗေဒင်ကိုစိတ်ဝင်တစား လေ့လာကြ၏။ စာအုပ်တွေဖတ်ကြ ဆွေးနွေးကြနှင့် အတော်ပင်ဟုတ်နေတော့၏။ သူ့ရွာမှာ ကလေးနာမည်ပေး၊ အိမ်ဆောက်ရက်ရွေး၊ စတာတွေမှာ လက်တည့်စမ်းကြတော့၏။ ဦးဒတ္တသည် အာဝဇ္ဇန်းရွှင်လှသူမဟုတ်တော့ သူငယ်ချင်း၏ ဟောဟန်၊ ပြောဟန်၊ ယူဆဟန်တို့ကို အတုယူအားကျနေမိ သည်သာ။ သူ့ဂွင်တည့်လျှင်တော့ သူသည်လည်း ခေသူမဟုတ်ပေ။ သူငယ်ချင်းသည်ကား နာမည်ရစ၊ ရွာနည်းချုပ်စပ် တွင် အတော်အားကိုးရလေ၏။

တစ်ရက်.. တစ်ခြားရွာမှာ ဒကာတစ်ဦးသည် ကြက်ပျောက်မေးရန် သူတို့နေထိုင်ရာကျောင်းသို့ ရောက်လာတော့၏။ ဦးဒတ္တကိုယ်တိုင် အစွမ်းပြချင်သော်လည်း သူ့ကိုယ်သူ သိပ်ရဲလှသည်မဟုတ်တော့ သူငယ်ချင်းဦးဇင်းကို တာဝန်ယူစေပြီး ဘေးမှ ဟောချက်၊ ပြောချက်ကို နားထောင်နေတော့၏။ သူငယ်ချင်းလဲ “သူ ကြင်ရာ ဥဒကေ” စသည်ဖြင့် တတ်သမျှပညာကို ထုတ်သုံးတော့၏။ ဒကာ မင်းကြက်က ဘယ်နေရာမှာ ရှိလိမ့်မယ်၊ ဒီနေရာ ဒီနေရာမှာတော့ ရှိနိုင်တယ် အဲဒီနေရာတွေသာလိုက်ရှာတော့ တွေ့လိမ့်မည်ဟု အတတ်ဟောလိုက်လေတော့၏။

ဒကာလဲ သဘောတော်ကျလျှက် တပည့်တော်ကို ခွင့်ပြုပါဘုရား ဆိုပြီး ပြန်သွားတယ်ဆိုရင်ပဲ ဦးဒတ္တလည်း ဒကာနောက်မှ လိုက်သွားတော့၏။ ဒကာနောက်ကလိုက်ရင်း ကျောင်းပေါက်ဝ ရောက်သည်အထိ စကားပြောတော့၏။ သူငယ်ချင်းကတော့ ဦးဒတ္တ ဒကာနောက် ဘာလိုက်လုပ်သည် မသိပဲ သူ့အသိပဲဖြစ်မည်ဟု တွေးထင်ကာ ထိုင်နေမိတော့၏။

ဦးဒတ္တပြန်ရောက်လာလို့ ဒကာကိုလိုက်ပြောလိုက်တဲ့ စကားကြားတော့မှာ သူငယ်ချင်း ဗေဒင်ဆရာလည်း ကိုယ့်နှဖူးကို ပြန်ရိုက်မိတော့သည် တကား။ သူပြောတာကတော့ တပည့်တော် အရှင်ဘုရားဟောတာ မှန်ကြောင်း ဒကာကို ပြောပြလိုက်တာ ဟူသတည်း။

ဦးဒတ္တပြောလိုက်သည်ကား........

“ဒကာကြီး.. ဒကာကြီး ခဏနေဦးဗျ.. စောစောက ကိုယ်တော်ဟောတာ အမှန်တွေချည်းပဲဗျ. ဦးဇင်းသိတယ်၊ မနက်ခင်းကမှ ဦးဇင်းတို့နှစ်ပါး အတူတူစာအုပ်ထဲမှာ ဖတ်ထားတာတွေပဲ” တဲ့။

လုပ်တတ်ပါပေ့ ဦးဒတ္တရယ်၊ မြှောက်တတ်လိုက်ပါ့ပေ့၊ ဗေဒင်တတ်စ သူငယ်ချင်းသည်ကား နောက်ဘယ်တော့မှ ဦးဒတ္တရှေ့၌ ဗေဒင်မဟောရဲတော့ပေ။


Thursday, May 20, 2010

ပိတောက်နဲ့ လမ်းခွဲခြင်း



နွေလည်ညမှာ
ငါ့အိပ်မက်တွေလဲ
ခြောက်သွေ့လို့ မလှပတော့
နိုးထချင်ပြီ

ပိတောက်တွေပွင့်နေပြီတဲ့
တစ်ယောက်ကပြောတယ်
အလာနောက်ကျလို့
သူ့ကို မတွေ့ချင်တော့ဘူး
အလွမ်းကို ထူးခတ်ထားလိုက်တယ်

သူလာမယ်အထင်နဲ့
င့ါ သင်္ကြန်လေး ငါကျ
နွမ်းလျလျနဲ့ပါ
သူနေစိမ့်တယ်
အခုတော့
ပိတောက်ကို မုန်းမိပေါ့

သူမပါဘဲ ကျခဲ့ရတဲ့
ငါ့သင်္ကြန်လေးလဲ
ငိုကြွေးခြင်းနဲ့ပြီးဆုံးသွားပြီ
မျက်ရည်မြစ်ကြီးစီးဆင်းနေတာ
နင် တွေ့မှာပါ
နင့်ကို
ငါ
..........................


Wednesday, May 19, 2010

ဗြဟ္မစိုရ်ဝန်းကျင်



အဘ နေကောင်းရဲ့လား


ကောင်းသွားပါပြီး ဦးဇင်း၊ ရေချိုးမှားပြီး ဖြစ်သွားတာပါ၊ ခုတော့ ကောင်းသွားပြီ၊ ဦးဇင်းရောနေကောင်းရဲ့လား

ကောင်းပါတယ် အဘ၊ အဘကျန်းမာရေးဂရုစိုက်နော်

အဘ နေမကောင်းဘူး သတင်းကြားလို့ ဖုန်းဆက်လိုက်ခြင်းပါ။ အဘနေမကောင်းဘူး ဆရာတော်နဲ့ ဦးလေးဦးဇင်း ရွာကို ပြန်သွားကြတယ်၊ ဆရာတော်ဆီမှာဖုန်းပါသွားတယ်။ ဆက်ကြည့်လိုက်တဲ့ ကျောင်းမှ မိတ်ဆွေတစ်ပါးက သတင်းပေးလို့ လှမ်းဆက်လိုက်တာ။ ဆရာတော်ကတော့ ရွာကျောင်းကြီးပြန်လည် တည်ဆောက်ရေးအတွက် လေ့လာဖို့ လိုက်သွားခြင်းဖြစ်၏။ CDMA ကမ်းရိုးတမ်းဖုန်းဆိုတော့ ရွာအထိပါသုံးလို့ရ၍ တော်တော့၏။ အဘသည်ကား အသက်ရှစ်ဆယ်အရွယ်ဖြစ်၏။ ရာသီဥတုဒါဏ်ကို တော်တော်လေး ခံလိုက်ရခြင်းဖြစ်၏။

ဆွေမျိုးတသိုက်လဲ ခုမှပဲ ဒီလိုဖုန်းလေးပြောဖူးပုံရ၏။ ဆရာတော်မှ ညနေ ခုနှစ်နာရီလောက်ဆို မင်းအဘအိမ်ကို ငါတို့ရောက်မယ် မင်းစကားပြောချင်ရင် ဖုန်းဆက်လိုက် ဟု ဖုန်းချိန်းပေးခြင်းဖြစ်၏။ ဦးကြီး၊ ဦးလေး၊ အဒေါ်စတာတွေအားလုံးနှင့်ပြောဖြစ်လိုက်၏။

ဦးဇင်းကျန်းမာရေးဂရုစိုက်နော်၊ ရေချိုးတာလဲ သတိထားဦး တဲ့။ ငယ်စဉ်ကပေပေတေတေ နေလာခဲ့တာကို သူတို့ သိနေတော့ စိုးရိမ်စိတ်နဲ့ တစ်ယောက်တစ်မျိုး မှာတမ်းခြွေနေတော့၏။ ဘယ်သူရှိနေတယ် ပြောလိုက်ဦး၊ ဘယ်အဒေါ်ဖြင့် ရောက်နေတယ် ပြောလိုက်ဦးနှင့် ဆွေမျိုးစုံလင်စွာ ဆိုက်ရောက်နေကြပုံပင်။

ဦးဇင်းအဒေါ် သန်းသန်းလဲရောက်နေတယ်ဘုရား သူနဲ့ပြောလိုက်ပါဦး

ဖုန်းက တစ်ယောက်လက်ကနေ နောက်တစ်ယောက် အနားရဟန်မတူ။

သန်းသန်း နေကောင်းလား၊ ကိုရင်လေးကိုတော့ ရန်ကုန်စာသင်တိုက်ကောင်းတစ်ခုမှာ အပ်လိုက်ပြီနော်

တင်ပ ဦးဇင်းကြီး (ဦးလေးဦးဇင်းကိုဆိုလိုခြင်းပါ) ပြောပြတယ်ဘုရား

သူ့သားကိုရင်လေးကို ရန်ကုန်စာသင်တိုက်တစ်ခုမှာ ပညာသင်အပ်နှံထားခဲ့ခြင်းပင်။

ဦးဇင်းလဲ ရေမိုးချိုးတာမှာ ဆင်ခြင်းဦး ကျန်းမာရေးကိုလဲ ဂရုစိုက်နော် ဦးဇင်း

အင်း စိတ်ချပါ ဒီမှာ အေးဆေးပါ ဘာမှမဖြစ်ပါဘူး၊ သန်းသန်းတို့သာ ကျန်းမာရေးဂရုစိုက်ပါ၊ အဘကိုလဲ နေပူထဲတွေ ပေးမထွက်နဲ့နော်

ဒီကိုမပူနဲ့ ဦးဇင်း၊ ဒီမှာက ဆွေမျိုးစုံတယ် သိုက်သိုက်ဝန်းဝန်းနဲ့၊ ဦးဇင်းမှာသာ ဆွေဝေး၊ မျိုးဝေးနဲ့မို့စိတ်ပူရတာ

ဝမ်းနည်းမျက်ရည်စို့မိတော့၏။ ဟုတ်ပေသားပဲ သူတို့မှာ ဆွေမျိုးတွေ စုံစုံလင်လင်နဲ့နေရပြီး ငါ့မှာတော့ ရပ်ရွာ၊ မိဘ၊ ဆွေမျိုးများနဲ့ခွဲနေလာခဲ့တာ ဆယ်စုနှစ်နှစ်ခုနီးပါဖြစ်၏။ ဟုတ်ပေသားပဲ။ သူပြောတဲ့ မိဝေး၊ ဘဝေး၊ ဆွေမျိုးနဲ့ဝေးနေတော့ သူတို့ပူမိပေမည်။

ဒါပေမဲ့ သန်းသန်းရယ် ဒီမှာလဲ မိတ်ကောင်းဆွေကောင်းတွေနဲ့ပါ၊ တစ်ယောက်ကိုတစ်ယေက် ဂရိုက်စိုက်တယ်၊ ဖေးမတယ်၊ လမ်းပြတယ်၊ တွဲခေါ်တယ်။ နယ်ပယ်မကျယ်ဝန်းပေမဲ့ ဗြဟ္မစိုရ်ကိုယ်စီနဲ့ အေးချမ်းလှပါတယ်။ မိဘဆွေးမျိုးတို့အရိပ်မရှိပေမဲ့ အဲဒီဗြဟ္မစိုရ် နယ်လေးထဲမှာ ဘာမှပူစရာမရှိပါဘူး လို့ စိတ်ထဲကပဲ ပြောမိတော့၏။

ဒီဝန်းကျင်လေးမှာပဲ အသားကျနေပါပြီ။ အဲဒီလိုဝန်းကျင်မျိုးတွေမှာပဲ နေထိုင်ရင်းနဲ့ ...........


Tuesday, May 18, 2010

မျှော်လင့်ညမှာ လမိုက်ခြင်း


အဲဒီညလေးပေါ့
လမင်းလေးကိုတွေ့ရဖို့
ငါထွက်လာခဲ့တယ်
ချိန်းဆိုချက်တော့မရှိပါဘူး

မျက်ခင်းပေါ် ကျောဆန့်ရင်း
ကောင်းကင်ကြီးကို
မျက်လုံးဝေ့လို့
လမင်းကိုလိုက်ရှာမိတယ်
တိမ်တွေကွယ်ဝှက်ထားတော့
ငါ မတွေ့ရဘူးပေါ့

အစကတော့
သူ့ကိုနမ်းရှိုက်ဖို့ပါပဲ
တိမ်တိုက်တွေရဲ့နောက်မှာ
သူ့မျက်နှာလေးဝှက်လို့
ရှက်နေလိုက်ပုံများ
သနားသွားတယ်

အဲဒီညလေးပါပဲ
မှောင်မိုက်မိုက်ထဲမှာ
ငါ
တစ်ယောက်တည်း
ဝမ်းနည်းလိုက်တာ


(လောကီနံ့မကင်းဘူးနော်)

Monday, May 17, 2010

သာစည်မြို့ဆိုတဲ့ ဆိုင်းဘုတ်ကြီးမတွေ့ခဲ့ဘူးထင်နေတာ



တစ်နေ့ ဦးဒတ္တ သူ့ဆွေမျိုးများရှိရာ မိုင်းရှူးရတနာမြေကိုသွားဖိုဖန်လာတယ်။ မိတ္ထီလာမှ ကားစီး တောင်ကြီးကိုသွား၊ တောင်ကြီးကနေတဆင့် သွားရတဲ့ခရီးကိုး။ ရွာသား သူငယ်ချင်းက ကားဂိတ်လိုက်ပို့။ ဂိတ်ကိုရောက်တော့ လိုက်ပို့တဲ့သူငယ်ချင်းက ကားလိုင်းနာမည်ကို သေချာမကြည့်လိုက်မိဘူး။ ကဲ ဦးဒတ္တဒီကားလိုင်းပဲ ဆိုပြီး ကားပေါ်တင်၊ ပြန်သွားတော့၏။

ခဏခဏရောက်ဖူး၊ သွားဖူးနေတော့လဲ ခပ်တည်တည်ပဲ ကားပေါ်တက်ထိုင်နေလိုက်တော့၏။ ဒီလိုနဲ့ ကားစထွက်တော့လဲ ဘေးမှာအတူတူကျတဲ့ ဦးဇင်းတစ်ပါးကို မိတ်ဆွေဖွဲ့ စကားတစ်ပြောပြောနဲ့ ပါသွားလိုက်တာ မန္တလေးကျော်သွားရော။

အဲဒီအချိန်ကျမှ ခရီးဖော်ဦးဇင်းက စကားစမေးဖြစ်တယ်...

ခရီးဖော်။ ။ အရှင်ဘုရားဘယ်ကိုကြွမှာပါလဲ ဘုရား

ဦးဒတ္တ။ ။ တောင်ကြီးကိုပါ ဘုရား အရှင်ဘုရားရော ဘယ်ကိုလဲဘုရား

ခရီးဖော်။ ။ အရှင်ဘုရား ဒါ တောင်ကြီးကို သွားနေတာမဟုတ်ဘူးဘုရား၊ မိုးကုတ်ကို သွားနေတာပါဘုရား


ဦးဒတ္တ။ ။ အရှင်ဘုရားကလဲ တပည့်တော် သိပါတယ်ဘုရား ခဏခဏသွားနေတာပါ၊ အရှင်ဘုရား မနောက်ပါနဲ့ဘုရား


ဒီလိုနဲ့ငြင်းနေလိုက်ကြတာ၊ ကားပေါ်မှာပါတဲ့ အခြားခရီးသည်တွေက ၀ိုင်းပြောပြတော့မှာ သူစီးလာမိတာ တောင်ကြီးကား မဟုတ်မှန်းလဲသိရော.. ဦးဒတ္တရေရွတ်လိုက်တာက

အင်း အစကထင်တော့ထင်သား ဘုရား.. တပည့်တော့ ဒီတစ်ခေါက် သာစည်မြို့ဆိုတဲ့ ဆိုင်းဘုတ်ကြီး မတွေ့ခဲ့ပါလားလို့...... တဲ့။

ကံကောင်းထောက်မစွာပဲ ခရီးဖော်ဦးဇင်းက မိုးကုတ်မြို့သားဖြစ်နေတော့ သူမိဘတွေအိမ်မှာ ပင့်ပြီး ဆွမ်းကပ်၊ တည်းခိုစေခဲ့ခြင်းဖြင့် ဦးဒတ္တဟန်ကျခဲ့လေ၏။


မှက်ချက်။ ။ ဦးဒတ္တသည် သာစည်နယ်သားဖြစ်၍ သူ့နယ်သူ့မြို့ကိုတော့ ကျွမ်းကျင်ဟန်ရှိလေ၏။



Sunday, May 16, 2010

နှစ်မျိုးသောက်ရသော ကျဆိမ့်ရှယ်



ဦးဒတ္တသည် မန္တလေးမြို့ရှိ နာမည်ကြီးစာသင်တိုက်တစ်တိုက်မှ ဇာတိသို့အပြန် မိတ္ထီလာသို့ရောက်သော် မနက်စာအတွက် လဘက်ရည်ဆိုင်သို့ဝင်၍ စားစရာနှင့် လဘက်ရည်မှာလေ၏။

ဦးဒတ္တ။ ။ ဟေ့စားပွဲထိုး လဘက်ရည်တစ်ခွက်ချကွာ။

စားပွဲထိုး။ ။ ဘယ်လိုဖျော်ရမလဲ ဦးဇင်းဘုရား။


ဦးဒတ္တ။ ။ ကျဆိမ့်ရှယ်လုပ်ကွာ။


သူများတွေမှာသံနားထောင်ပြီးမှာလိုက်မိခြင်းပါ။ မန္တလေး၌နေစဉ် စာသင်သားဘ၀ဆိုတော့ ငွေးရေးကြေးရေး အခြေအနေအရ ရိုးရိုးကျဆိမ့်ကိုပဲ သောက်ဖူး၏။ ယခုတော့ အသစ်အဆန်းလေး ဖြစ်သွားအောင် မှာလိုက်ခြင်းပင်။ စားပွဲထိုးလဲ ကျဆိမ့်ရှယ် တစ်ခွက်ယူ၍ လာချပေးလေတော့၏။

ဦးဒတ္တ။ ။ မင်းကိုငါမှာတာ ကျဆိမ့်လေ၊ ဘာတွေလာချတာလဲ။

စားပွဲထိုး။ ။ အဲဒါကျဆိမ့်ပါပဲဘုရား။


ဦးဒတ္တ။ ။ မဟုတ်ဘူး ငါ မန္တလေးမှာသောက်ဖူးတယ်၊ ကျဆိမ့်က ဒီအရောင်မဟုတ်ဘူးကွ။


ဒီလိုနဲ့ စားပွဲထိုးနဲ့ ငြင်းခုန်နေတော့၏။ ဆိုင်ရှင်ကိုယ်တိုင်ထွက်ရှင်းပြတော့မှ ဦးဒတ္တလဲ အင်း ကျဆိမ့်ဆို လဲသောက်တာပေါ့ကွာဆိုပြီး သောက်လိုက်တော့၏။

ခါးသက်သက်အရာသာသည် ဦးဒတ္တ၏လျှာပေါ်တွင် စွဲထင်နေတော့၏။ မွှေရမည်ကို မသိပဲသောက်မိတာကိုး။ မိတ္ထီလာ လက်ဘက်ရည်ကျဆိမ့်က ခါးသဟ.. တဲ့ ဦးဒတ္တမှက်ချက်ပြု၏။ လက်ဘက်ရည်ကုန်ခါနီးတော့ အောက်ပိုင်းမှာ နို့ဆီခံထားတာကို တွေ့တော့မှ ဇွန်းနဲ့ခပ်စားရင်း.........

မဆိုးဘူးဟ မိတ္ထီလာ ကျဆိမ့်က နှစ်မျိုးသောက်ရတာကိုး........... ဟူလို။

(ဖြစ်ရပ်မှန်လေးကို နာမည်လွှဲပြောင်း၍ ရေးသားခြင်းပါ။ ကာယကံရှင်ထံမှလဲ ခွင့်တောင်းပြီးဖြစ်၏။ နောက်လဲ ဦးဒတ္တ၏အလွဲများ လာစရာရှိပါသေးသည်။ )


Friday, May 14, 2010

ဥယျာဉ်လေးရေ



ဥယျာဉ်လေးတစ်ခု
စိတ်ကူးတွေတစ်ခုတ်တရစိုက်ပျိုးလို့
အိမ်မက်တွေ ပွင့်လာမဲ့နေ့ကို
ထိုင်ငေးရင်း
ပီတိဖြစ်နေရတာ အခါခါ

မျှော်လင့်ချက်နဲ့လည်ပတ်နေတဲ့
ခန္ဓာကိုယ်ထဲက သွေးစက်တွေ
ပေါက်ထွက်မတက် စီးဆင်းခြင်းက
ရင်တွင်းမှာ အိုင်ဖွဲ့
နှလုံးသားလဲ နစ်မွန်းလို့
ယဲ့ယဲ့ပဲကျန်တော့တယ်

ဥယျာဉ်လေးရေ
အဖူးတွေ ပွင့်ချပ်တွေစီဝေနေမဲ့
အဲဒီမနက်မှာတော့
ငါ ပျော်ရွှင်ပါရစေကွယ်
ဥယျာဉ်လေးရေ
ပွင့်လန်းလိုက်ပါတော့



Thursday, May 13, 2010

အခွင့်အရေးကို ဖမ်းဆုပ်ခြင်း


ဘ၀တွင် အခွင့်အရေးဆိုတာတွေ့ကြုံစမြဲဖြစ်၏။ ရရှိလာတဲ့အခွင့်အရေးမျိုးကို မိမိရရ ဖမ်းဆုပ်နိုင်မှာသာ အောင်မြင်မှုကို ရရှိမှာဖြစ်၏။ ရောက်လာတဲ့အခွင့်အရေးကို ၀ိသမလောဘကင်းကင်းနဲ့ ရအောင်ယူတက်ဖို့ပင်။ အခွင့်အရေးယူခြင်းမှာ ၀ိသမလောဘ ဖက်နေရင်တော့ ကိုယ်ကျိုးသမားဖြစ်သွားနိုင်၏။ စည်းပွားရေး၊ လူမှုရေး၊ ဘာရေး၊ ညာရေး စတာတွေမှာ အခွင့်အရေးကို ၀ိသမလောဘနှင့် ယူနေကြသ၍တော့ အောင်မြင်မှုထက် ဆုတ်ယုတ်မှုသာ ပိုများနိုင်၏။ ၀ိသမလောဘနှင့်ယှဉ်တဲ့ အခွင့်အရေးသမားကို ပတ်ဝန်းကျင်သည် ဘေးသို့တွန်းပို့တက်လေ၏။

အထူးသဖြင့်တော့ ငယ်စဉ်အခါမှာ ပညာရေးနှင့်ပတ်သက်ပြီး ရရှိသမျှအခွင့်အရေးတို့ကို အမိအရ ဖမ်းဆုပ်တက်ဖို့ဖြစ်၏။ ပညာရရှိနိုင်မည့် မည်သည့်အရပ်မဆို သွားရောက်ဆည်းကပ်ပြီး ရယူဖို့လို၏။ တစ်ဥက္ခောင်း တစ်ပညာဆိုသလို မိမိဝန်းကျင်မှာပင် ပညာတွေလိုသလောက် ရနိုင်ခွင့်တွေရှိ၏။ သင်ယူခြင်း၊ လေ့ကျက်ခြင်း၊ ဖတ်မှတ်ခြင်းတို့ဖြင့် အချိန်၏အခွင့်အရေး၊ အရွယ်၏အခွင့်အရေး၊ နေရာဒေသ၏အခွင့်အရေးကို အရယူတက်ဖို့ဖြစ်၏။

ဘ၀ရှေ့ရေးအတွက် အလုပ်အကိုင် ငွေကြေးရရှိဘို့ဆိုသည်မှာလဲ ထို့အတူပင်။ ဥပမာ၊ နေရာတစ်ခု၌ ပထမ အလုပ်ရမည် မိမိအစွမ်းရှိသမျှ ကြိုးစားပြဖို့အခွင့်အရေးဖြစ်၏။ အလုပ်ရှင်ကျေနပ်လျှင် အဆင့်အတန်း ရာထူးတက်နိုင် လစာပိုရနိုင်သည်။ ထိုအခွင့်အရေးကို မမြင်ပဲ လတ်တစ်လော ငွေရရှိရေးကို ကြည့်ပြီးလုပ်ကိုင် ဆုပ်ကိုင်မိရင်တော့ ဘ၀ပျက်ဖို့သာရှိ၏။ ထိုကဲ့သို့ ပုဂ္ဂိုလ်တွေ အများအပြားပင်။ စီးပွားရေးသမားသည် ချက်ချင်းပွပေါက်ကြံမည်။ အလုပ်သမားသည် ငွေလွယ်လွယ်ရဖို့ အလုပ်ရှင်ကိုလိမ်မည်။ ဒါဆိုရင်တော့ အခွင့်အရေးကို ၀ိသမလောဘဖြင့်ယူမိသည့်အတွက် ဘ၀ပျက်ပေရော့ပဲ။

ဒီအဖြစ်အပျက်လေးကို ဖတ်ကြည့်ပါ .....

ကျေးရွာဓလေ့များ၌ နှစ်စဉ်ဘုရားပွဲ၊ ကျောင်းပွဲတို့တွင် ငွေကြေးတက်နိုင်သည့်နှစ်ဆိုလျှင် ဇာတ်အဖွဲငှားရမ်း၍ ကပြဖျော်ဖြေစေ၏။ ငွေးကြေးမတက်နိုင်သည့်နှစ်များ၌ ကိုယ့်ရွာက ကာလသားများကိုယ်တိုင် တီးဝိုင်းလေးငှား၊ မင်းသမီးငှားပြီး အရပ်ပြဇာတ်လေးတိုက်လို့ ပျော်ပွဲရွှင်ပွဲလေးဖြစ်စေ၏။ ထိုနှစ်များတွင် ပွဲမစခင် တစ်လလောက်ကတည်းက ဇာတ်တိုက်ကြ သီချင်းတိုက်ကြဖြင့် အလုပ်ရှုပ်လေ့ရှိ၏။ မင်းသားလုပ်ချင်သူသည် ပိုက်ဆံပိုထည့်၊ အောက်ခြေသိမ်းကိစ္စ၀ိစ္စတွေကို ဒိုင်ခံလုပ်ရလေ့ရှိ၏။ ထိုသို့ဖြင့် ပြဇာတ်ကသည့်နေ့သို့ ရောက်လေသော်.........

မင်းသားလဲ အစွမ်းကုန် သရုပ်ဆောင်တော့၏။ မင်းသမီးနှင် လက်ဗ်ဆီးန်း ခန်းတစ်ခုမှာ မင်းသားက မင်းသမိးကို ဖတ်ထားရင်း “ဟို ကောင်းကင်ကြီးကို ကြည့်လိုက်စမ်း ချစ်ရေ.. ကြယ်တွေစုံ နေလိုက်တာ ချစ်နဲ့ကိုယ် အဲဒီကို သွားရရင်မကောင်းဘူးလား” ဆိုတဲ့ စကားပြောခန်းကို အပီအပြင် သရုပ် ဆောင်တော့၏။ ဖြစ်ချင်တော့ မင်းသားနေရာမှ သရုပ်ဆောင်သူသည် နွားစာစဉ်းရင်း လက်ညိုးပြက်ထားသူ ဖြစ်၏။ မင်းသား လက်ညိုးထိုးလိုက်တာ လက်ညိုးကပါမလာ ဇာတ်လမ်းတစ်ခုလုံး အိုကေပါရက်နဲ့ အဓိက ကျမှဖြစ်သွားတော့ ပရိသတ်တွေလဲ ၀ိုင်းရယ်ကြလေတော့၏။

ဒါရိုက်တာက “မင်းကွာ လက်ညိုးမပါတဲ့ဘက်နဲ့မှကောင်းကင်ကို ထိုးပြရတယ်လို့ ဘယ်ဘက်လက်နဲ့ ထိုးတော့ ဘာဖြစ်မှမို့လို့လဲ” ပေါ့ သူ့မင်းသားကိုငေါက်ငမ်းတော့။ မင်းသားပြန်ပြောလိုက်မှ ရှင်းတော့တယ်...... “ကျွန်တော့ ဘယ်ဘက်လက်က မင်းသမီးကို ဖတ်ထားရတယ်လေ. ဘယ်ဘက်လက်နဲ့ထိုးမယ်ဆိုရင် မင်းသမီးကို လွတ်လိုက်ရမှာပေါ့..” တဲ့။ အေးရော။ တကယ်တော့ သူရရှိသည့် အခွင့်အရေးလေးကို မိမိရရယူသွားခြင်းပင် ဖြစ်တော့သည်။ တော်လိုက်တဲ့မင်းသား။

ကိုယ့်နဲ့ထိုက်တန်တဲ့အခွင့်အရေးကို ထိုက်တန်တဲ့အချိန်မှာ ရရှိမှာ အသေအချာပင်။ နေ့စဉ်ဘ၀လေးတွေထဲက တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အရေးလေးတွေကအစ တစ်စတစ်စ ဖမ်းယူစုဆောင်းတက်ဖို့ပင်။ ထို့ကြောင့် အခွင့်အရေးမှန်သမျှကို ၀ိသမလောဘ ကင်းကင်းဖြစ် ရယူနိုင်ကြပါစေ။


Wednesday, May 12, 2010

အဖြူရောင် တပ်မက်ခြင်း



ကြယ်လေးတွေ ကြွေကြွေသွားတယ်
ငါ ဆုမတောင်းလိုက်မိဘူး
အိပ်ငိုက်နေမိလို့
လွမ်းလိုက်တာ
လိုတရတက်တယ် ဆိုတာကိုး

နောက်တစ်ခါဆိုတဲ့
မျှော်လင့်ချက်လေးပါးပါးလိမ်းလို့
အနာဂတ်တွေ
မွေးကြိုင်လန်းဆန်းနေလိုက်ပုံများ
ပါးလေးကိုမှုန်နေတာပဲ

ကလေးတစ်ယောက်လို
ဖြူစင်တဲ့အလိုဆန္ဒလေးနဲ့
ကြိုင်လှိုင်နေတဲ့ အနာဂတ်လေးကို
ငါနမ်းရှိုက်ချင်မိတယ်
တစ်စက္ကန့်လောက်ဖြစ်ဖြစ်
ခွင့်ပြုပါ

ဗီးနပ်ကြယ်ကြွေချိန်မှာ
ယုံကြည်စွာ တောင်းဆုပြုချင်တယ်
သူကြွေချိန်ရောက်ရင်
ငါ့ကို နှိုးလိုက်
အခုတော့ အိပ်လိုက်ဦးမယ်


Monday, May 10, 2010

အိပ်မက် ရွက်လွင့်ခြင်း



ညဟာ ရှည်လျှားလွန်းလှတယ်
အခန်းဆက်အိပ်မက်ရှည်တွေနဲ့
နိုးတစ်ဝက် အိပ်ပျက်မှုတွေ
ပူခြင်းတစ်ဝက် အိုက်ခြင်းတစ်ဖတ်နဲ့
နက်သထက်နက်လာတော့
ငါ နိုးထဖို့တစ်ခုပဲ မက်နေချင်လိုက်တာ

ဖြစ်နိုင်မယ်ဆိုရင်
လေဟာနယ်မှာ လွတ်လပ်စွာပျံဝဲတဲ့
စူပါမင်းပါဝါနဲ့
ခြောက်တစ္ဆေအိပ်မက်မျိုး
တိက်တခိုးမျှော်လင့်တာပါ
အခုတော့ ငါ
ရေရာဖို့ဆိုတာကို ဖတ်တွယ်ရင်း
မသေချာတဲ့ညရေစီးထဲမှာ မျောလိုက်ခဲ့မိပေါ့
ကဲ ဘယ်ကမ်းလား ညာကမ်းလား
ငါကပ်မဲ့ ကမ်းကို
အာရုဏ်ဦးအရောင်နဲ့မှပဲ
သေချာကြည့်လိုက်တော့မယ်

(ဘာမှန်းလဲမသိဘူးနော်)

Sunday, May 9, 2010

ဆေးခါးသောက်ခြင်း


တစ်ခဏသာယာမှုအတွက်
င့ါဂုဏ်သိက္ခာတစ်ချို့တစ်ဝက်ကို
မိုးခါးရေလို ၀ိုင်တစ်ခွက်စပ်လို့
ခပ်ရူးရူးနဲ့ သောက်ဖူးလိုက်ပြီ
(အား........ ခါးသဟ)

မရှိဂုဏ်သေးနုပ်နုပ်ကို
ထုတ်ဖော်ချီးကျူးမှုနဲ့
မပီမသ လက်ခုပ်သံတွေနောက်လိုက်ရင်း
လမ်းမှားခြင်းလဲ ဖြစ်ခဲ့ဖူး
တော်သေးတာပေါ့
ဂ ငယ်ကွေ့လေးတွေ့ရလို့

အကျိုးကိုရှေးရှုသူများရဲ့
ကရုဏာဒေါသမွေ့ရမ်းမှုများ
အား ခါးလိုက်တာ ခါးလိုက်တာနဲ့
ငါ ထွေးအံထုတ်ခဲ့တာ အခါခါ
ငါ လူလိမ်မာမဖြစ်ခဲ့နိုင်ဘူး

ဆေးကောင်းနဲ့
လမ်းကောင်းပြစကားမျိုးဟာ
ခါးတက်သတဲ့
အခုတော့ ငါဟာ
အသိဉာဏ်တစ်ထွာလောက်နဲ့
လက်ကျန်လမ်းကိုတည့်မတ်ဖို့
အမှန်တရားရောစပ်ထားတဲ့
ဆေးတစ်ခွက်
ခါးသက်သက်ဆိုလဲ
ခပ်ရဲရဲ မျိုသောက်တက်ဖို့
ငါ ဆုံးဖြတ်ခဲ့ပေါ့



Friday, May 7, 2010

မရှိခြင်း ချမ်းသာ



မိဘ၊ မောင်နှမ ဆွေမျိုးများနှင့်အိမ်
အုဝဲကစတဲ့ဘ၀မှာ မိဘ၊ မိသားစုနဲ့ အိမ်ဆိုတာက တွဲလျှက်ပါလာခဲ့၏။ ချစ်စရာ၊ ခင်စရာ၊ တွယ်တာစရာဆိုလို့ ဒီအ၀ိုင်းအ၀န်းလေးပင်။ ငယ်ဘ၀မှာတော့ ဒီအသိုင်းအ၀ိုင်းလေးသည်ပင် ကိုယ့်ဘ၀အတွက် ပြီးပြည့်စုံပြီဟု အထင်ရောက်လျှက်။ ဘာမှမတွေးတက်ခဲ့ပေ။

မူကြိုကျောင်း၊ ပထမဆုံးသူငယ်ချင်းများနှင့် ၀န်းကျင်သစ်
ကျောင်းနေအရွယ်ရောက်ခဲ့တော့ ၀န်းကျင်သစ်၊ မိတ်ဆွေသစ်တို့ကြားမှာ ပျော်ဝင်မိ၏။ ပိုမိုခင်တွယ်စရာဟု ထင်ခြင်းဖြင့် မိဘ၊ မောင်နှမ၊ အိမ်ဆိုတဲ့ ကိုယ်ပိုင်နေရာလေးကို ကျောခိုင်းနေမိသလိုပင်။ မတွယ်တာတက် သည်တော့မဟုတ်။ အချိန်တန်ရင် သူငယ်ချင်းတွေနှင့်ကစားတာ၊ စာအတူကျက်တာတွေကအစ ခုံမင် နှစ်သက်တက်ခဲ့၏။

အစိမ်းရောင် မြို့ပြဇာတ်နှင့် အပြောင်းအလဲ
သာသာနာဘောင်တွင်းကို ကိုရင်လေးဘ၀ဖြင့်စတင်ခဲ့၏။ အရင်ကခပ်စိမ်းစိမ်းဖြစ်နေခဲ့သော မိသားစုဝန်းကျင် လေးသည် ဝေးလို့သာကျန်ခဲ့တော့၏။ ကျောင်းတော်မှာပဲ ဘ၀အစိတ်အပိုင်းအချို့ကို ကျော်ဖြတ်ခဲ့မိ၏။ နောက် မြို့ပြရဲ့ ပြဇာတ်တွေနှင့် နေခဲ့တဲ့အချိန်တို့သည် သံယောဇဉ်ကို အားနည်းသွားစေတော့၏။ ကျေးရွာ ကျောင်းကိုလည်း မေ့ထားပစ်ခဲ့ရ၏။ ပညာရေးအရ စာသင်တိုက်မှာ သင်ရိုးတွေနဲ့ သတ်ပုတ်ရင်း ငယ်ဘ၀ရဲ့ တွယ်တာမှုတွေကို ခေါက်သိမ်းထားလိုက်မိတော့၏။ မိဘ၊ ဆရာသမား၊ ဆွေးမျိုးစတာတွေကို သမုဒယ ရှင်းရှင်းဖြစ်စေခဲ့၏။ စိတ်မှာတော့ သိတတ်ပေမဲ့ ဘ၀ပေးအခြေအနေအရ တသသမဖြစ်ဖို့ တားမြစ်လျှက်။

စာသင်တိုက်တစ်ခုက နောက်တစ်ခု ပြောင်းတော့လဲ အရင်တိုက်ဟောင်းကို အချိန်ရလို့ခဏ လွမ်းတက်တာ ကလွဲလို့မတွယ်တာတက်ပေ၊ မာရသွန်းသမားလို့ လမ်းပေါ်မှာမိုင်တိုင် ပေါင်းများစွာကို ကျော်ဖြတ်ခဲ့မိ၏။ အတိုင်းအတာလေး တစ်ခုအဖြစ် အောင်မြင်လာတော့ ယခင်နေခဲ့ဖူးတဲ့ တိုက်ဟောင်းအချို့မှ နေရာ၊ ရာထူးစသည်တို့ဖြင့် ကမ်းလှမ်းကြ၏။ ၀တ္တရားဆိုတာကိုသိပေမဲ့ ဘ၀ရှေ့ရေးအတွက် ခရီးဆက်ခဲ့ရသည်သာ။ နေရာဆိုတာ လိုအပ်တဲ့အချိန်မှာ သင့်လျော်ပေမဲ့ ခရီးလမ်းကြောင်းမှာတော့ ခဏနားနေဖို့ကလွဲလို့ မတက်မတ်ကောင်းပေ။

မရှိခြင်းနှင့် ဘဝ
မိသားစုရှိရာကို အချိန်ရတိုင်း သွားလည်ဖြစ်ပေမဲ့ အိမ်လေးနှင့် မိဘပိုင်ဆိုင်မှုများကိုတော့ (အမွေအတွက်၊ ရလိုမှုအတွက်) မမျှော်လင့်တက်တော့။ နေထိုင်ခဲ့ဖူးရာ တိုက်တာတွေရဲ့ တက်လမ်းမဲ့ အခွင့်အရေးတွေကိုလည်း ငြင်းပယ်ခဲ့ဖူးပြီ။ ဆရာသမားတွေကို ဦးခိုက်ဖို့အတွက်တော့ မပျက်ကွက်ခဲ့ပေ။ ရောက်လေတိုင်း ၀င်ရောက် ကန်တော့ဖြစ်ခဲ့၏။ ဘ၀သမားဆိုတော့ ဟိုနေရာမမြဲ၊ ဒီနေရာမတည်။ ကိုယ်ပိုင်နေရာဟူ၍ အတည်တကျမရှိသေး၊ တွယ်တာဖို့ဝန်တစ်ခုတော့ ပေါ့တာပေါ့။ တစ်စုံတစ်ခုကို တမ်းတမ်းစွဲမဖြစ်တက်တော့ နေရာတာစိတ်ချမ်းသာ၏။ လိုချင်မှုနည်းလေ စိတ်ချမ်းသာလေ ဖြစ်နေသလားပင်။ တစ်နေ့တော့ မလိုချင်လဲ လိုအပ်လာမည်။ သိတော့သိသည်။ ဒါပေမဲ့ ........

ခေတ်သစ်ရဟန်းတစ်ပါး အတွက်လိုအပ်ချက်ကို ကျင်လည်နေတဲ့ဝန်းကျင်မှ ဖြည့်ဆည်းပေးကြ၏။ ရောင့်ရဲ ခြင်းဖြင့် ခံစားတက်ခဲ့၏။ ရှိခြင်း မရှိခြင်းကို ရောစပ်သုံးဆောင်တက်၏။ အပိုမရှိ ရှိတာလေးနဲ့ လောက်ငှအောင်ပုံဖော်ခဲ့ရ၏။ အမွေမရှိ၊ အိမ်မရှိ၊ မိဘ ဆရာသမား နောက် ဆွေမျိုး ဉာတိမိတ်ဆွေသင်းပင်း စတာတွေပေါ်မှာ သံယောဇဉ်ခပ်ပါးပါးရှိတာကလွဲလို့ ပူပင်မှုကင်းကင်းဖြစ်၏။ တကယ်တော့လဲ ရဟန်းဘ၀ ဆိုတာ မရှိခြင်းဖြင့် ချမ်းသာနေရပါလားဟု ရှုမြင်နေတက်သည်သာ။


Thursday, May 6, 2010

ကျွန်တော် ချာလီချက်ပလင်ပါ



တစ်နေ့ စိတ်ကုဆရာဝန်ထံသို့ လူနာတစ်ဦးရောက်လာ၏။

လူနာ။ ။ “ဆရာ ကျွန်တော် အခုတစ်လောစိတ်မရွှင်ဘူး ဖြစ်နေတယ် ဘယ်လိုလုပ်သင့်သလဲ”
ဆရာဝန်။ ။ “ ခင်များမှာ စိတ်ဖိစီးမှုတွေများနေတယ် ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ချာလီချက်ပလင်ရဲ့ ဟာသရှိုးကို သွားကြည့်သင့်တယ်”

ဆရာဝန်မှအကြံပြုခြင်းဖြစ်၏။

လူနာ။ ။ “ ကျွန်တော်ဟာ ချာလီချက်ပလင်ပါပဲဆရာ” တဲ့။

ဆရာဝန်ဘာပြောရမှန်းပင်မသိတော့ပေ။

ဟုတ်သည် ဘ၀မှာ စိတ်ညစ်စရာမရှိတဲ့လူဟူ၍ မရှိ။ ငယ်စဉ်ကတည်းက စိတ်ညစ်စရာကို တက်နိုင်သမျှရှောင်ပြီး စိတ်ရှင်းရှင်းဖြစ်အောင် နေထိုင်နိုင်ဘို့ ကြိုးစားခဲ့ဖူး၏။ ပတ်ဝန်းကျင်ကို ရယ်စရာများဖြင့် ပျော်ရွှင်စေခဲ့ဖူး၏။ အထူးသဖြင့်ရင်းနီးနေတဲ့ သူတွေနဲ့ဆိုရင် ခပ်ပျော်ပျော်နေခဲ့မိ၍ အလေးအနက်မထားတက်သူ ဟူ၍ပင် တံဆိပ်ကပ်ခံရဖူး၏။ အနေများတော့ နားလည်သွားကြသည်သာဖြစ်၏။

မြန်မာပြည် မိမိနေထိုင်ရာကျောင်းမှာဆိုလျှင် စာသင်ပေးစဉ်ဖြစ်စေ၊ ဦးဇင်းကိုရင်တွေနဲ့ စကားပြောလျှင်ဖြစ်စေ ပျော်ရွှင်စရာလေးများရှာကြံ ပြောပြလေ့ရှိ၏။ ကိုယ့်ထက်ဖန်တီးမှုသာတဲ့သူဆိုလျှင် နားထောင်၍ပျော်၏။ ဘယ်လောက်ပင် စိတ်ညစ်နေပါစေ ပျော်ပျော်နေတက်၊ ပျော်အောင်လုပ်တက်လွန်း၍ “ဦးဇင်းက စိတ်မဆိုးတက်၊ စိတ်မညစ် တက်ဘူးလား၊ ဦးဇင်းလိုဖြစ်ချင်လိုက်တာ ” တဲ့။ အမေးခံရဖူး၏။ ဆရာတော်မှလည်း လူကြီးလိုမနေပဲ လူငယ်တွေ (တကယ်တော့ လူကြီးစစ်စစ်မဟုတ်သေး၊ ကျောင်းမှာတော့ ဦးဇင်းငယ်၊ ကိုရင်ငယ်များကို အုပ်ချုပ်ရသည့်အတွက် လူကြီးဟုပြောခြင်းပင်)နဲ့ တစ်ရုံးရုံးရယ်မောနေတော့ ခဏခဏဆူခဲ့ဖူး၏။ တာဝန်နဲ့ ၀တ္တရား ပျက်လောက်အောင်တော့လဲ မဖြစ်ပေဘူးကို။ စိတ်ဆိုးညစ်တယ်၊ စိတ်ဆိုးတယ်ဆိုတာ ဖြစ်တော့ ဖြစ်တာပဲ ဖျောက်ပစ်ရတာပဲလေ၊ အဲဒါကြီးကို သိမ်းထားလို့လဲ အကျိုးမှ မရှိတာပဲကိုး။

ဘ၀ကို ပင်လယ်ခရီးသွားလှေလိုသဘောထားပြီး အရပ်ရှစ်မျက်နှာမှ ရိုက်ခတ်လာမည့် လှိုင်းတွေဆိုတာရှိမည်။ လှိုင်းရိုက်ချက်ကြောင့် ရေတို့သည် ကျော်သွားတာရှိသလို၊ လှေထဲဝင်လာ တာလဲရှိမည်ပင်။ လှေထဲ ၀င်လာတဲ့ရေကို ချက်ချင်း ပတ်မထုတ်ပဲ ထိုင်စိတ်ညစ်နေလို့ကတော့ လှေနစ်ဖို့ပဲရှိ၏။ ရေပတ်ထုတ်ပြီးမှာ နောက်ထပ်လာမည့် လှိုင်းကို လှေဦးနဲ့ ရင်ဆိုင်မှာလား ဘယ်လိုရင်ဆိုင်သင့်သလဲ စဉ်းစားဖို့ပင်ဖြစ်၏။

လူ့ဘ၀ဟူသည်လည်း ဤသို့ပင်၊ ကိုယ့်ပယောဂကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်ကြောင့်ပင် ဖြစ်စေ လောကဓံ သဘာဝအရ စိတ်ညစ်စရာ၊ စိတ်ဆိုးစရာ၊ စိတ်ဆင်းရဲစရာတို့သည် လူတိုင်းတွေ့ကြုံရမည်မှာ အမှန်ပင်ဖြစ်၏။ ပေါ့ပေါ့ပါးပါး ရင်ဆိုင်တက်လျှင်တော့ စိတ်တွင်းမှာ လှိုင်းတို့ရေရှည်မတည်နိုင်ပေ။

“ပျော်ပျော်နေသေခဲ၊ မော်တော်နေရေထဲ” ဆိုတဲ့ စကားလေးအတိုင်းပင် နေတက်အောင်ကြိုးစားခဲ့မိ၏။ ပေါ့ပါးခြင်းနှင့် ပေါ့ပေါ့နေခြင်းသည် ကွာ၏။ စိုးရိမ်မဲ့၊ ကြောင့်ကြမဲ့၊ စည်းကမ်းမဲ့ မဲ့သုံးမဲ့ကိုရှောင်ရမည်ဟု ဆုံးမစကားလေးကိုတော့ ငယ်စဉ်က ဖတ်မှတ်ဖူးခဲ့၏။ ပျော်ပျော်နေမိသည့်အတွက် ထိုစာရင်းထဲ သွင်းကြတယ်ဆိုလျှင်တော့လဲ မတက်နိုင်ပေ။ အဲဒီလောက်အထိတော့ ပေါ့ပျက်ပျက်မနေခဲ့ဖူးပေ။ လောဘ ဒေါသကင်းနေသည်တော့မဟုတ်၊ လောဘလဲရှိ၏၊ ဒေါသလဲရှိ၏။ အသေးအဖွဲကိစ္စလေးတွေကို စိတ်ဆိုး၊ စိတ်ညစ်မှုကင်းခြင်းပင်။ ဖြစ်စဉ်ခဏတော့ ခံစားရသည်ရှိမည်။ နောက်တော့ ခပ်ပေါ့ပေါ့ဖြင့် ဖျောက်ပစ်နိုင် လိုက်သည်သာ။

ပျော်တက်ပါသည်။ စိတ်ညစ်စရာမရှိလို့တော့မထင်လိုက်ပါနှင့်လေ။ ချာလီချက်ပလင် လိုပင် ပြောလိုက်ရပေ တော့အံ့.. “ကျွန်တော်က ချာလီချက်ပလင်ပါ” လို့။

ထာဝရပျော်ရွှင်နိုင်ကြသူများဖြစ်ကြပါစေ.......

Wednesday, May 5, 2010

ဆန့်ကျင်ဘက်



နေရာလေးကား အေးချမ်းလှ၏။ အချိန်ကား ညနေစောင်း။ တောင်စွယ်နေကွယ်ချိန်ဆိုတာ ဒီလိုအချိန်ကိုများ ပြောခဲ့လေသလား။ စေတီတော် ဆီမှ ဆည်းလည်းသံတို့ပျံ့လွင့်လျှက်။ ဗောဓိပင်စိုက်ပျိုးထားရာ နေရာလေး၌ အေးဆေးစွာထိုင်နေမိခြင်းပင်။ ညနေတိုင်း ဒီနေရာလေးမှာ လာရောက် ကွန်းခိုနေကျပင်၊ တစ်ခါတစ်ရံ သူငယ်ချင်းများနှင့် တစ်ခါတစ်ရံ တစ်ယောက်တည်း။ အပူပင်ကင်းစွာ စကားပြောကြ၏။ အေးချမ်း၏၊ ငြိမ်းချမ်း၏၊ ယာယီအားဖြင့်ပေါ့။

အနောက်ဆီမှာ နေမင်းကြီးငုတ်လျှိုးပျောက်ကွယ်နေပုံ၊ အိပ်တန်းဝင်ကျေးငှက်များရဲ့ တေးသီသံ၊ နောက် တောသဘာဝကို တစိမ့်စိမ့်ခံစားရင် တခဏတာ နားခိုရတဲ့ အရသာဟာ ဘာနဲ့မှ ဖော်ပြလို့မရနိုင်ပေ။ တဒင်္ဂသုခလေးပင်ဖြစ်ပေတော့သည်။ ကျောင်းတည်ရှိရာသည် မြို့အစွန် တောကျကျအရပ်မှာဖြစ်၍ မြို့တွင်းမှာလိုတော့ ဆူညံခြင်းသိပ်မရှိလှပေ။ ရွာအကြောင်းစဉ်းစား ချင်စဉ်းစားမည်၊ အမေအိုအကြောင်းလဲ ပါမည်။ စိတ်ကို ကြိုက်သလိုရွက်လွှင့်ခွင့်ရနိုင်လေသည်။ တရားမှတ်ချင်မှတ်မည်လို့တော့ မပြောချင်ပေ။ လုပ်နိုင်တာမဟုတ်ပဲနဲ့တော့ ဇာမချဲ့ချင်ပေ။ တရားမမှတ်ပေမဲ့ ထိုအချိန်လေးအတွင်းမှာ ငြိမ်းချမ်းမှုလေးတော့ ရရှိနေသည်။

......................................

ခွမ်း ဂလုံ.. ဂလွမ်း ..

အိုးခွက်များ ပစ်ပေါက်ခွဲသံနဲ့ ကြည်နူးစရာ ညနေခင်းလေးကို ခပ်ကြမ်းကြမ်း စတင်ခြင်းဖြင့် ညစ်နွမ်းစေခဲ့ပြီ။

ဟိုက် သွားပြီ။ စိတ်ချမ်းသာမှုလေး၊ ထိုင်နေမိသည်က ရပ်ကွက်နှင့်အနီးဆုံးနေရာမှာ။ ခပ်လှမ်းလှမ်း ရပ်ကွက်စုလေးဆီက အသံများ။ လက်လုပ်လက်စား မိသားစု အများနေထိုင်ရာ ရပ်ကွက်လေးပင်။ လက်သမားဆရာရှိသည်၊ ကြုံရာကြပန်းလုပ်ကိုင်စားသောက်သူရှိသည်။ ကလေးတွေအများကြီးနှင့် မိသားစုလဲ ပါသည်။ မိန်းမသားတွေက အိမ်တွင်းမှုအဖြစ် ဆေးလိပ်ခုံမှ အလုပ်ကို အိမ်ယူပြီး တစ်ဖတ်တစ်လမ်းမှ အပိုဝင်ငွေရှာကြသည်။ ပြေလည်သည်ဆိုတာတော့ ထီပေါက်သလိုပင်။ တစ်ခါတစ်ရံ ငွေကြေးအကူအညီလေး တက်နိုင်သလောက်ပေးဖူး၏။

ဒီမိန်းမ အိမ်မှာနေပြီး ဘာလုပ်နေလဲ “ ............ ”တဲ့မှာပဲ။ ပြန်လာလို့ စားစရာ အဆင်သင့်မဖြစ်လောက်အောင် ဘယ်အလေလိုက်နေလို့လဲ.. ပြောလိုက်သည့်စကားက မကြားဝံ့မနာသာ။

အသိမိသားစုတစ်ခုမှဖြစ်သည်။ ယောက်ျားဖြစ်သူမူးမူးနဲ့ ပြန်လာ၊ အိမ်မှာ ထမင်းမချက်တာက စတယ်ထင်ပ။ ဖြစ်နေကြတာလေ။ ဒီနေ့ဝင်ငွေသည် နောက်နေ့ဈေးဖိုး၊ ကလေးတွေ ကျောင်းစရိတ်၊ အိမ်အတွက်လိုအပ်ချက် စတာတွေကို ဟန်ချက်ညီအောင်ဖြည့်ဆီးဖို့ဆိုတာ မလွယ်ကူကြပေ။ ရေကို မိမိနေထိုင်ရာကျောင်းမှ နေ့စဉ်ကုသိုလ်ပြုထားလို့ ရေအတွက်မပူပင်ရပေ။ ဒါပေမဲ့ အိမ်ခြေ တစ်ရာနီးပါးဆိုတော့ အချိန်ကန့်သတ် ထားရတဲ့အတွက် လောက်ငှရုံလောက်သာ။

နေ့စဉ်ထိတွေ့ဆက်ဆံနေရတော့ သိနေ၊ မြင်နေ၊ ကြားနေရ၏။ စိတ်မကောင်းစရာ။ ကျေးရွာတွေမှာ လုပ်ကိုင်စားသောက်လို့အဆင်မပြေတော့ မြို့တက် ရရာနေရာလေးမှာ တူရာတူရာ ရပ်ကွက်လေးအဖြစ် စုပြီးနေထိုင်ကြခြင်းဖြစ်၏။ အဆင်မပြေမှုဆိုတာကိုတော့ ဘာကိုအပြစ်တင်ရမှန်းမသိတဲ့ သူများပင်။ ပညာရေး၊ ကျန်းမာရေး၊ စည်းပွားရေး အစစအရာရာ နောက်ကျနေခြင်းကို ခါးစည်းခံနေရ၏။ စိတ်မကောင်းဖြစ်မိရုံ ကလွဲလို့ မတက်နိုင်ပေ။ ချမ်းသာသူများကြတော့လည်း ထားစရာပင်မရှိအောင် ကျိကျိတက်ပင်၊ သူတို့တွေရဲ့ဘ၀နဲ့တော့ ကွာချင်တိုင်းကွာနေပေတော့သည်။ အင်း သံဝေဂရစရာပင်။

သူတို့ရဲ့ ငြီးညူသံ၊ ရန်ဖြစ်သံတွေကို နေ့စဉ်းကြားနေရ၏။ အခုလည်း စိတ်ငြိမ်းချမ်းမှုလေး ရမယ်ကြံသေးတယ် သွားပြီ။ ယောက်ျားဖြစ်သူသည် မသောက်မစားခင်တော့ အကောင်းပင်။ ဖြစ်ခဲ့သမျှအတွက် နောင်တတရားတို့ဖြင့် ရင်ဖွင့်လေ့ရှိ၏။ ကိုယ်တိုင်က မဖြစ်သင့်တဲ့အကြောင်းကိုတော့ သဘာဝယုတ္တိရှိရှိ ဖြစ်အောင် ကျိုးစား၍ ပြောဟော တက်ခဲ့သေး၏။ ဆရာလုပ်မိသောကြောင့် လောကအကြောင်း မသိဘူးဟု အပြောခံရသည် များလည်းရှိ၏။ ဟုတ်တော့လဲ ဟုတ်သည်သာ၊ ဆရာလုပ်ချင်တာပဲသိပြီး လောကအကြောင်း ဃဃနနမှ မသိပေပဲကိုး။ မတက်နိုင် ပြောဖို့ ဖန်လာတော့ပြောပြမိသည်သာ။

...................................

ညနေချမ်းလေးကား ပျက်စီးခဲ့ပြီတကား...... မျိုးကြီးရဲ့ သိချင်းထဲကလို့ “တကယ်ကို ဆန့်ကျင်ဘက်” လို့သာ အော်ဆိုလိုက် ချင်မိတော့သည်။


Tuesday, May 4, 2010

သူသင်ပေးတဲ့ ရင်ဆိုင်ခြင်းအတက်ပညာ



“မင်း ဆော့လို့ ကျကွဲတာလား၊ မနိုင်လို့ ကျကွဲတာလား”


ဖခင်ရဲ့အမေးစကားပါ၊ ဖြစ်ပုံက အိမ်မှာကြော်စားဖို့ ကြက်ဥသွားဝယ်ခိုင်းလိုက်တာ လမ်းမှာ ဆော့လာမိတော့ ကြက်ဥတွေအကုန်လုံးကျကွဲကုန်တယ်။ မိခင်နဲ့ ဖခင်ကတော့ သေသေချာချာကိုင်ခဲ့ဖို့၊ နောက် ထည့်စရာပါ ပေးလိုက်ပြီး သေချာမှာတာပါပဲ။ ငယ်ရွယ်သူဆိုတော့ ဘယ်သိမလဲ လမ်းသွားရင်း ဆော့လာတာ။ တစ်နေရာရောက်တော့ လက်ထဲက ကြက်ဥတွေထည့်လာတဲ့ ဇလုံလေးလဲကျရော အားလုံးကွဲကုန်တော့တာပဲ။ တောအရပ်မှာ ဆိုတော့ သဘာဝကြက်ဥကို မွေးပြီးရောင်းတဲ့ဆီမှာဝယ်ရတာ။ အဲဒီခေတ်ရဲ့တန်ဖို့နဲ့ဆို တစ်လုံးမှ တစ်မတ်လောက်ပါပဲ။ ခေတ်နဲ့တွက်ရင်တော့ ဈေးကြီးသလိုပင်။

လမ်းမှာကျကွဲခဲ့ပြီး အိမ်ကို ပြန်ရောက်တယ်ဆိုရင်ပဲ၊ ဖခင်ကြီးက စစ်မေးတော့တာပဲ။

“ဘယ်လိုဖြစ်လို့ ကျကွဲကုန်တာလဲ”

“လက်က မနိုင်လို့ပါ”

အရိုက်ခံရမှာစိုးလို့ လျှောက်လဲလိုက်တဲ့ဆင်ခြေပါ။ ကြက်ဥလေး ငါးလုံးလောက်ကို မနိုင်စရာမှမရှိတာ။ အဲဒါကို ဖခင်ကြီးက မကျေနပ်ဘူး။

“မင်းကို မွေးထားတာ ခြေလက်အင်္ဂါအစုံနဲ့၊ မင်းမနိုင်လို့ကျကွဲတယ်ဆိုတာ အင်မတန် ရှက်စရာကောင်းတယ်၊ မင်းလမ်းမှာ ဆော့လာလို့ ကျကွဲတယ်ဆိုတာ တော်သေးတယ် ” တဲ့။

ဟိုက် ဘယ်နှာ့ကြီးလဲပေါ့၊ ထင်ထားတာက ဆော့လို့ကျကွဲတယ်ဆိုရင် အရိုက်ခံရမယ်၊ မနိုင်လို့ကျကွဲ တယ်ဆိုရင် အထောင်းသက်သာမယ်ပေါ့။ အခုတော့ ဖခင်ကြီးပြောတာက တစ်မျိုးဖြစ်နေတာပေါ့။ ကလေးအတွေးကိုး။ အခုတော့ ဖခင်ကြီးလဲ အရှင် ရှစ်နှစ်သားအရွယ် ငယ်ရွယ်စဉ်မှာပင်ကွယ်လွန်ခဲ့ပါပြီ။ မှတ်မိသလောက် သူဆုံးမခဲ့ဖူးတာဆိုလို့ အဲဒီတစ်ချက်ကိုပဲ တစ်သက်တာ မှတ်မှတ်ရရရှိနေတော့၏။ အဖြစ်အပျက်ကို လက်တွေ့ကျကျရင်ဆိုင်ခြင်း အတက်ပညာကို သင်ပေးလိုက်ခြင်းပင်။

နုနယ်သေးတဲ့ ကလေးတစ်ယောက်အပေါ်မှာ ထားတဲ့ သူရဲ့စိတ်ဓာတ်နဲ့ ဆုံးမပုံက တစ်သက်မေ့လို့ မရနိုင်အောင်ပါပဲ။ မစဉ်းစားပဲ ရိုက်မယ်ဆိုရင် ရိုက်လို့ရရဲ့၊ ဆော့တယ် ဆိုတဲ့အမှုနဲ့လေ။ အခုတော့ အချက်ကျကျ ပြောပြဆုံးမသွားလိုက်တာ တန်ဘိုးရှိလိုက်တဲ့ စကားတစ်ခွန်းပါပဲ။

ဘ၀ထဲမှာ ကျင်လည်နေရတော့လည်း ဒီလိုအဖြစ်မျိုးတွေကြုံလာခဲ့ရင် မဖြစ်နိုင်တဲ့ ဆင်ခြေတွေ ပေါပေါမပေး မိဖို့ သတိဝင်စရာပေါ့။ သူကွယ်လွန်ခဲ့သော်လည်း သူ့ရဲ့ ဆုံးမစကားလေးတစ်ခွန်းက ဘ၀အတွက် အားဆေး သဖွယ်ပါပဲ။ မွေးပေးထားတာ ခြေလက်အင်္ဂါစုံတယ်၊ မနိုင်လို့ကျကွဲတယ်ဆိုတာ မဖြစ်နဲ့၊ ကျကွဲရခြင်းရဲ့ အကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်ရမယ်၊ နောက်ဆင်နိုင်ရမယ်ဆိုတဲ့ အသိကို ရရှိစေခဲ့၏။

ဘ၀မှာ အကျအရှုံးတွေအများကြီးကြုံဖူး၏။ ကိုယ်တိုင်ညံ့ဖျင်းလို့ ကျရှုံးရခြင်းကို ရင်မဆိုင်ရဲပဲ ဆင်ခြေတွေနဲ့ ပိတ်ဖုံးခဲ့ဖူး၏။ ဒါပေမဲ့ မရ၊ အကြောင်းရင်းတော့ ရှာရစမြဲပင်ဖြစ်လေ၏။ ဘာကြောင့်၊ ဘာလို့ဆိုတာတွေဟာ ဖြစ်စဉ်တစ်ခုရဲ့နောက်မှာ ကပ်ပါလာတာပဲ။ ရင်ဆိုင်ရဲပြီး ပြင်ဆင်တက်ဖို့ပဲလို၏။ အမှားကိုသိတဲ့အချိန်ဟာ ဘယ်တော့မှာ နောက်မကျသေးဘူး လို့ဆိုရိုးစကားလေးကြားဖူး၏။ ပြင်ဆင်စရာ အမှားများစွာ ကျန်နေပေသေးသည်။ ဆက်လက်ပြုပြင်နိုင်ဖို့ အားထုတ်ရပေဦးတော့မည်။


အဖိုးတန် ဆုံးမစကားလေးနဲ့ စိတ်ဓာတ်ကို ထိန်းမတ်ပေးခဲ့သော ဖခင်ကြီးအား သတိရစွာဖြင့်။


Monday, May 3, 2010

လောကီ သက်သက်


သပိတ်မပါတဲ့ ပရိက္ခရာနည်းနည်း
အိုင်တီ ပစ္စည်းအချို့ရယ်
ကိုယ်နဲ့တစ်ပါတည်းသယ်လို့
မိဂဒါဝုန်တောတွင်း
ခိုဝင်နားမိပေါ့

အသီးသီးရှာဖွေတွေ့ရှိခဲ့တဲ့
သစ္စာတရားတွေ စိုက်ပျိုးတဲ့နေရာမှာ
ကိုယ်တိုင်ဟာ
ရှာဖွေနေသူတော့မဟုတ်တော့
စားသုံးသူစာရင်းထဲမှာ
မပါနိုင်ခဲ့ဘူး

ဖတ် မှတ် ကျက်
သုံးလုံးနဲ့
ဘ၀တစ်ခုလုံးကို မြှုပ်နှံလို့
အောင်မြင်ခြင်းမနက်ဖြန်တွေ
လှပစွာပွင့်လန်းနိုင်ဖို့အရေး
တွေးရင်း တွေးရင်း
ဘ၀မိုးလင်းအောင်တော့
စောင့်ရဦးတော့မယ်


Sunday, May 2, 2010

ရှင်သစ္စာနှင့် ပေါက်တက်ကရ



ဘလော့ဂ်လေးတစ်ခုဖွင့်ပြီး စာတွေရေးနေမိတယ်။ ကြုံရာကျပန်းပါပဲ။ ဘာသာရေးလဲ တစ်စိုက်မတ်မတ်မဟုတ်။ ဘာတွေမှန်းတော့မသိ၊ ရေးမိရေးရာရေးဖြစ်ခြင်းသာ။ ကဗျာလဲပါတယ်။ အစုံပဲ စိတ်ကူးတည့်သလို ရေးမိခြင်းဆိုလျှင်တော့ ပိုမှန်မည်ထင်သည်။ စိတ်ကူးကတော့ ပယ်မည့်သူ အယ်ဒီတာမရှိ၊ စာဖတ်သူသည်သာ အယ်ဒီတာ၊ စာဖတ်သူကြိုက်ရင် ဖတ်သွားလိမ့်မည်။ မကြိုက်ရင်ကျော်သွားလိမ့်မည်။ ဘာမှတော့ လွမ်းစရာမရှိပေ။ စာရေးဆရာမှ မဟုတ်တာပဲ။ လက်ဆော့မိတာလေးပဲရှိတာကိုး။ ကိုနောပြောသလိုပဲ အရှက်ဝတ္ထုကြီးကိုတော့ ဘာသာပြန်နေပါပြီ.. ရဟန်းဖြစ်လို့တော့ ကျော်မှာမဟုတ်ဘူး.. အကုန်ပြန်မှာတဲ့လေ။ အခုလဲ ရဟန်းဖြစ်နေလို့တော့ ၀ိပဿနာပိုင်း၊ ပိဋကတ်ပိုင်း ဘာသာရေးပိုင်းတွေပဲ ရေးနေမှာ မဟုတ်ဘူး၊(သိမှမသိတာကိုး) ကြုံရာပဲရေးမှာ ( မှတ်ချက်အေးဆေး။ ) စကားလုံး လေးခဏသုံးမယ်နော် ကိုနော။

အခုလည်း ဟာသလေးတစ်ပုဒ်ကြားဖူးတာကို ရေးလိုက်ဦးမယ်နော်။

မြန်မာ့ဓလေ့မှာ၊ အထူးသဖြင့် ကျေးလတ်ဘုန်းကြီးကျောင်းတွေမှာ ဆရာတော်သောက်ရေအိုး၊ ကိုရင်များ အတွက် သောက်ရေအိုး၊ နောက် ကျောင်းသားလေးတွေအတွက်သောက်ရေအိုးစသဖြင့် ခွဲခြားထား လေ့ရှိကြ၏။ ယနေ့ခေတ်မြို့ပြတွေမှာတော့ ဒီလိုအနေအထားတွေ သိပ်ပြီးမရှိတော့၊ သန့်ရှင်းမှုရှိဖို့တစ်ခုပဲ စာတမ်းလေး ချိတ်ဆွဲထားပြီး အားလုံးအတူတူ သောက်သုံးခွင့်ရှိနေကြပြီ။

တစ်နေ့ ရွာထဲမှာ ကျောင်းဒကာမကြီးနဲ့ သူ့မြေးလေးက ကျောင်းကိုလှူဖွယ်တွေ လာလှူတယ်။ ကလေးက ရေဆာတော့ ဘုန်းကြီး သောက်ရေအိုးကိုသွားပြီး သောက်ဖို့ကြံတာပေါ့။ ဘုန်းကြီးလဲ ကျောင်းဒကာ မကြီးရဲ့မြေးဆိုတော့ မပြောသာတော့ဘူး။ ဒါနဲ့ ကျောင်းဒကာမကြီးကလဲ သိတယ်.. သူ့မြေးလေးကို မသောက်နဲ့လို့လဲ မဟန့်ရဲဘူး .. “ဟဲ့ မြေးလေး အဲဒါဘုန်းကြီးသောက်ရေအိုးကွဲ့” လို့ လှန်းပြောလိုက်တယ်။ ကလေးကပြန်ပြော လိုက်တာကတော့....... “ရပါတယ် ဖွားဖွား.. သားက မရွံတက်ပါဘူးတဲ့” .. လေ။ ကဲ သေရော။

တွေးကြည့်ရင်တော့ ဟာသဆန်နေတာပဲ။ ဟာသလိုတွေးရင်ပြောတာပါ။ တကယ် တွေးကြည့်တော့မှ ဒါဟာ ကလေးတွေ ဘာသာရေး အခြေခံယဉ်ကျေးမှုနဲ့ဝေးနေတယ်ဆိုတာကို မီးမောင်းထိုးပြနေသလိုပဲ။ ကလေးဘ၀မှာ သိသင့်သိထိုက်တဲ့ ဘာသာရေး အခြေခံအားနည်းမှုကို သွားမြင်မိ၏။ ကျောင်းဒကာမကြီး ဆိုတော့ ချမ်းသာမှာအမှန်ပင်၊ ချမ်းသာသလို သူ့သား သမီး၊ သူ့မြေးတွေကို ခေတ်ကျောင်းတွေမှာပဲ ပညာသင်စေမှာပဲလေ။ တစ်ခါတစ်ရံကြုံကြိုက်မှာ ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့တာမျိုး ဖြစ်မည်ထင်၏။ ဒါကေတော့ ဟာသအပေါ်မှာဖြစ်မိတဲ့ ခံစားမှုတစ်ခုပင်။ ဒီလိုပါပဲ စာပေမှန်သမျှဟာ တစ်နည်းနည်းနဲ့တော့ ရသ၊ သုတ စတဲ့ပညာပေးလေ့ရှိနေတာပါပဲ။ ဖတ်တဲ့လူတွေးဖို့ပဲလေ။ ဘယ်စာပေမှ ပညာမပေးတဲ့စာပေ ရယ်လို့တော့မရှိပေ။ စာအရေးအသားကောင်းတာ၊ ညံ့တာတော့ရှိချင် ရှိမည်။ အားလုံးဟာယူတက်ရင်တော့ ပညာတွေချည်းပင်ဖြစ်၏။ ဒါ့ကြောင့်တွေ့သမျှ၊ လက်လှမ်းမီသမျှစာတွေကို ကားတွန်းကအစဖတ်ဖူးခဲ့၏။ ကိုယ်တိုင်ညံ့တာတော့ သေချာပါတယ်။ (မပြောလဲသိတယ်)။

ဒီလိုနဲ့ ဘလော့ဂ်ခရီးကိုစမိတဲ့ ရှင်သစ္စာလဲ ရေးမိသည်။ သိတာတွေရေးသည်၊ ဖတ်ဖူးတာတွေရေးသည်။ အနှစ်ပါချင်လဲပါမည်။ (မပါဘို့ကတော့သေချာပါတယ်)။ ဖတ်ပေးတဲ့ သူတွေကို ချမ်းသာလို့ မွေးနေ့ပွဲ လုပ်ဖြစ်ရင် အားလုံးဖိတ်ဖို့စိတ်ကူးရှိပါသည်။

ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာလေးက အားကျစရာ။ မတန်တရာ တုတယ်လို့တော့ မထင်ကြပါနှင့်။ သူ့ခံယူချက်လေးအားကျမိလို့ပါ။ အနူလက်နဲ့ ရွှေခွက်နှိုက်သလိုဖြစ်ပြီး ၀ဲပေါက်မှာတော့ ကြောက်မိပါသည်။


သစ္စာ

ငါ့စာဖတ်၍၊ မမြတ်တိုင်စေ
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ
တွေ့ငြားပေမူ၊ စာပေကျွေးကျွန်
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူပေါ်
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ
မလုပ်ပါတည်း။
(တက္ကသိုလ် ဘုန်းနိုင်)


Saturday, May 1, 2010

ပုထုဇဉ်တစ်ယောက်၏ ချဉ်ခြင်း


မျိုသိပ်ရပါများတော့
ခံစားချက်တွေတနင့်တပိုး
လူမမြင်အောင်ထုတ်ပိုးထားတဲ့
ကျောက်ဆစ်လိုနှလုံးသားတစ်စုံ
င့ါရဲ့ဘယ်ဘက်ရင်အုံအောက်မှာရှိနေတယ်

အချစ်နဲ့ မကင်းကြတဲ့လောကမှာ
လူတိုင်းဟာ ကျူးလွန်နေကြတာပဲ
ငါလည်း
ချစ်လိုက်မယ်
ပုထုဇဉ်ဆိုတဲ့ ခပ်ရိုးရိုးလျှောက်လဲချက်လေးနဲ့ ကာကွယ်လို့
ကိလေသာတွေဆိုတဲ့ စကားလုံးတစ်မျိုးနဲ့
ပစ်ပေါက်တာတော့ ခံရမှာပဲ

လူထဲက လူသားတစ်ယောက်အတွက်
ခံစားမှု လွန်းတင်ဆွဲထားရလွန်းတာ
အင်း
ဖြစ်သင့်သလား ?
ချစ်သင့်သလား ?
ပါရမီရင့်သူတွေတော့ ခပ်ရှင်းရှင်းနေနိုင်ပေမဲ့
ငါလိုလူအတွက်တော့
ဟန်ဆောင်ထိန်းချုပ်ခြင်းဆိုတာကိုက
ပင်ပန်းလွန်းလှတယ်

(ပုထုဇဉ်ရိုးရိုးများအတွက် သင့် မသင့် မဲခွဲဆုံးဖြတ်ကြမယ်နော်)